4
ယခုမှာ အိုဣသရေလလူမျိုး၊ ဘိုးဘေးတို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသည့် ပြည်ကိုဝင်ရောက်ပိုင်ရလျက် ရှင်နေခွင့်ရခြင်းငှာ၊ ငါသွန်သင်သော ထုံးဖွဲ့ဆုံးဖြတ်ချက်များကို နားထောင်လိုက်နာကြလော့။ ငါဆင့်ဆိုသောသင်တို့ဘုရားသခင်ထာဝရဘုရားမိန့်တော်မူချက်ကို စောင့်ရှောက်ခြင်းအလို့ငှါ၊ ထိုမိန့်မှာချက်၌သွင်းခြင်း၊ နုတ်ခြင်းမပြုကြရာ၊ ဗာလပေဂုရနတ်ကြောင့် ထာဝရဘုရားစီရင်တော်မူသည့်အမှုကို ဒိဋ္ဌမြင်ရကြပြီ။ ထိုနတ်နောက်လိုက်သွားသူအပေါင်းတို့ကို လူမျိုးတော်​​ဘောင်မှ၊ သင်တို့ဘုရားသခင်ထာဝရဘုရားပယ်ရှားတော်မူခဲ့ပြီ။ သင်တို့ဘုရားသခင်ထာဝရဘုရားထံ ဆည်းကပ်သမျှသောသူတို့မှာမူ၊ ယနေ့တိုင်အောင်ရှင်နေကြ၏။ သင်တို့ပိုင်ရန်ဝင်သွားမည့်ပြည်တွင် လိုက်နာအပ်သောထုံးဖွဲ့ဆုံးဖြတ်ချက်များကို ငါ့အားကိုယ့်ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ပင်၊ ငါသွန်သင်ခဲ့ပြီ။ ထိုထုံးဖွဲ့ချက်များကို ကြားရသည့်အလျောက်၊ ဤလူမျိုးသည် ဉာဏ်ပညာ၊ ဉာဏ်ပဋိဘာန်နှင့်ပြည့်စုံသောလူမျိုးကြီးပါတကားဟု ဝန်ခံကြမည့်လူအမျိုးမျိုးရှေ့တွင်၊ သင်တို့ဉာဏ်ပညာ၊ ဉာဏ်ပဋိဘာန်အကြောင်းရင်းဖြစ်သော ထိုအချက်များကို စောင့်ရှောက်လိုက်နာကြလော့။ ပဌနာပြုကြသောအခါတိုင်း ငါတို့ဘုရားသခင်ထာဝရဘုရားနီးကပ်တော်မူသကဲ့သို့၊ နီးကပ်သောဘုရားများကို ကိုးကွယ်သောလူမျိုးကြီးရှိသေး၏ေလာ။ ယနေ့တွင် သင်တို့ရှေ့ငါထားသော ဤပညတ်တရားအလုံးစုံနှင့်အမျှ၊ ဖြောင့်မတ်သောထုံးဖွဲ့ဆုံးဖြတ်ချက်များကို ရသောလူမျိုးကြီးရှိသေး၏လော။ 9-10 သို့ဖြစ်၍၊ ဟောရပ်တောင်၌ သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့ ခစားကြသောနေ့ရက်ကာလ၊ ဒိဋ္ဌမြင်ရသောအချက်များကို မမေ့မလျော့၊ တစ်သက်ပတ်လုံးစိတ်နှလုံးနှင့် မကွေမကွာစေခြင်းငှါ၊ စိတ်ပါကိုယ်ရောက်သတိပြုလျက်၊ သားမြေးတို့အားသွန်သင်ကြလော့။ ထိုကာလထာဝရဘုရားက ဤလူမျိုးကို ငါ့ရှေ့တွင်စုရုံးစေလော့။ မြေပေါ်၌အသက်တည်သမျှကာလပတ်လုံး ငါ့ကိုခန့်ညားရန်သင်ကြားရမည့်ပြင်၊ သားသမီးတို့အားလည်းသွန်သင် ခြင်းငှါ၊ ဗျာဒိတ်တော်ချက်ကို ကြားနာစေမည်ဟု ငါ့အားမိန့်တော်မူသည့်အတိုင်း၊ 11 သင်တို့သည် တောင်ခြေရင်းသို့ချဉ်းကပ်လျက် ခစားကြစဉ်၊ မိုးသားအမိုက်တိုက်မှောင်အတိ၌၊ ကောင်းကင်ဘဝဂ်အထိ၊ ထိုတောင်မှမီးတောက်သော်၊ 12 ပုံသဏ္ဌာန်မမြင်ရဘဲ ဗျာဒိတ်တော်သံကို ကြားရုံမျှကြားရသောသင်တို့အား၊ မီးအလယ်မှထာဝရဘုရားမိန့်တော်မူ၍၊ 13 သင်တို့လိုက်နာကြစေရန် မိန့်မှာတော်မူသောပဋိညာဉ်၊ ပညတ်တော်ဆယ်ပါးကို၊ ေဖာ်ပြလျက်၊ ကျောက်နှစ်ပြားထက်အက္ခရာတင်တော်မူ၏။ 14 ထိုကာလ၌ပင်၊ သင်တို့ပိုင်ရန်ကူးဝင်သောပြည်တွင် လိုက်နာကြစေခြင်းငှါ၊ ထိုထုံးဖွဲ့ဆုံးဖြတ်ချက်များကို သွန်သင်ရမည့်အကြောင်း၊ ငါအား ထာဝရဘုရားမိန့်မှာတော်မူ၏။ 15-19 ဟောရပ်တောင်တွင် မီးအလယ်မှ ထာဝရဘုရားမိန့်တော်မူသော ထိုနေ့ရက်ကာလ၊ ပုံသဏ္ဌာန်မည်သည်ကိုမျှ မမြင်ရသည်နှင့်အညီ၊ ကျားမ၊ ပုံသဏ္ဌာန်၊ မြေပေါ်ရှိတိရစ္ဆာန်ပုံသဏ္ဌာန်၊ လေ၌ကျင်လည်သောအတောင်ရှိ တိရစ္ဆာန်ပုံသဏ္ဌာန်၊ မြေပေါ်မှာတွားတတ်သောတိရစ္ဆာန်ပုံသဏ္ဌာန်၊ မြေကြီးအောက်ရေထု၌ရှိသော ငါးပုံသဏ္ဌာန်များအတူ ရုပ်ပွားဆင်းတုကိုလုပ်မိ၍ မမှားယွင်းစေခြင်းငှါလည်းေကာင်း၊ ကောင်းကင်အောက်တစ်ေလှျာက်ရှိ လူမျိုးတကာတို့အား သင်တို့ဘုရားသခင်ထာဝရဘုရားဝေဖန်တော်မူပြီးသော နေ၊ လ၊ ကြယ်များဟု ကမ္ဘာ့တန်ဆာကို မော်ကြည့်လျက်မြင်ရသဖြင့် သွေးဆောင်ရာခံ၍၊ ရှိမခိုး၊ ဝတ်မပြုစေခြင်းငှါလည်းေကာင်း၊ သတိမူကြလော့။ 20 သင်တို့ကိုကား၊ ယခုဖြစ်သည့်အတိုင်း၊ ပိုင်တော်မူရာလူမျိုးဖြစ်စေခြင်းငှါ၊ သံမိုက်လုံတည်းဟူ သောအိဂျစ်ပြည်မှ၊ ထာဝရဘုရားခေါ်ယူထုတ်ဆောင်တော်မူခဲ့ပြီ။ 21 ထာဝရဘုရားသည်၊ သင်တို့အတွက်၊ ငါ့အပေါ်၌အမျက်တော်ထားလျက်၊ သင်တို့ဘုရားသခင် ထာဝရဘုရားအပိုင်ပေးတော်မူသော ဤပြည်ကောင်းသို့ဝင်ရောက်ခွင့်၊ ယော်ဒန်မြစ်ကိုကူးသွားခွင့် မပေးဟု သစ္စာဆိုတော်မူသည့်အတိုင်း၊ ကူးသွားခွင့်မရဘဲ၊ 22 ဤပြည်နယ်တွင် ငါသေရတော့မည်။ သင်တို့မှာမူ၊ ကူးချီလျက်၊ ထိုပြည်ကောင်းကိုအပိုင်ရကြ လိမ့်မည်။ 23 သင်တို့ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်ဖွဲ့တော်မူခဲ့သော ပဋိညာဉ်ကို မမေ့မလျော့။ ပညတ်ထားတော်မူခဲ့သောတစ်စုံတစ်ရာ၏ပုံသဏ္ဌာန်အတူ၊ ရုပ်ပွားဆင်းတုကိုမလုပ်ခြင်းငှါ၊ သတိမူကြလော့။ 24 သင်တို့ဘုရားသခင်ထာဝရဘုရားသည်၊ ကျွမ်းလောင်သောမီး၊ မရှုဆိတ်သောဘုရားဖြစ်တော်မူ၏။
