8
ပညာရှိနှင့်မည်သူတူပါသနည်း။ အနက်ေဖာ်ပြနိုင်သူကား၊ မည်သူနည်း။ ဉာဏ်ပညာသည်၊ လူ၏မျက်နှာကို ကြည်လင်စေသည့်ပြင်၊ ကြမ်းကြုတ်သောမျက်နှာကို​ ပြောင်းလဲစေတတ်၏။ ဘုရားသခင်ရှေ့တော်၌၊ သစ္စာခံခဲ့သည်ကို ထောက်၍၊ ဘုရင်မင်း၏အမိန့်တော်အတိုင်း စောင့်ရှောက်လော့။ 3-4 ဘုရင်မင်း၏အမိန့်တော်တွင် တန်ခိုးအာဏာပါသည်နှင့်အညီ၊ မည်သို့ပြုတော်မူပါသနည်းဟု မေးဝံ့သူမရှိဘဲ၊ အလိုတော်အတိုင်းပြုတတ်သည်ဖြစ်၍၊ အပါးတော်မှ အဆောတလျင် ဆုတ်ခွာခြင်း၊ ဆိုးသွမ်းမှု၌တည်နေခြင်းများကိုမပြုနှင့်။ မည်သူမဆို၊ အမိန့်တော်အတိုင်းစောင့်ရှောက်ခဲ့မူ၊ မင်းဘေးနှင့်ကင်းလွတ်လိမ့်မည်။ ပညာရှိ၏ဉာဏ်သည်၊ စီရင်ဆုံးဖြတ်ချက်ကိုလည်း‌ေကာင်း၊ အခါသမယကိုလည်း‌ေကာင်း၊ မြော်မြင်တတ်၏။ 6-7 အဘယ့်ကြောင့်ဆိုသော် အကြံအစည်ရှိသမျှကို စီရင်ဆုံးဖြတ်ရာ အခါသမယဖြစ်သော်လည်း၊ ဖြစ်ပျက်အံ့သည်ကို ဖော်ပြသူမရှိသည်နှင့်၊ ထိုသို့အဖြစ်အပျက်ကို လူမသိသောကြောင့်၊ ဒုက္ခဝန်လေးစွတကား။ လေကိုဆီးတားပိုင်ခွင့်ကို၊ မည်သူမျှမရှိသည့်နည်းတူ၊ သေမည့်နေ့ရက်ကိုလည်းမပိုင်ချေ။ စစ်ဖြစ်ဆဲ၌ထွက်ခွင့်မရတတ်။ ဒုစရိုက်လည်း ဒုစရိုက်ရှင်ကို မကယ်မလွှတ်နိုင်။ တစ်ယောက်သည် တစ်ယောက်ကို အကျိုးပျက်စေရန်၊ စိုးပိုင်ခွင့်အချိန်ကာလ၌ပင်၊ နေအောက်တွင်ပြုလုပ်သမျှကို နှလုံးသွင်း၍၊ ဤအခြင်းအရာခပ်သိမ်းကိုငါသိမြင်၏။
10 ၎င်းပြင်၊ လူဆိုးဖြစ်လျက်၊ ကောင်းစွာသင်္ဂြိုဟ်ခံရ၍၊ သူတော်ကောင်းဖြစ်လျက် သန့်ရှင်းရာဌာနမှ နှင်ထုတ်ခံရသည့်ပြင်၊ ထိုမြို့၌သတိမရကြသည်ကို ငါသိမြင်၏။ ဤအခြင်းအရာလည်း အနတ္တဖြစ်၏။ 11 မကောင်းမှု၌ စီရင်ဆုံးဖြတ်ချက်ကို၊ ရုတ်တရက်မချတတ်သည့်အတွက်၊ လူ့သားတို့သည် အဆိုးကိုပြုရန်ရဲဝံ့သော စိတ်ရှိကြ၏။ 12-13 အပြစ်သားသည်၊ မကောင်းမှုကို အကြိမ်တစ်ရာတိုင်တိုင် တာရှည်စွာပြုကျင့်နိုင်သော်လည်း၊ ဘုရားသခင်ရှေ့တော်တွင်၊ ခန့်ညားခြင်း ကင်းသည့်အတွက်၊ အရိပ်မျှ ဖြစ်သောအသက်တာကို မရှည်စေနိုင်သည့်ပြင်၊ ကောင်းစားခွင့်မရသည်ကိုလည်း‌ေကာင်း၊ ဘုရားသခင်ရှေ့တော်တွင် ကြောက်ရွံ့ခန့်ညားသူမူကား၊ ကောင်းစားခွင့်ရမည်ကိုလည်း‌ေကာင်း၊ ငါအမှန် သိ၏။ 14 မြေပေါ်တွင်ဖြစ်တတ်သော အနတ္တအမှုတစ်မျိုးမှာ၊ လူဆိုးတို့အပြုအမူအလိုက်ခံရသောလူကောင်း၊ လူကောင်းတို့အပြုအမူအလိုက်ခံရသောလူဆိုးများရှိလေစွတကား။ ဤအခြင်းအရာလည်း အနတ္တဖြစ်သည်ဟု ငါအောက်မေ့၏။ 15 ထိုအခါ၊ စားသောက်၍ ရွှင်လန်းသည်ထက်၊ လူတို့၌ ကောင်းမြတ်သောအရာတစ်စုံတစ်ခုမျှ နေအောက်တွင် မရှိသောကြောင့်လည်း‌ေကာင်း၊ ထိုသို့သော အရာသည်၊ ဘုရားသခင် ပေးတော်မူသည့်အတိုင်း၊ နေအောက်တွင် လုပ်ကိုင်ရန် အသက်တာ၌ တည်မြဲမည်ဖြစ်သောကြောင့်လည်း‌ေကာင်း၊ ရွှင်လန်းခြင်းကို ကောင်းလေစွဟုငါဆို၏။
16 နေ့ညဉ့်မဟူမျက်စိမမှိတ်သော အရှင်ရှိသည်နှင့်အညီ၊ ဉာဏ်ပညာကို သိကျွမ်း၍၊ မြေပေါ်တွင်ပြုတတ်သောအမှုအရေးကို သိမြင်ရန်၊ ငါနှလုံးသွင်းရာ၊ ဘုရားသခင် စီမံတော်မူသည်ကို ငါရှုမှတ်၍၊ 17 နေအောက်တွင် ပြုလုပ်သောအမှုတော်ကို၊ လူရှာ၍ မတွေ့။ လုံ့လထုတ်၍ ရှာဖွေသော်ကား၊ မတွေ့သည့်ပြင်၊ ပညာရှိပင်ငါသိမည်ဟု အောက်မေ့သော်လည်းမတွေ့ နိုင်ရာ၊