3
ထိုနောက် ငါတို့လှည့်ပြန်၍ဗာရှန်လမ်းဖြင့်ချီတက်ကြသည့်ကာလ၊ ဗာရှန်ပြည့်ရှင်သြဃမင်းသည်၊ အလုံးအရင်းရှိသမျှပါ၊ ဆီးဆို့တိုက်ခိုက်ရန် ဧဒြိမြို့သို့ချီထွက်သဖြင့်၊ ငါ့အားထာဝရဘုရားက၊ ထိုမင်းမှစ၍ အလုံးအရင်းနှင့်ပိုင်သောပြည်ကို၊ သင့်လက်တွင်းသို့အပ်နှင်းပြီးဖြစ်သောကြောင့်၊ မကြောက်လင့်။ ဟေရှဘုန်မြို့ စံအာမောရိပြည့်ရှင် ရှိဟုန်မင်းကိုပြုသကဲ့သို့ ထိုမင်းကိုလည်းပြုရမည်ဟု မိန့်တော်မူသည့်အတိုင်း၊ ငါတို့လက်တွင်းသို့၊ ဗာရှန်ပြည့်ရှင်သြဃမင်းနှင့်အလုံးအရင်းရှိသမျှပါ ငါတို့ဘုရားသခင်ထာဝရဘုရားအပ်နှင်းတော်မူသဖြင့် တစ်ယောက်မကျန်၊ ငါတို့လုပ်ကြံ၍၊ 4-5 တောရွာအမြောက်အမြားကိုမဆိုဘဲ၊ မြို့ရိုး၊ တံခါး၊ မင်းထုပ်နှင့်ပြည့်စုံသောခံမြို့ပေါင်းခြောက်ဆယ်ကို၊ သြဃမင်း၏နိုင်ငံအာဂေါဘပြည်တစ်ဝှမ်းလုံးတွင် တစ်မြို့မကျန်၊ သိမ်းယူပြီးလျှင်၊ ယောက်ျား၊ မိန်းမ၊ သူငယ်ရှိသမျှပါ၊ ဟေရှဘုန်မြို့စံရှိဟုန်မင်းအားပြုသကဲ့သို့၊ ထိုကာလမြေလှန်သည့်ပြင်၊ မြို့ရွာရှိဥစ္စာပစ္စည်းနှင့် တိရစ္ဆာန်များကိုကား လက်ရယူကြ၏။ 8-10 ထိုကာလ၊ ဇိဒုန်မြို့သားတို့က စိရုန်ဟူ၍လည်းေကာင်း၊ အာမောရိလူမျိုးတို့က စနိရဟူ၍လည်းေကာင်း၊ ခေါ်ဝေါ်ကြသောဟေရမုန်တောင်မှ၊ အာနုန်ချောင်းအထိ၊ ပျံ့ရှိမြို့ရွာများနှင့်တကွ၊ ဂိလဒ်နယ်တစ်ဝှမ်းလုံး၊ ဗာရှန်ပြည်တဝှမ်းလုံးပါ သြဃမင်း၏နိုင်ငံအဝင်သာလကမြို့၊ ဧဒြိမြို့များတိုင်အောင်၊ ယော်ဒန်မြစ်တစ်ဘက်ရှိ၊ အာမောရိပြည့်ရှင် ထိုမင်းနှစ်ပါးတို့လက်တွင်းမှ ပြည်လုံးကျွတ်သိမ်းယူကြ၏။ 11 အသို့ဆိုသော်၊ ရေဖိမ့်အနွယ်အနက်၊ ဗာရှန်ပြည့်ရှင်သြဃမင်းတစ်ပါးသာရှိ၏။ လူသာမန်အတောင်အတိုင်း၊ အလျားကိုးတောင်၊ အနံလေးတောင်ရှိ သော ထိုမင်း၏သံကျောက်ခေါင်းသည်၊ အမ္မုန်ပြည်ရဗ္ဗာမြို့တော်၌ ရှိသည်တကား။ 12 ထိုကာလငါတို့ပိုင်ရသောပြည်နယ်အနက်၊ အာနုန်ချောင်းအနီးရှိ အာရော်မြို့မှ၊ ဂိလဒ်ခင်တန်းတစ်ဝက်နယ်ကြားအထိ မြို့ရွာရှိသမျှပါ ရုဗင့်အနွယ်၊ ဂဒ်အနွယ်သားတို့အား ငါပေး၏။ 13 ဂိလဒ်နယ်ကျန်တစ်ဝက်ကိုကား၊ ရေဖိမ်ပြည်ဟုခေါ်ဝေါ်သော ဗာရှန်ပြည့်ရှင်သြဃမင်းနိုင်ငံ၊ အာဂေါဘပြည်တစ်ဝှမ်းလုံးနှင့်တကွ၊ မနာရှေ့အနွယ် တစ်ဝက်အားငါပေး၏။ 14 မနာရှေ့အနွယ်သားယာဣရသည် ဗာရှန်ပြည်ဖြစ်သော အာဂေါဘပြည်တစ်ဝှမ်းလုံးကို ဂေရှုရ၊ မာခါအမျိုးသားတို့နယ်စွန်းအထိ သိမ်းယူလျက်၊ ကိုယ့်အမည်အလိုက်၊ ဟာဝုတ်ယာဣရဟုသမုတ်၍၊ ယခုတိုင်အောင်တွင်သတည်း။ 15 မာခိရအဆက်အနွယ်တို့အား၊ ဂိလဒ်နယ်ကိုငါပေး၏။ 16 ရုဗင့်အနွယ်၊ ဂဒ်အနွယ်သားတို့အား ဂိလဒ်နယ်ကြားမှ၊ အမ္မုန်အမျိုးသားတို့နယ်စပ်ဖြစ်သော ယဗ္ဗုတ်ချောင်းနှင့် နယ်စပ်ဖြစ်သောအာနုန်ချောင်း လယ်အထိ၊ ပြည်နယ်ကိုလည်းေကာင်း၊ ဂေင်္နသရက်အိုင်မှစ၍၊ 17 ပိသဂါတောင်ခြေရင်းရှိ၊ အရာဗာအိုင်ခေါ်ရေငံအိုင်တိုင်အောင်၊ နယ်စပ်ဖြစ်သောယော်ဒန်မြစ်အရှေ့ဘက်အရာဗာချိုင့်ကိုလည်းေကာင်း၊ ငါပေး၏။