25 သင်တို့သည် သားမြေးတို့ကိုရလျက်၊ နေပြည်တွင်ကြာမြင့်စွာနေရသောအခါ၊ တစ်စုံတစ်ရာ၏ပုံသဏ္ဌာန်အတူရုပ်ပွားဆင်းတုကိုလုပ်၍ မှားယွင်းသဖြင့်၊ သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့၊ အမျက်တော်တိုက်အဆိုးပြုကြလျှင်၊ 26 ယော်ဒန်မြစ်ကိုကူးချီလျက် အပိုင်ရမည့်ပြည်တွင် တာရှည်ခွင့်မရဘဲ၊ အဆောတလျင်ပျက်စီး ပပျောက်ရမည့်အကြောင်း သက်သေများအဖြစ်၊ မိုးကောင်းကင်နှင့်မြေပထဝီကို ယနေ့ပင် ငါခေါ်၏။ 27 လူအမျိုးမျိုးတို့တွင် သင်တို့ကို ထာဝရဘုရားကွဲလွင့်စေတော်မူပြီးလျှင်၊ သိမ်းသွားတော်မူရာ ထိုလူမျိုးခြားတို့အတွင်း၊ ဦးရေအနည်းငယ်ကျန်ကြွင်းသောသင်တို့သည်၊ 28 ရူပါရုံ၊ သဒ္ဒါရုံ၊ ရသာရုံ၊ ဂန္ဓာရုံများခံစားခြင်းကင်းသော၊ လူ့လက်ဖြင့်ထုလုပ်ပြီးကျောက်၊ သစ်သားဘုရားများကို ဝတ်ပြုရကြမည်။ 29 သို့သော်လည်း၊ ထိုအရပ်၌ပင် သင်တို့ဘုရားသခင်ထာဝရဘုရားကို ရှာဖွေသောအခါ၊ စိတ်နှလုံး၊ အသက်ဝိညာဉ်အကြွင်းမဲ့လိုက်ရှာလျှင်၊ တွေ့ကြလိမ့်မည်။ 30-31 နောင်ကာလ၌ ဤအမှုအလုံးစုံကိုတွေ့၍၊ ဒုက္ခရောက်ရာတွင် ကရုဏာနှင့်ပြည့်စုံသော သင်တို့ဘုရားသခင်ထာဝရဘုရားထံ ပြန်လာလျက်နာခံလျှင်၊ သင်တို့ကိုစွန့်ထားဖျက်ဆီးတော်မူမည် မဟုတ်။ ဘိုးဘေးတို့အား သစ္စာဆိုခဲ့သောပဋိညာဉ်ကို သတိလစ်တော်မူမည်မဟုတ်။ 32 အသို့ဆိုသော်၊ မြေကြီးပေါ်တွင် လူသတ္တဝါကိုဘုရားသခင်ဖန်ဆင်းတော်မူသည်ကစ၍၊ ကောင်းကင်တစ်စွန်းမှတစ်စွန်းတိုင်အောင်၊ ဤမျှလောက်ကြီးကျယ်သောတန်ခိုးဖြစ်မဖြစ်၊ ကြား၊ မကြားကို သင်တို့မဖြစ်မီရှေးကာလနေ့ရက်များနှင့်စပ်လျဉ်း၍ မေးကြည့်ကြလော့။ 33 သင်တို့ကြားရသည့်နည်းတူ၊ မီးအလယ်မှဘုရားမိန့်သံကိုကြား၍၊ အသက်ချမ်းသာရဘူးသော လူတစ်မျိုးရှိသေး၏လော။ 34 ၎င်းပြင်၊ သင်တို့အတွက် မျက်မှောက်ထင်ထင်၊ အိဂျစ်ပြည်၌သင်တို့ဘုရားသခင်ထာဝရဘုရား စီရင်တော်မူသမျှအလျောက်၊ စုံစမ်းခြင်း၊ သက်သေနိမိတ်လက္ခဏာပြခြင်း၊ စစ်တိုက်ခြင်း၊ အားကြီး သောလက်ရုံးတော်ဆန့်တန်းခြင်း၊ ကြောက်မက်ဖွယ်တန်ခိုးပြခြင်းများဖြင့် လူတစ်မျိုးကိုတစ်မျိုး အတွင်းမှ ထုတ်ဆောင်ရန်သွားဝံ့ဖူးသောဘုရားရှိသေး၏လော။ 35 ထာဝရဘုရားသည် ဘုရားသခင်မှန်ကြောင်း၊ ကိုယ်တော့်ပြင်အခြားမရှိကြောင်းကို သိသာစေခြင်းငှါ၊ သင်တို့အားသာလျှင် ေဖာ်ပြပြီးဖြစ်၏။ 36 အဆုံးအမပေးတော်မူအံ့သောငှါ၊ မိုးကောင်းကင်မှမိန့်တော်သံကြားခွင့်ကိုလည်းေကာင်း၊ မြေပေါ်တွင်လည်း မဟာမီးတော်ကိုမြင်ရသည့်အတိုင်း၊ မီးအလယ်မှဗျာဒိတ်တော်သံကြားခွင့်ကိုလည်းေကာင်း၊ ပေးတော်မူ၏။ 37-38 သင်တို့ဘိုးဘေးများကို မြတ်နိုးတော်မူသည်နှင့်အညီ၊ သင်တို့ထက်ခွန်အားတန်ခိုးကြီး သော လူမျိုးခြားတို့ကို၊ သင်တို့ရှေ့နှင်ထုတ်တော်မူအံ့သောငှါလည်းေကာင်း၊ ယခုဖြစ်သည့်အတိုင်း ဆောင်သွင်း ၍၊ နေပြည်ကိုအပိုင်ပေးတော်မူအံ့သောငှါလည်းေကာင်း၊ ကိုယ်တော်တိုင်၊ မဟာတန်ခိုးဖြင့်၊ အနွယ်ဖြစ်သော သင်တို့ကို ရွေးချယ်လျက် အိဂျစ်ပြည်မှ ထုတ်ဆောင်တော်မူသည်ကိုထောက်၍၊ 39 ထာဝရဘုရားသည် အထက်ကောင်းကင်၌လည်းေကာင်း၊ အောက်မြေကြီး၌လည်းေကာင်း၊ ဘုရားသခင်မှန် ကြောင်း၊ ကိုယ်တော့်ပြင်အခြားမရှိကြောင်းများကို ယနေ့ပင်သိမှတ်နှလုံးသွင်းကြသည့်ပြင်၊ 40 သားစဉ်မြေးဆက်တို့ပါကောင်းစားလျက် သင်တို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူ သောပြည်တွင် အစဉ်တာရှည်ခွင့်ရကြအံ့သောငှါ ယခုငါဆင့်ဆိုသောထုံးဖွဲ့မိန့်မှာတော်မူချက်များကို စောင့်ရှောက်ကြလော့ဟု မောရှေဆိုလေ၏။
41-43 ထိုနောက် မောရှေသည်၊ ရုဗင့်အနွယ်သားတို့အဖို့၊ တောပျံ့ရှိဗေဇာမြို့၊ ဂဒ်အနွယ်သားတို့ အဖို့၊ ဂိလဒ်နယ်ရှိ ရာမုတ်မြို့၊ မနာရှေ့အနွယ်သားတို့အဖို့၊ ဗာရှန်နယ်ရှိ ဂေါလန်မြို့၊ ယော်ဒန်မြစ် အရှေ့ဘက်ရှိ ထိုသုံးမြို့ကို မုန်းထားခြင်းကင်းလျက် သူတစ်ပါးကိုမတော်တဆသတ်မိသောလူသတ်တို့ ပြေးသွား၍၊ အသက်ချမ်းသာရစေခြင်းငှါ၊ သီးခြားထားလေ၏။
44-49 ပိသဂါတောင်ခြေရင်းရှိ အရာဗာအိုင်တိုင်အောင်၊ ယော်ဒန်မြစ်အရှေ့ဘက် အရာဗာချိုင့် တစ်လျှောက်လုံးနှင့်တကွ၊ အာနုန်ချောင်းကမ်းပေါ်ရှိ အာရော်မြို့မှစ၍ ဟေရမုန်ခေါ်စိယုန်တောင်အထိ၊ ယော်ဒန်မြစ်အရှေ့ဘက်၊ အာမောရိမင်းနှစ်ပါးတည်းဟူသော ဗာရှန်ပြည့်ရှင်သြဃမင်းပြည်နယ်ကို လည်းေကာင်း၊ အိဂျစ်ပြည်မှထွက်လာကြပြီးနောက်၊ မောရှေနှင့်ဣသရေလအမျိုးသားတို့လုပ်ကြံခဲ့သည့် ဟေရှ ဘုန်မြို့စံရှိဟုန်မင်းပြည်နယ်ကိုလည်းေကာင်း၊ အပိုင်ရပြီးမှ ထိုရှိဟုန်မင်းပြည်နယ်တွင် ယော်ဒန်မြစ်တစ်ဘက်၊ ဗက်ပေဂုရမြို့ရင်ဆိုင်ချိုင့်၌၊ အိဂျစ်ပြည်ကထွက်လာပြီးသော ဣသရေလအမျိုးသားတို့ရှေ့ မောရှေထားခဲ့သောပညတ်တရားနှင့် ဆင့်ဆိုခဲ့သောသက်သေခံချက်၊ ထုံးဖွဲ့ချက်၊ ဆုံးဖြတ်ချက်ကို ဆိုဦးအံ့။