3
မိုးကောင်းကင်အောက်တွင် ခပ်သိမ်းသောအခြင်းအရာအမှုအရေးအဖို့၊ ရွယ်ထားသောအချိန်ရှိ၏။ ဖွားမြင်ရန် အချိန်နှင့် သေလွန်ရန်အချိန်၊ စိုက်ပျိုးရန်အချိန်နှင့် စိုက်ပျိုးရာကိုနုတ်ပစ်ရာအချိန်၊ ကွပ်မျက်ရန်အချိန်နှင့် ကုသရန်အချိန်။ ဖြိုဖျက်ရန်အချိန်နှင့် တည်ဆောက်ရန်အချိန်။ ငိုကြွေးရန်အချိန်နှင့် ရယ်မောရန်အချိန်၊ ညည်းတွားရန်အချိန်နှင့်ကခုန်ရန်အချိန်။ ကျောက်များကိုပစ်ကြဲရန်အချိန်နှင့် ကောက်သိမ်းရန်အချိန်၊ တွဲဘက်ရန်အချိန်နှင့် ခွဲခွာရန်ချိန်။ ရှာဖွေရန်အချိန်နှင့်ဖျောက်ဖျက်ရန်အချိန်၊ စောင့်ထိန်းရန်အချိန်နှင့် စွန့်ပစ်ရန်အချိန်။ ဆုတ်ဖဲ့ရန်အချိန်နှင့် ချုပ်စပ်ရန်အချိန်၊ တိတ်ဆိတ်ရန်အချိန်နှင့် ပြောဆိုရန်အချိန်။ ချစ်ခင်ရန်အချိန်နှင့် မုန်းထားရန်အချိန်၊ စစ်တိုက်ရန်အချိန်နှင့် ငြိမ်းဧရန်အချိန်များရှိ၏။ လုပ်ဆောင်ရသူသည်၊ ကိုယ့်လုပ်ကိုင်မှုဖြင့်၊ မည်သည့်အကျိုးရှိသနည်း။ 10 လူ့သားတို့ပြုကျင့်ရန်၊ ဘုရားသခင်ထားတော်မူသော တာဝန်ကို ငါသိမြင်သည်မှာ၊ 11 အမှုအရာခပ်သိမ်းကို အခါသမယအလိုက်၊ တင့်တယ်စွာ ဖန်ဆင်းတော်မူသည့်ပြင်၊ လူတို့သည် ဘုရားသခင်ပြုပြင်တော်မူရာကို၊ အစကအဆုံးတိုင်အောင်ရှာ၍ မတွေ့လျက်ပင်၊ နိစ္စအရာကို စိတ်၌ စွဲလမ်းစေတော်မူ၏။ 12 အသက်ရှင်စဉ်တွင်၊ ကောင်းစားခြင်းနှင့် ရွှင်လန်းခြင်းထက်၊ လူတို့၌ ကောင်းသောအရာမရှိကြောင်းကိုလည်း‌ေကာင်း၊ 13 လူတိုင်းစားသောက်ခြင်း၊ လုပ်ကိုင်သမျှ၌ စိတ်ရွှင်လန်းခြင်းများသည်၊ ဘုရားသခင့်ဆုကျေးဇူးဖြစ်ကြောင်းကိုလည်း‌ေကာင်း၊ ငါသိ၏။ 14 ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် အစဉ်တည်၍၊ ထပ်ဆင့်ခြင်း၊ နုတ်ယူခြင်းငှာ မစွမ်းနိုင်ကြောင်း၊ ရှေ့တော်တွင် လူတို့ခန့်ညားရကြစေရန်၊ ထိုသို့စီရင်တော် မူကြောင်းများကို ငါသိ၏။ 15 ပစ္စုပ္ပန်အဖြစ်နှင့် အနာဂတ်အဖြစ်များရှိနှင့်ခဲ့ပြီ။ အတိတ်အရာကိုလည်း ဘုရားသခင်ရှာဖွေတော်မူ၏။
16 ၎င်းပြင်၊ နေအောက်တွင် တရားဆုံးဖြတ်ရာဒေသနှင့်ဖြောင့်မတ်ရာဒေသများ၌၊ ဆိုးသွမ်းခြင်းတည်သည်ကို သိမြင်၍၊ 17 ငါက၊ အခြင်းအရာအပြုအမူရှိသမျှအဖို့၊ ရှေ့တော်တွင် အချိန်ရှိသဖြင့်၊ လူကောင်းနှင့် လူဆိုးတို့ကို၊ ဘုရားသခင်စီရင်ဆုံးဖြတ်တော်မူမည်ဟုအောက်မေ့၏။ 18 လူသားတို့နှင့်စပ်လျဉ်း၍ ငါအောက်မေ့သည်ကား။ ဘုရားသခင်စံချ၍ပြတော်မူသဖြင့်။ တိရစ္ဆာန်ဖြစ်သည်ကို၊ ကိုယ်တိုင်သိကြစေခြင်းငှာတည်း။ 19 အဘယ့်ကြောင့်ဆိုသော်၊ လူသားတို့နှင့်တိရစ္ဆာန်တို့အဖြစ်အပျက်ချင်းတူလျက်၊ နှစ်မျိုးလုံး၌ တစ်ရပ်တည်းဖြစ်ပျက်သည်နှင့်အညီ၊ တစ်မျိုးသေက တစ်မျိုးသေတတ်၏။ အားလုံးပင် သက်ဇီဝတစ်မျိုတည်းရှိကြ၍၊ လူသည် တိရစ္ဆာန်ထက် မမြတ်ချေ။ အရာခပ်သိမ်းသည် အနတ္တဖြစ်၏။ 20 အားလုံးတို့သည် မြေမှုန့်ဖြစ်၍၊ မြေမှုန့်သို့ပြန်သွားရသဖြင့်၊ တစ်နေရာတည်းရောက်ကြရ၏။ 21 လူသားတို့သက်ဇီဝသည်၊ အပေါ်သို့တက်သည်ကိုလည်း‌ေကာင်း၊ တိရစ္ဆာန်တို့ သက်ဇီဝလည်း၊ အောက်မြေသို့ဆင်းသည်ကိုလည်း‌ေကာင်း၊ မည်သူသိသနည်း။ 22 လူသည်အပြုအမူ၌ ရွှင်လန်းခြင်းထက်၊ ကောင်းသောအရာမရှိသည်ကို ငါသိမြင်၏။ ထိုရွှင်လန်းခြင်းကား၊ ကိုယ်ကျိုးဖြစ်သတည်း။ အနာဂတ်အဖြစ်အပျက်ကိုသိစေ ခြင်းငှာ၊ သူ့ကိုမည်သူပြန်ခေါ်နိုင်သနည်း။