18
တစ်ဖန်၊ ငါသို့ရောက်လာသောထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊ ဘိုးဘေးတို့သည်၊ ချဉ်သောစပျစ်သီးကို သုံးဆောင်ခြင်းကြောင့်၊ သားမြေးတို့သွားကျိန်းခံရကြသည်ဟူသော စကားပုံကို၊ ဣသရေလပြည်၌အဘယ့်ကြောင့်သုံးကြ သနည်း။ အသက်တော်ကိုတိုင်တည်၍၊ ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ထိုစကားပုံကိုဣသရေလပြည်တွင် သုံးရတော့မည်မဟုတ်။ လူဟူသမျှသည် ငါပိုင်ဖြစ်၏။ အဘဖြစ်သူကိုငါပိုင်သည့်နည်းတူ၊ သားဖြစ်သူ့ကိုလည်းပိုင်၏။ ပြစ်မှားသူသာလျှင် သေဒဏ်ခံရလတ္တံ့။ အကြင်သူသည်ဖြောင့်မတ်လျက်၊ တရားသဖြင့်ဖြောင့်မတ်စွာဆောင်ရွက်သူဖြစ်၍၊ ဣသရေလအမျိုးသားတို့ရှိခိုးသောရုပ်ပွားများကိုဖူးမြင်လျက် တောင်များပေါ်တွင်စားသောက်ခြင်း၊ သူ့မယားကိုရှုတ်ချခြင်း၊ ရာသီရောက်သောမိန်းမနှင့် ဆက်ဆံခြင်း၊ 7-8 အတိုးအမြတ်စားခြင်းများနှင့်ကင်းလျက်၊ မည်သူ့ကိုမျှမနှိပ်စက်ဘဲ၊ အပေါင်ခံပစ္စည်းကိုပြန်ပေးခြင်း၊ မည်သူ့ကိုမျှမလုယက်ဘဲ၊ မွတ်သိပ်သူ့အားအစာကျွေးလျက်၊ အဝတ်မဲ့သူအားစောင်ခြုံခြင်း၊ အဓမ္မမှုကိုလက်ချုပ်တည်းခြင်း၊ လူအချင်းချင်း၌ သမ္မာတရားအတိုင်းဆုံးဖြတ်ခြင်း၊ သစ္စာစောင့်၍၊ ထုံးဖွဲ့တော်မူချက်များအရလိုက်လျှောက်လျက်၊ ဆုံးဖြတ်တော်မူသမျှစောင့်ထိန်းခြင်းများကိုပြုအံ့၊ ထိုသူသည်၊ ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ဖြောင့်မတ်၍ မုချအသက်ချမ်းသာရလတ္တံ့။
10 အကယ်၍သူရသောသားသည်၊ ထိုသို့အလိုက်မည်သည့်အရာကိုမပြုကျင့်ဘဲ၊ သူခိုး၊ သူသတ်ဖြစ်လျက်၊ 11 တောင်များပေါ်တွင် စားသောက်ခြင်း၊ သူ့မယားကိုရှုတ်ချခြင်း၊ 12 အပေါင်ခံပစ္စည်းကိုပြန်မပေးဘဲ၊ ဆင်းရဲနွမ်းပါးသူ့အား နှိပ်စက်လျက်လုယက်ခြင်း၊ ရုပ်ပွားများအား ဖူးမြင်ခြင်း၊ ရွံရှာဖွယ်အမှုကိုကျင့်ခြင်း၊ 13 အတိုးအမြတ်စားခြင်းတစ်ခုခုကိုပြုလျှင်၊ အသက်ချမ်းသာရမည်လော။ မရချေ။ ထိုရွံရှာဖွယ်မှုအပေါင်းကိုပြုကျင့်သဖြင့်၊ မုချသေဒဏ်ခံရမည်။ ချင်းအသွေးသည်၊ ချင်း အပေါ်၌တည်ရလတ္တံ့။