18 ထိုကာလသင်တို့အားငါက၊ ဤပြည်နယ်ကိုသင်တို့ဘုရားသခင်ထာဝရဘုရားအပိုင်ပေးတော်မူသည့်အတိုင်း၊ သင်တို့အနက်ရဲမက်အပေါင်းတို့သည်၊ ဆွေမျိုးရင်းချာဖြစ်သော ဣသရေလအမျိုးသားတို့ရှေ့၊ လက်နက်စွဲကိုင်လျက်ကူးချီရာတွင်၊ 19 တိရစ္ဆာန်အမြောက်အမြားကို သင်တို့ပိုင်ကြောင်း၊ ငါသိသည့်အလျောက်၊ ထိုတိရစ္ဆာန်နှင့်တကွ၊ မိန်းမ၊ သူငယ်တို့ကို ငါဝေခဲ့သောမြို့များ၌ နေစေကြလော့။ 20 သင်တို့အားရန်ငြိမ်းခွင့်ကို ထာဝရဘုရားပေးတော်မူသည့်နည်းတူ ယော်ဒန်မြစ်အနောက်ဘက် သင်တို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူ သောပြည်ကို ဆွေမျိုးသားချင်းတို့လည်း အပိုင်ရလျက် ရန်ငြိမ်းခွင့်ရှိကြပြီးမှ၊ ငါဝေခဲ့သောပိုင်စုသို့ အသီးအသီးပြန်လာခွင့်ရမည့်အကြောင်း၊ မှာလိုက်ပြီးနောက်၊ 21 ယောရှုအားလည်း ဤမင်းနှစ်ပါး၌သင့်ဘုရားသခင်ထာဝရဘုရားစီရင်တော်မူသမျှကို သင်ဒိဋ္ဌမြင်ရပြီ။ ကူးရောက်ရာနိုင်ငံဟူသမျှအား၊ ထိုနည်းတူ စီရင်တော်မူဦးမည်။ 22 သင်တို့ဘုရားသခင်ထာဝရဘုရားသည် သင်တို့အဖို့စစ်တိုက်တော်မူသောကြောင့် မကြောက်လင့်ဟုမှာလိုက်လေ၏။
23 ထိုကာလငါသည် ထာဝရဘုရားထံ အသနားတော်ခံသည်မှာ 24 အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည်ကြီးမြတ်သောဘုန်းဂုဏ်နှင့်လက်ရုံးတော် တန်ခိုးကို၊ ကျွန်တော်မျိုးအား စတင်ေဖာ်ပြတော်မူလေပြီ။ ဤသို့တန်ခိုးကြီးသောအမှုတော်များနှင့်အမျှ စီရင်နိုင်သောဘုရားသည် ကောင်းကင်၌သော်လည်းေကာင်း၊ မြေပထဝီ၌သော်လည်းေကာင်း၊ ရှိသေး၏လော။ 25 ယော်ဒန်မြစ်အနောက်ဘက်၊ ကောင်းမြတ်ရာခင်တန်းဖြစ်သော ပြည်ကောင်းနှင့်လေဗနုန်တောင်တန်းကိုမြင်ရရန်၊ ကူးသွားပါရစေဟု၊ တောင်းလျှောက်သော်လည်း 26 ထာဝရဘုရားသည်၊ သင်တို့အတွက် ငါ့အပေါ်၌အမျက်တော်ထားလျက်၊ နားမညောင်းဘဲမိန့်တော်မူသည်မှာ တော်ပြီ။ ဤအရေးနှင့်စပ်၍ ဆက်လက်မလျှောက်လင့်။ 27 ဤယော်ဒန်မြစ်ကိုမကူးရသည့်အတွက် ပိသဂါတောင်ထိပ်သို့တက်ပြီးလျှင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အရပ်များသို့မျှော်ကြည့်လော့။ 28 သင်မြင်ရသောပြည်သို့၊ အပိုင်ရစေရန်၊ လူမျိုးတော်ရှေ့ဦးဆောင်လျက် ကူးချီရသောယောရှုကို ခန့်ထား၍ထောက်မအားပေးခဲ့လော့ဟု ငါ့အားမိန့် တော်မူပြီးလျှင် 29 ငါတို့သည် ဗက်ပေဂုရမြို့ ရင်ဆိုင်ချိုင့်တွင် စွဲရပ်နေကြရသတည်း။