5
မောရှေသည် ဣသရေလတစ်မျိုးလုံးကိုခေါ်၍ မိန့်ဆိုသည်မှာ၊ အိုဣသရေလလူမျိုး၊ ယနေ့၌ပင် သင်တို့အားငါဆင့်ဆိုသော ထုံးဖွဲ့ဆုံးဖြတ်ချက်များကို နာခံသင်ကြားလျက် စောင့်ရှောက်လိုက်နာ ကြလော့။ 2-3 ဟောရပ်တောင်တွင် ငါတို့ဘုရားသခင်ထာဝရဘုရားဖွဲ့ခဲ့သော ပဋိညာဉ်တော်ကို ဘိုးဘေးတို့နှင့်မဟုတ်၊ ဤအရပ်၌ယခုရှင်လျက်နေသမျှသော ငါတို့နှင့်ဖွဲ့ခဲ့တော်မူသော်၊ 4-5 မီးတော်ကြောင့် တောင်ပေါ်သို့မတက်ဝံ့ကြသည့်အတွက်၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကို ပြန်ကြားအံ့သောငှါ၊ သင်တို့နှင့်ထာဝရဘုရားစပ်ကြားတွင် ငါရပ်တန့်ခိုက်၊ တောင်ပေါ်တွင် မီးအလယ်မှထာဝရဘုရားသည် သင်တို့နှင့်တွေ့ဆိုင်၍၊ ဗျာဒိတ်ပေးတော်မူသည်ကား၊ ငါသည်ကျွန်ခံနေရာအိဂျစ်ပြည်မှ သင့်ကိုထုတ်ဆောင်ခဲ့သော၊ သင့်ဘုရားသခင်ထာဝရဘုရား ပေတည်း။
ငါမှတစ်ပါးအခြားသောဘုရားများကို မကိုးကွယ်နှင့်။
အထက်ကောင်းကင်၊ အောက်မြေကြီး၊ မြေကြီးအောက်ရေထု၌ရှိသောအရာ၏ပုံသဏ္ဌာန်အတူ၊ ရုပ်ပွားဆင်းတုကိုမလုပ်နှင့်။ ရှိမခိုး၊ ဝတ်မပြုနှင့်။ အသို့ဆိုသော်၊ သင့်ဘုရားသခင်ငါထာဝရဘုရားသည် မရှုဆိတ်သောဘုရား၊ ငါ့ကိုမုန်းထားသော သူတို့အမျိုးအစဉ်၊ တတိယ၊ စတုတ္ထအဆက်တိုင်အောင်၊ ဘိုးဘေးတို့ပြစ်မှုကိုသားမြေးမြစ်တို့အပေါ် တင်၍စီရင်သောဘုရား၊ 10 ငါ့ကိုချစ်ကြည်မြတ်နိုးလျက်၊ ပညတ်တော်များကိုလည်း စောင့်ရှောက်သူတို့ အမျိုးအနွယ် အထောင်အသောင်းတို့အပေါ်၊ ကရုဏာသက်သောဘုရားဖြစ်၏။
11 သင့်ဘုရားသခင်ငါထာဝရဘုရား၏နာမတော်ကို မထီမဲ့မြင်ပြု၍မသုံးနှင့်။ နာမတော်ကို မထီမဲ့ မြင်ပြု၍သုံးသူ၌ အပြစ်မရှိဟု ငါထာဝရဘုရားမှတ်တော်မမူ။
12 သင့်ဘုရားသခင်ငါထာဝရဘုရားမိန့်မှာသည့်အတိုင်း၊ ဥပုသ်နေ့ကို သီးသန့်၍စောင့်ရှောက်လော့။ 13 ခြောက်ရက်အတွင်း ကိုယ့်အမှုအရေးရှိသမျှကို လုပ်ဆောင်ရသော်လည်း၊ 14 သတ္တမနေ့သည်၊ သင့်ဘုရားသခင်ငါထာဝရဘုရားရှေ့ ဥပုသ်နေ့ဖြစ်သဖြင့်၊ သင်မှစ၍၊ သား၊ သမီး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ နွား၊ မြည်းမှစသောတိရစ္ဆာန်၊ တံခါးအတွင်းဝင်နေသူပါ၊ မည်သည့်အမှုအရေးကိုမျှ မလုပ်မဆောင်ရသကဲ့သို့ နားနေခွင့်ရကြလိမ့်မည်။ 15 အိဂျစ်ပြည်တွင် ကျွန်ခံရသောသင့်ကို သင့်ဘုရားသခင်ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ဆန့်တန်း၍ ထုတ်ဆောင်တော်မူခဲ့ကြောင်း အောက်မေ့ရမည်။ ထိုအကြောင်းကြောင့် သင့်ဘုရားသခင်ထာဝရဘုရားသည် ဥပုသ်နေ့ကို စောင့်ရှောက်ရန် မိန့်မှာတော်မူခဲ့သတည်း။
16 သင့်ဘုရားသခင်ငါထာဝရဘုရားပေးသနားသောပြည်၌ တာရှည်ကောင်းစားအံ့သောငှါ၊ ငါမိန့်မှာတော်မူသည့်အတိုင်း၊ မိဘကိုရိုသေသမှုပြုလော့။
17 သူ့အသက်ကိုမသတ်နှင့်။