14 အကယ်၍သူရသောသားသည်၊ အဖပြုသောပြစ်မှုများကို သိမြင်၍ ကြောက်ရွံ့သဖြင့်၊ အဖအလိုက်၊ 15 ဣသရေလအမျိုးသားတို့ရှိခိုးသောရုပ်ပွားများကိုဖူးမြင်လျက် တောင်များပေါ်တွင်စားသောက်ခြင်း၊ သူ့မယားကိုရှုတ်ချခြင်း၊ 16-17 မည်သူ့ကိုမျှ နှိပ်စက်ခြင်း၊ အပေါင်ခံခြင်း၊ လုယက်ခြင်း၊ အတိုးအမြတ်စားခြင်း၊ ဆင်းရဲသူ့အားလက်ဖိခြင်းများကိုမပြုဘဲ၊ မွတ်သိပ်သူ့အား အစာကျွေးလျက်အဝတ်မဲ့သူ့ အားစောင်ခြုံခြင်း၊ ဆုံးဖြတ်တော်မူချက်များကို ပြုကျင့်လျက် ထုံးဖွဲ့တော်မူချက်များအတိုင်း လိုက်လျှောက်ခြင်းများကို ပြုလျှင်၊ အဖ၏ဒုစရိုက်အတွက်၊ သေဒဏ်မခံရ၊ မုချအသက် ချမ်းသာရလတ္တံ့။ 18 အဖမှာမူ၊ ဆွေမျိုးသားချင်းကို၊ နှိပ်စက်ညှဉ်းပန်းလုယက်ယူငင်လျက်၊ ကိုယ့်လူ့ဘောင်တွင် မကောင်းမှုကို ပြုကျင့်သည့်အတွက်၊ ကိုယ့်ဒုစရိုက်ကြောင့် သေဒဏ် ခံရလတ္တံ့။ 19 သင်တို့က၊ သားသည်အဘ၏ဒုစရိုက်ဝန်ကို၊ အဘယ့်ကြောင့်မထမ်းရသနည်းဟု ဆိုလေ့ရှိကြသည်တကား။ သားသည်တရားသဖြင့်ဖြောင့်မတ်စွာဆောင်ရွက်လျက်၊ ထုံးဖွဲ့တော်မူချက်ဟူသမျှကို စောင့်ရှောက်ပြုကျင့်ခဲ့လျှင်၊ မုချအသက်ချမ်းသာရလတ္တံ့။ 20 ပြစ်မှားသူသာလျှင် သေဒဏ်ခံရမည်။ သားသည် အဖ၏ဒုစရိုက်ဝန်ကိုသော်လည်းေကာင်း၊ အဖသည်သား၏ဒုစရိုက်ဝန်ကိုသော်လည်းေကာင်း၊ မထမ်းရ၊ ဖြောင့်မတ်သူ၏ဖြောင့်မတ်ခြင်းသည် ကိုယ့်အပေါ်၌လည်းေကာင်း၊ ဆိုးသွမ်းသူ၏ ဆိုးသွမ်းခြင်းသည် ကိုယ့်အပေါ်၌လည်းေကာင်း၊ တည်ရလတ္တံ့။
21 လူဆိုးသည်၊ ပြုဖူးသမျှသောပြစ်မှုများမှကြဉ်ရှောင်လျက်၊ ထုံးဖွဲ့တော်မူချက်အလုံးစုံကို စောင့်ရှောက်၍၊ တရားသဖြင့် ဖြောင့်မတ်စွာဆောင်ရွက်လျှင်၊ သေဒဏ် မခံရ၊ မုချအသက်ချမ်းသာရလတ္တံ့။ 22 ပြုဖူးသောလွန်ကျူးမှုများကို၊ အလျှင်းအရေးယူတော်မမူဘဲ၊ ပြုကျင့်သောဖြောင့်မတ်ခြင်းကြောင့်၊ အသက်ချမ်းသာရလတ္တံ့။ 23 လူဆိုးသေဒဏ်ခံရသည်ကို ငါနှစ်သက်သလော။ ကိုယ့်အလေ့အလာမှကြဉ်ရှောင်၍၊ အသက်ချမ်းသာရသည်ကိုနှစ်သက်သည်မဟုတ်လောဟု၊ ငါအရှင်ထာဝရဘုရားမေး၏။ 24 တစ်နည်း၊ ဖြောင့်မတ်သူသည်၊ ကိုယ့်ဖြောင့်မတ်ခြင်းမှဖောက်ပြန်၍၊ လူဆိုးပြုသမျှေသာရွံရှာဖွယ်မှုများအလိုက်၊ မတရားမှုကိုပြုကျင့်လျှင်၊ အသက်ချမ်းသာရမည်လော၊ ပြုဖူးသောဖြောင့်မတ်မှုများကို၊ အလျှင်းအရေးယူတော်မမူဘဲ၊ သစ္စာတော်ကိုဖောက်ကျော်၍ပြစ်မှားသောပြစ်မှုကြောင့် သေဒဏ်ခံရလတ္တံ့။ 25 သင်တို့က၊ အရှင်ဘုရား၏တရားနည်းလမ်းတော်မဖြောင့်ဟု၊ ဆိုလေ့ရှိကြသည်တကား၊ အိုဣသရေလအမျိုးသားတို့၊ နာခံကြဦး၊ သင်တို့အလေ့အလာသာမဖြောင့်၊ ငါ့တရားနည်းလမ်းဖြောင့်သည်မဟုတ်လော၊ 26 ဖြောင့်မတ်သူသည်၊ ကိုယ့်ဖြောင့်မတ်ခြင်းမှ ဖောက်ပြန်လျက်၊ မတရားမှုကိုပြုကျင့်လျှင်၊ သေဒဏ်ခံရမည်။ ပြုကျင့်သောမတရားမှုကြောင့် သေဒဏ်ခံရလတ္တံ့။ 27 တစ်နည်း၊ လူဆိုးသည်၊ ပြုဖူးသောဆိုးသွမ်းမှုမှ ကြဉ်ရှောင်လျက်၊ တရားသဖြင့်ဖြောင့်မတ်စွာဆောင်ရွက်လျှင်၊ ကိုယ်ကိုအသက်ချမ်းသာရစေမည်။ 28 ပြုဖူးသောလွန်ကျူးမှုများကိုစဉ်းစားလျက် ကြဉ်ရှောင်သဖြင့်၊ သေဒဏ်မခံရ၊ မုချအသက်ချမ်းသာရလတ္တံ့။ 29 ဣသရေလအမျိုးသားတို့က၊ အရှင်ဘုရား၏တရားနည်းလမ်းတော်မဖြောင့်ဟု၊ ဆိုလေ့ရှိကြသည်တကား၊ အိုဣသရေလအမျိုးသားတို့၊ သင်တို့အလေ့အလာသာမဖြောင့်၊ ငါ့တရားနည်းလမ်းဖြောင့်သည်မဟုတ်လော၊
30 သို့ဖြစ်၍၊ အိုဣသရေလအမျိုးသားတို့၊ ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ အသီးအသီးအလေ့အလာအလိုက်၊ သင်တို့ကို ငါတရားစီရင်မည်။ ဒုစရိုက်ဆိုင် ရာခလုတ်မဖြစ်စေခြင်းငှာ၊ လွန်ကျူးမှုရှိသမျှမှကြဉ်ရှောင်လျက် ပြန်လာကြလော့။ 31 အိုဣသရေလအမျိုးသားတို့၊ သေဒဏ်ကိုအဘယ့်ကြောင့်ခံကြမည်နည်း၊ ပြုဖူးသမျှသော လွန်ကျူးမှုများကို စွန့်ပစ်လျက်၊ စိတ်သဘော၊ စိတ်ဝိညာဉ်အသစ်ကိုပြုပြင် ကြလော့။ 32 ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ငါသည် သေဒဏ်ခံရသူ၏ သေခြင်းကိုမနှစ်သက်ချေ။ သို့ဖြစ်၍၊ ပြန်လာလျက် အသက်ချမ်းသာကိုခံစားကြလော့။