10
ငါရှုပြန်ရာ၊ ခေရုဗ တို့ဦးခေါင်းများ အထက်ရှိပိတာန်၌၊ ကျောက်ပြားသဖွယ်၊ ရာဇပလ္လင်အသွင်သဏ္ဌာန်ထင်ရှား၏။ ပိတ်ထည်ဝတ်သူအား၊ ခေရုဗတို့အောက်ရှိစက်များကြားသို့ဝင်လျက်၊ ခေရုဗတို့စပ်ကြားမှ၊ မီးကျီးကိုလက်တစ်ခုပ်သဲ့ယူ၍၊ မြို့ပေါ်တွင်ဖြန့်ကျဲလော့ဟုမိန့်တော်မူသည့် အတိုင်း၊ ငါ့မျက်မှောက်တွင်ဝင်သွားလေ၏။ ဝင်သွားသည့်အခိုက်၊ ခေရုဗတို့သည်၊ ဗိမာန်တော် တောင်ဘက်၌ ရပ်နေလျက်၊ တိမ်တိုက်လည်း၊ အတွင်းတံတိုင်းပြည့်လျက်ရှိ၏။ ထာဝရဘုရား၏ဘုန်းတော်လည်း၊ ခေရုဗတို့အပေါ်မှ၊ ဗိမာန်တော်တံခါးခုံထက်၊ တက်ရောက်သဖြင့်၊ ဗိမာန်တော်သည် တိမ်တိုက်နှင့်လည်းေကာင်း၊ တံတိုင်းတော်သည်ထာဝရ ဘုရား၏ဘုန်းတော်ရောင်ခြည်နှင့်လည်းေကာင်း၊ ပြည့်ရာ၊ ခေရုဗတို့အတောင်ခတ်သံကို၊ အနန္တတန်ခိုးရှင်ဘုရားမိန့်မြွက်သကဲ့သို့၊ အပြင်တံတိုင်းအထိကြားကြရ၏။ ပိတ်ထည်ဝတ်သူ့အား၊ လည်စက်များကြား၊ ခေရုဗတို့ကြားများမှမီးကိုသဲ့ယူလော့ဟူသောအမိန့်တော်အရ၊ ဝင်သွား၍ စက်အနီးရပ်နေစဉ်၊​ ခေရုဗတစ်ပါးသည်၊ ခေရုဗတို့ကြားတွင်ရှိသောမီးကို၊ ကိုယ့်ကြားမှ လက်ဆန့်၍ သဲ့ယူပြီးလျှင်၊ ပိတ်ထည်ဝတ်သူ့လက်တွင်းသို့အပ်ပေးရာ၊ ထိုသူခံယူ၍ထွက်သွား၏။ ခေရုဗတို့အတောင်များအောက်တွင်၊ လူ့လက်သဏ္ဌာန်ထင်ရှားသည့်ပြင်၊ 9-10 ငါရှုကြည့်ရာ၊ ခေရုဗတစ်ပါးတစ်ပါးအနီး၊ စက်တစ်ခုစီ၊ လေးခုကိုငါမြင်ရ၏။ ၎င်းစက်များ၏ သဏ္ဌာန်ကား၊ တစ်စက်အတွင်းတွင် တစ်စက်ပါဟန်၊ ဥဿဖယားရောင်သဏ္ဌာန်တည်းရှိ၏။ 11-12 သွားလာရာ၌မလှည့်ဘဲလေးမျက်နှာသို့သွား၏။ ပါရှိသောစက်များနှင့်တကွ၊ ကျော၊ လက်၊ အတောင်များမှစ၍တစ်ကိုယ်လုံးပင်၊ ပတ်ဝန်းကျင်တွင်မျက်စိနှင့်ပြည့်စုံသော လေးပါးတို့လည်း၊ သွားလာရာ၌မလှည့်ဘဲ၊ ဦးခေါင်းတည့်ရာသို့သွားကြ၏။ 13 ထိုစက်များကိုကား၊ ငါကြားရသည့်အတိုင်း၊ လည်စက်ဟုခေါ်ဝေါ်သတည်း။ 14 ပဌမ၊ ခေရုဗမျက်နှာ၊ ဒုတိယ၊ လူ့မျက်နှာ၊ တတိယ၊ ခြင်္သေ့မျက်နှာ၊ စတုတ္ထ၊ ရွှေလင်းတမျက်နှာ၊ တစ်ပါးတစ်ပါးလျှင်မျက်နှာလေးခုစီရှိသော ထိုခေရုဗတို့သည် တက်ကြ၏။ 15 ခေဗာမြစ်အနီးငါရှုမြင်ခဲ့သော သတ္တဝါတို့တည်း။ 16 ခေရုဗတို့သွားကြသော်၊ စက်များလည်းအနီး၌သွားရ၏။ ခေရုဗတို့သည် မြေပေါ်မှတက်ရန် အတောင်ဖြန့်ကြသော်၊ စက်များလည်းမလှည့်ဘဲ ထက်ကြပ်လိုက်ရ၏။ 17 သတ္တဝါတို့၏ဝိညာဉ်သည် စက်များ၌ပါရှိသောကြောင့်၊ ခေရုဗတို့ရပ်ကြသော်၊ စက်များလည်းရပ်ခြင်း၊ တက်ကြသော်၊ တက်ခြင်းပြုရ၏။ 18 ထာဝရဘုရား၏ဘုန်းတော်သည်၊ ဗိမာန်တော်တံခါးခုံအထက်မှ ထွက်ခွာလျက်၊ 19 ခေရုဗတို့ကိုလွှမ်းမိုးသည့်ကာလ၊ ခေရုဗတို့လည်း ထွက်သွားသော်၊ ငါ့မျက်မှောက်တွင်ပင်အတောင်ဖြန့်၍၊ စက်များနှင့်တကွ မြေပေါ်မှတက်ပြီးလျှင်၊ ဣသရေလ လူမျိုး၏ဘုရားသခင်ဘုန်းတော်လွှမ်းမိုးသေးလျက်၊ ဗိမာန်တော်ရှေ့တံခါးဝအနီး၌ ရပ်နေကြ၏။ 20 ၎င်းတို့သည် ခေဗာမြစ်အနီး၊ ဣသရေလလူမျိုး၏ ဘုရားသခင်လွှမ်းမိုးတော်မူသော၊ ငါရှုမြင်ခဲ့ရာသတ္တဝါတို့တည်း။ ခေရုဗတို့ဖြစ်ကြောင်းကိုငါသိမြင်၏။ 21 တစ်ပါးတစ်ပါးလျှင် မျက်နှာလေးခု၊ အတောင်လေးဖက်၊ အတောင်များအောက်၌ လူ့လက်အသွင်များနှင့်ပြည့်စုံ၏။ 22 ၎င်းတို့မျက်နှာအသွင်နှင့် သဏ္ဌာန်ကား၊ ခေဗာမြစ်အနီးငါရှု မြင်ခဲ့ရာမျက်နှာများတည်း။ အသီးအသီးတို့သည် မျက်နှာမူရာသို့သွားကြလေ၏။