5
ဘုရားသခင်၏ဗိမာန်တော်သို့ဝင်သောအခါ၊ သင့်ခြေကိုစောင့်စည်းလော့။ ချဉ်းကပ်နာယူသောအမှုသည်၊ လူမိုက်တို့ဆက်ကပ်ပူဇော်သက္ကာထက်သာ၍မြတ်၏။ ထိုလူမိုက်တို့သည် အမှတ်မဲ့အဆိုးကို ပြုတတ်ကြ၏။ ဘုရားသခင်ရှေ့တော်တွင်၊ မြန်သောနှုတ်ဖြင့်ဆိုခြင်း၊ လျင်သောစိတ်၌မြွက်ခြင်းများကို မပြုနှင့်။ ဘုရားသခင်ကား၊ ကောင်းကင်ဘုံ၌ရှိတော်မူသည်။ သင်ကား၊မြေပေါ် တွင်ရှိသည်ကိုထောက်၍ စကားမများရာ။ ဝေယျာဝစ္စများသောကြောင့်၊ အိပ်မက်တတ်သည့်နည်းတူ၊ စကားပေါများသောကြောင့်၊ လူမိုက်ဇာတိပေါ်တတ်၏။ ဘုရားသခင့်ရှေ့တော်တွင် သစ္စာဆိုခဲ့လျှင်၊ ဖြေရန်မနှောင့်နှေးနှင့်။ လူမိုက်တို့အား နှစ်သက်တော်မမူသောကြောင့်၊ သင်ထားသောသစ္စာဝတ်ကိုဖြေလော့။ ဆို၍မဖြေခြင်းထက်၊ မဆိုခြင်းသည် သာ၍ကောင်း၏။ ကိုယ်သည် နှုတ်ကြောင့် ပြစ်မှားရာမရောက်စေနှင့်။ ထိုအမှုကိုမှောက်မှားမိသည်ဟု၊ စေတမန်တော့်ရှေ့ဖြောင့်ဆိုရာမရောက်စေနှင့်။ ဘုရားသခင်သည်၊ သင့်စကား ကြောင့်အမျက်တော်ထားလျက်၊ သင်၏လက်မှုကို မည်သည့်အကြောင်းကြောင့်ပယ်ဖျက်တော်မူရအံ့နည်း။ အိပ်မက်ခြင်း၊ စကားပြောခြင်းအမြောက်အမြားကြောင့်၊ အနတ္တအမှုဖြစ်ပွားတတ်၏။ သင်မူကား၊ ဘုရားသခင်ကို ခန့်ညားလော့။
ပြည်နိုင်ငံတွင် ဆင်းရဲသားတို့ကို ညှဉ်းပန်းခြင်း၊ မတရားသဖြင့် စီရင်ခြင်း၊ တရားလွှဲဖယ်ခြင်းများကို မြင်လျှင်၊ အံ့အားမသင့်နှင့်။ အကြီးအကဲတို့အပေါ်တွင် မင်းများ ရှိကြသည့်ပြင်၊ ကြည့်ရှုသော အရှင်တစ်ပါးရှိသေး၏။ လယ်မြေကိုပြုစုသောဘုရင်မင်းသည်၊ တိုင်းကျိုးပြည်ကျိုးကို အရာရာ၌ဖြစ်ထွန်းစေတတ်၏။
10 ငွေကိုခုံမင်သောသူသည်၊ ငွေနှင့်လည်းကောင်း၊ ကြွယ်ဝခြင်းကိုခုံမင်သောသူလည်း၊ စည်းစိမ်ဥစ္စာနှင့်လည်း‌ေကာင်း၊ တင်းမတိမ်၊ ဤအချင်းအရာကား၊ အနတ္တဖြစ်၏။ 11 ဥစ္စာပစ္စည်းတိုးပွားသောအခါ၊ စားသူများပြားသည်ဖြစ်၍၊ ပစ္စည်းရှင်၌ မျက်စိကြည့်မြင်ရုံမှတစ်ပါး၊ မည်သည့်အကျိုးရှိသေးသနည်း။ 12 အလုပ်ကြမ်းလုပ်ကိုင်သူသည်၊ အစာဝသည်ဖြစ်စေ၊ မဝသည်ဖြစ်စေ၊ အိပ်၍ပျော်တတ်၏။ သူဌေးမူကား၊ ကြွယ်ဝခြင်းကြောင့် အိပ်၍မပျော်နိုင်ချေ။
13 နေအောက်တွင် ဘေးဆိုးတစ်မျိုးကို ငါမြင်ရသည်မှာ၊ ဥစ္စာရှင်သည်၊ ကိုယ်ကျိုးကို ဖျက်၍ ပစ္စည်းကို သိမ်းဆည်းရာ၌၊ 14 မကောင်းသောအမှုအရာကြောင့် ကုန်ခန်းသဖြင့်၊ အမွေခံသားသည်၊ လက်ချည်းပင်နေရသတည်း။ 15 မိခင့်ဝမ်းမှလာခဲ့ရသည့်အတိုင်း၊ မည်သည့်လုပ်ကိုင်ကျိုးကိုမျှမကိုင်မဆွဲဘဲ၊ အချည်းစည်းပြန်သွားရ၏။ 16 ထိုသူသည်၊ အရာရာတွင်လာခဲ့ရသည့်နည်းသူ၊ ပြန်သွားရသည့်အကြောင်းမှာ၊ ဘေးဆိုးဖြစ်၏။ လေကိုရရန်သာလုပ်ကိုင်ရသောထိုသူ၌၊ မည်သည့်အကျိုးရှိသနည်း။ 17 တစ်သက်ပတ်လုံးမှောင်မိုက်၌ စားသောက်လျက်၊ ပူဆွေးခြင်း၊ ရောဂါစွဲခြင်း၊ အမျက်ထွက်ခြင်းများကိုခံရသတည်း။
18 သင့်လျော်သော အခြင်းအရာကို ငါမြင်ရသည်မှာ၊ ဘုရားသခင်ပေးတော်မူသော နေ့ရက်ပိုင်းအတွင်း၊ ကိုယ်ကျိုးဖြစ်သည်နှင့်အညီ၊ စားသောက်ခြင်း၊ နေအောက်တွင် ကြိုးပမ်းစွာလုပ်ကိုင်သမျှ၌ ရွှင်လန်းခြင်းတည်း။ 19 မည်သူ၌မဆို၊ စည်းစိမ်ချမ်းသာကိုပေးတော်မူ၍၊ ခံစားခွင့်၊ တာဝန်အတိုင်းဆောင်ရွက်ခွင့်၊ လုပ်ကိုင်မှု၌ရွှင်လန်းခွင့်များကား၊ ဘုရားသခင်၏ ဆုကျေးဇူးတော်တည်း။ 20 ဘုရားသခင်သည်၊ ထိုသူ၏ စိတ်ရွှင်လန်းရာ ရွှင်လန်းကြောင်းကို၊ သနားတုံ့ပြန်တော်မူသောကြောင့်၊ အသက်တာ၌ ကြောင့်ကြခြင်းမရှိချေ။