17
တစ်ဖန်၊ ငါသို့ရောက်လာသောထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊ အချင်းလူ့သား၊ ဣသရေလအမျိုးသားတို့အား၊ စကားထာဝှက်လျက်၊ စကားပုံသုံးလျက်၊ သင်က၊ ချယ်လှယ်သောအမွေး၊ ကျယ်ဝန်းရှည်လျားသောအတောင်များနှင့် ပြည့်စုံသောမဟာရွှေလင်းတသည်၊ လေဗနုန်တောသို့ဝင်လာလျက်၊ သစ်ကတိုးပင် ခေါက်ညွန့်နှင့်၊ မြင့်ရာအတက်များကို ဆိတ်ယူ၍၊ ရောင်းဝယ်ဖောက်ကားသောပြည်သို့ဆောင်သွားပြီးလျှင်၊ ကုန်သည်တို့မြို့တွင်ထားလေ၏။ ထိုတောရှိမျိုးအနက် ရွေးကောက်လျက်၊ ကောင်းသောမြေ၌စိုက်ပျိုးခြင်း၊ ရေများရာအရပ်၌ မိုးမခပင်ကဲ့သို့ပြောင်းထားခြင်းပြုသည့်အလျောက်၊ ပေါက်ပြီးနောက်၊ ရွှေလင်းတဖက်သို့အခက်အလက်ညွှတ်လျက်၊ အောက်သို့အမြစ်စွဲလျက်၊ စည်ကားသောစပျစ်ပင်အနိမ့်အခွဖြစ်၍၊ အခက်အလက်များနှင့်ပြည့်စုံလေ၏။ ၎င်းပြင်၊ များပြားသောအမွေး၊ ကျယ်ဝန်းသောအတောင်နှင့်ပြည့်စုံသော မဟာရွှေလင်းတတစ်ကောင်ရှိသေးသဖြင့်၊ အခက်အလက်ပေါများ၍၊ အသီးသီးသောစပျစ်ပင်မြတ်ဖြစ်စေခြင်းငှာ၊ ရေများရာမြေကောင်း၌ စိုက်ပျိုးခဲ့သော စပျစ်ပင်သည်၊ စိုက်ပျိုးရာအခင်းများမှ၊ ထိုရွှေလင်းတဖက်သို့၊ ရေကိုခင်မင်၍ အမြစ်နှင့်အခက်အလက်များညွှတ်ယိမ်းလေပြီဟု၊ အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊ အကြံမြောက်မည်လော၊ ထိုအပင်ကို အမြစ်ပါဆွဲနုတ်သဖြင့်၊ ပေါ်ပေါက်စအရွက်များနှင့်တကွ ညှိုးနွမ်းစေခြင်းငှာ၊ အားမထုတ်၊ လူမများဘဲအမြစ်ဆွဲခြင်း၊ အသီးပြတ် ခြင်းပြုလိမ့်တကား၊ 10 စိုက်ပျိုးခံရသော်လည်းအကြံမြောက်မည်လော၊ အရှေ့လေတိုက်သော်၊ တစ်ပင်လုံးညှိုးနွမ်းမည်မဟုတ်လော၊ ပေါက်ရာအခင်းများတွင်ပင် ညှိုးနွမ်းလိမ့်တကားဟု၊အရှင် ထာဝရဘုရားမိန့်တော်မူကြောင်းများကို၊ ဆင့်ဆိုလော့ဟူ၍တည်း။
11 ငါသို့ရောက်ပြန်သောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ 12 ပုန်ကန်လေ့ရှိသောထိုလူမျိုးအား၊ သင်က၊ ဤစကားပုံကိုနားမလည်ကြလော၊​ နာခံကြဦး၊ ဗာဗုလုန်ဘုရင်သည် ယေရုရှလင်မြို့သို့ဝင်လာလျက်၊ ဘုရင်နှင့် မှူးမတ် တို့ကိုဖမ်းယူ၍၊ ကိုယ့်စံရာ ဗာဗုလုန်မြို့သို့သိမ်းသွားပြီးလျှင်၊ 13-14 မင်းမျိုးအနက် ရွေးကောက်လျက်၊ ပဋိညာဉ်ဖွဲ့သောထိုမင်းအား သစ္စာတော်တိုက်ပြီးနောက်၊ နှိမ့်ချစွာနေလျက်၊ ထကြွမှုမပြုသည့်အလျောက်၊ ဖွဲ့ခဲ့သောပဋိညာဉ် ကိုစောင့်ရှောက်သဖြင့်၊ နိုင်ငံတည်မြဲရစေခြင်းငှာ၊ အရာရှိအပေါင်းတို့ကိုလည်း၊ ထိုပြည်မှသိမ်သွားလေ၏။ 15 သို့ရာတွင်၊ မြင်းတပ်နှင့် သူရဲအမြောက်အမြားကိုစစ်ကူရလိုသဖြင့်၊ အိဂျစ်ပြည်သို့ရာဇသံတို့ကိုစေလွှတ်၍၊ ထိုမင်းပုန်ကန်လေ၏။ အကြံထမြောက်မည်လော၊ ထိုသို့ပြုသောမင်းကား၊ ဘေးလွှတ်မည်လော၊ ပဋိညာဉ်ကိုဖျက်လျက်ပင်၊ ဘေးလွတ်မည်လော၊ 16 အသက်တော်ကိုတိုင်တည်၍၊ ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ မင်းမြှောက်ခဲ့သော၊အကြင်ဘုရင်၏ သစ္စာတော်ကိုဖောက်ကျော်၍၊ ပဋိညာဉ်ကိုဖျက်သည့် အလျောက်၊ ထိုဘုရင်စံရာဗာဗုလုန်မြို့ထဲတွင်၊ မုချသေရလတ္တံ့။ 17 လူအများကို ပယ်ရှားစေခြင်း၊ ရင်တားတည်ခြင်း၊ ကတုတ်လှန်ခြင်း၊ ရန်သူတို့ပြုကြသည့်ကာလ၊ မြောက်မြားသောဗိုလ်ထုအလုံးအရင်းပါသောဖာရောမင်းသည်၊ စစ်ကူရမည်မဟုတ်။ 18 ထိုပဋိညာဉ်ကိုဖျက်သူ၊ သစ္စာတော်ကိုဖောက်ကျော်သူလက်ဝါးရိုက်လျက်ပင် ထိုသို့ပြုသူသည်၊ ဘေးမလွတ်ရ။ 19 သို့ဖြစ်၍၊ ငါအရှင်ထာဝရဘုရားက၊ ဖောက်ကျော်သော ငါ့သစ္စာတော်၊ ဖျက်သောငါ့ပဋိညာဉ်တော်အတွက် ငါဆပ်ပေးလျက်၊ 20 ပိုက်ကွန်တော်ကိုဖြန့်ချသည့်အလျောက်၊ အုပ်မိသောထိုမင်းကိုဗာဗုလုန်မြို့သို့ယူသွားပြီးလျှင်၊ သစ္စာတော်ဖောက်ကျော်မှုကို စီရင်လတ္တံ့။ 21 ထွက်ပြေးသူတပ်သားအပေါင်းတို့လည်း၊ ဓားဖြင့်ကျဆုံးကြရာ၊ ကြွင်းကျန်သူတို့ပင် အရပ်လေးမျက်နှာလေ၌ ကွဲလွင့်သဖြင့်၊ ငါထာဝရဘုရားဗျာဒိတ်ပေးခဲ့ကြောင်း၊ သင်တို့သိရကြလတ္တံ့ဟု၊ အသက်တော်ကို တိုင်တည်၍ မိန့်ဆို၏။
22 ငါအရှင်ထာဝရဘုရားကလည်း၊ ငါသည် သစ်ကတိုးပင်၏မြင့်ရာခေါင်ညွန့်နှင့်၊ အတက်များအနက်နုသောတစ်ညွန့်ကိုဆိတ်ယူ၍မြင့်လှစွာတောင်၊ 23 ဣသရေလခင်တန်းပေါ်တွင်ပင် စိုက်ပျိုးသဖြင့်၊ အခက်အလက်ပေါများ၍အသီးသီးသောသစ်ကတိုးပင်မြတ်ဖြစ်သည့်အလျောက်၊ ထိုသစ်ပင့်အောက်၊ အကိုင်းအခက် များ၏အရိပ်၌၊ ငှက်အမျိုးမျိုးတို့မှီခိုရကြလတ္တံ့။ 24 သို့ဖြစ်၍၊ မြင့်သောအပင်ကိုနိမ့်စေခြင်း၊ နိမ့်သောအပင်ကိုမြင့်စေခြင်း၊ စိမ်းသောအပင်ကိုခြောက်စေခြင်း၊ ခြောက်သောအပင်ကို လန်းစေခြင်းများကို၊ ငါထာဝရဘုရား မိန့်ဆိုလျက်စီရင်ကြောင်း၊ တောရှိအပင်အမျိုးမျိုးတို့သိရကြလတ္တံ့ဟူသော ဗျာဒိတ်ချက်ကိုဆင့်ဆိုလော့ဟူ၍တည်း။