18 သူ့သားအိမ်ရာကိုမပြစ်မှားနှင့်။
19 သူ့ဥစ္စာကိုမခိုးနှင့်။
20 သူတစ်ပါး၏တစ်ဘက်၌ မုသာသက်သေမခံနှင့်။
21 သူတစ်ပါး၏မယား၊ အိမ်၊ လယ်ယာ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ နွား၊ မြည်းမှစ၍၊ ပိုင်ဆိုင်ရာ တစ်စုံတစ်ခုကိုမျှ လောဘတပ်မက်ခြင်းမရှိနှင့်။
22 ထိုပညတ်တော်များကို ထာဝရဘုရားသည် တောင်ပေါ်မှာ မိုးသားမှောင်အတိမီးအလယ်မှ သင်တို့အပေါင်းပရိသတ်အား၊ အသံကျယ်စွာမိန့်မြွက်သည့်အဆုံး၌၊ ကျောက်နှစ်ပြားထက် အက္ခရာ တင်ပြီးလျှင်၊ ငါ့အားအပ်ပေးတော်မူ၏။ 23 တောင်မှမီးတောက်ခိုက်၊ အမိုက်တိုက်အလယ်က ဗျာဒိတ်တော်သံကို သင်တို့ကြားကြသော်၊ အနွယ်များအအုပ်အချုပ်နှင့် လူကြီးအပေါင်းတို့သည် ငါရှိရာသို့ချဉ်းကပ်လျက်၊ 24 ဘုန်းတန်ခိုးတော်ကို ကျွန်တော်တို့ဘုရားသခင်ထာဝရဘုရား ေဖာ်ပြတော်မူသည့်အလျောက်၊ ကျွန်တော်တို့သည် မီးအလယ်မှဗျာဒိတ်တော်သံကိုကြားရသည့်ပြင်၊ လူသတ္တဝါအား ဘုရားသခင် မိန့် မြွက်တော်မူသော်လည်း အသက်ချမ်းသာရကြောင်း၊ ယနေ့သိမြင်ရကြပေ၏။ 25-26 သို့ရာတွင်၊ မီးအလယ်မှအသက်ရှင်တော်မူသော ဘုရားသခင့်ဗျာဒိတ်တော်သံကို၊ ကျွန် တော်တို့ကြားရသည့်နည်းတူ၊ လူသတ္တဝါအနက် မည်သူကြား၍ အသက်ချမ်းသာရဘူးသနည်း။ သို့နှင့်အညီ၊ ကျွန်တော်တို့ဘုရားသခင်ထာဝရဘုရား၏ဗျာဒိတ်တော်သံကို ထပ်မံကြားရလျှင်၊ သေကြတော့မည်။ မဟာမီးတော်ဖြင့် ကျွမ်းလောင်ခံရကြတော့မည်။ အသို့ကြောင့်သေရကြအံ့နည်း။ 27 ကိုယ်တော်သာချဉ်းကပ်လျက်၊ ကျွန်တော်တို့ဘုရားသခင်ထာဝရဘုရား မိန့်မြွက်တော်မူသမျှကို နာခံပါ။ ကိုယ်တော်အား ကျွန်တော်တို့ဘုရားသခင်ထာဝရဘုရား မိန့်မြွက်တော်မူသမျှအတိုင်း ဆင့်ဆိုရာ၊ နာခံပြုကျင့်ကြပါမည်ဟု 28 ငါ့အားသင်တို့တောင်းလျှောက်သံကို ထာဝရဘုရားကြားတော်မူ၍၊ ငါသည်ဤလူမျိုး၏ တောင်းလျှောက်သံကိုကြားလေပြီ။ 29 လျှောက်သမျှကား သင့်လျော်၏။ သူတို့မှစ၍ သားစဉ်မြေးဆက်တို့ပါ အစဉ်ကောင်းစားကြအံ့ သောငှါ၊ ထိုသို့သောသဘောတည်မြဲလျက်၊ ငါ့အား ခန့်ညားခြင်း၊ ပညတ်ဟူသမျှကိုစောင့်ရှောက်ခြင်း ပြုကြစေသတည်း။ 30 တဲများသို့ပြန်သွားရန် အမိန့်ပေးပြီးနောက်၊ ဤနေရာ၊ အပါးတော်တွင် ခစားဦးလော့။ 31 ငါအပိုင်ပေးသောပြည်အတွင်း ထိုလူမျိုးလိုက်နာကြအံ့သောငှာ၊ သွန်သင်ရမည့်ပညတ်ဟူသမျှ နှင့် ထုံးဖွဲ့ဆုံးဖြတ်ချက်များကို သင့်အားထုတ်ဆင့်မည်ဟု မိန့်တော်မူ၏။ 32-33 သို့ဖြစ်၍၊ သင်တို့သည် အပိုင်ရမည့်ပြည်တွင် အသက်ချမ်းသာစွာကောင်းစားလျက်၊ တာရှည်ခွင့်ရကြအံ့သောငှါ၊ သင်တို့ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း စောင့်ရှောက်လိုက်နာလျက် ဝဲယာသို့မယိမ်းမယိုင်ဘဲ မိန့်မှာတော်မူရာနည်းလမ်းတစ်ေလှျှာက် လိုက်သွား ကြလေကုန်။