2
ထိုနောက်ငါ့အား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း၊ ငါတို့သည်ပင်လယ်နီလမ်းဖြင့် သဲတောသို့ဆုတ်ချီလျက်၊ စိရတောင်ကို ကြာမြင့်စွာကွင်းကြ ပြီးလျှင်၊ 2-3 ထာဝရဘုရားက၊ ဤတောင်ကိုသင်တို့ကွင်းရသည်ကားကြာလှပြီ။ မြောက်မျက်နှာသို့လှည့်သွားကြလော့။ လူမျိုးတော်အား ဆင့်ဆိုရမည်မှာ၊ စိရတောင်တွင်နေကြသော၊ သင်တို့ဆွေမျိုးသားချင်းဖြစ်သူ၊ ဧသော့အမျိုးသားတို့သည် ပြည်နယ်ကိုသင်တို့ဖြတ် သွားသည့်အတွက်၊ ကြောက်ရွံ့ကြမည်။ ထိုလူမျိုးအား မတိုက်ခိုက်ရန် သတိပြုကြလော့။ စိရတောင်ကိုဧသောအား ငါအပိုင်ပေးပြီးဖြစ်၍၊ ထိုပြည်နယ်အတွင်းဖဝါးချရာကိုမျှ၊ သင်တို့အားပေးမည်မဟုတ်။ ခဲဖွယ်သောက်ဖွယ်ကို၊ တန်ဖိုးပေး၍၊ သုံးသောက်ရန်ဝယ်ကြလော့။ အသို့ဆိုသော်၊ သင်တို့ဘုရားသခင်ငါထာဝရဘုရားသည်၊ ပြုလေရာရာ၌ကောင်းကြီးမင်္ဂလာပေးသည့်အတိုင်း၊ နှစ်ပေါင်းလေးဆယ်ပတ်လုံး သင်တို့နှင့်အတူရှိလျက်၊ ဤသဲတောကြီးတွင်လျှောက်သွားရခြင်းကို ထောက်ရှုတော်မူရာ သင်တို့၌မည်သည်မျှမလိုကြောင်း ဆင့်ဆိုလော့ဟု မိန့်တော်မူသည် နှင့်အညီ ငါတို့သည် ဆွေမျိုးသားချင်းဖြစ်သူ၊ ဧသော့အမျိုးသားတို့နေရာစိရတောင်မှလည်းေကာင်း၊ ဧလတ်မြို့၊ ဧဇယုန်ဂါဗာမြို့များနှင့် အရာဗာချိုင့်လမ်းမှလည်းေကာင်း ထွက်ခွာ ကြ၏။
ထိုနောက် ငါတို့သည် လှည့်လျက်၊ မောဘပြည်လမ်းဖြင့် လှေျာက်သွားကြရာ ထာဝရဘုရားက၊ မောဘလူမျိုးကို ရန်မူလျက် စစ်မတိုက်နှင့်။ အာရပြည် ကိုလောတအမျိုးသားတို့အား ငါအပိုင်ပေးပြီးဖြစ်၍ ထိုပြည်နယ်အတွင်း သင်တို့အပိုင်အဖြစ်ပေးမည်မဟုတ်ဟု ငါ့အားမိန့်တော်မူ၏။ 10-11 အာနကလူမျိုးတို့ကဲ့သို့ ရေဖိမ်ဟုအများခေါ်ဝေါ်ကြသော်လည်း၊ မောဘပြည်သားတို့က ဧမိမ်ဟုသမုတ်ကြသောလူတစ်မျိုးသည် အာနကလူမျိုးနှင့်အမျှ၊ အရပ်အမောင်းကြီးမြင့်များပြားလျက် ရှေးကာလထိုပြည်၌ နေကြ၏။ 12 ရှေးကာလ၌စိရတောင်တွင် ဟောရိလူမျိုးနေထိုင်ကြသော်လည်း ထာဝရဘုရားအပိုင်ပေးတော်မူသောပြည်ကို ဣသရေလလူမျိုးပြုသည့်နည်းတူ၊ ဧသော့အမျိုးသားတို့သည်၊ ဆိုခဲ့သောလူမျိုးကိုပယ်ရှားလျက် ပြည်ကိုအပိုင်ရ၍ ေနရာကျကြသတည်း။ 13 ထာဝရဘုရားကလည်း၊ ဇေရက်ချောင်းကိုထ၍ ကူးချီကြလော့ဟုမိန့်တော်မူသည့်အတိုင်း ငါတို့ကူးချီကြ၏။ 14 ကာဒေရှဗာနာမြို့မှ ချီထွက်သည့်နေ့ကစ၍၊ စစ်သူရဲတို့အား ထာဝရဘုရားသစ္စာဆိုတော်မူသည်နှင့်အညီ၊ ရှိသမျှတို့သည်တပ်စားခန်းအတွင်းကုန်ဆုံး ခြင်းနေ့၊ ဇေရက်ချောင်းကို ငါတို့ကူးချီခြင်းနေ့တိုင်အောင်၊ ခရီးရက်တာကား၊ သုံးဆယ့်ရှစ်နှစ်ကြာသတည်း။ 15 တပ်စားခန်းအတွင်းကုန်ဆုံးတိမ်ကောစေခြင်းငှါ၊ ထိုသူတို့အပေါ်၌ ထာဝရဘုရားလက်ရုံးဆန့်တော်မူ၏။
16 စစ်သူရဲအပေါင်းတို့သည်၊ လူမျိုးတော်ဘောင်မှကုန်ဆုံးကွယ်လွန်ကြပြီးနောက်၊ 17-18 ထာဝရဘုရားက၊ သင်တို့သည်အာရမြို့အနီးမောဘပြည်နယ်စပ်ကို ယနေ့ဖြတ်ကျော်ပြီးလျှင်၊ 19 အမ္မုန်အမျိုးသားတို့ ရင်ဆိုင်သို့ရောက်သောအခါ၊ ရန်မူလျက်မတိုက်ခိုက်ကြနှင့်။ လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီးဖြစ်၍၊ အမ္မုန်အမျိုးသားတို့ပြည်နယ်အတွင်း၊ သင်တို့အပိုင်အဖြစ်ပေးမည်မဟုတ်ဟု ငါ့အားမိန့်တော်မူ၏။ 20 ဇံဇုမ္မိမ်ဟုအမ္မုန်လူမျိုးတို့သမုတ်သော ရေဖိမ်လူမျိုးသည် ထိုပြည်တွင် ရှေးကာလနေထိုင်ကြသည်ကို အစွဲပြု၍၊ ရေဖိမ်ပြည်ဟုခေါ်ဝေါ်ကြ၏။ 21-22 ထိုလူမျိုးသည်၊ အာနကလူမျိုးနှင့်အမျှ၊ အရပ်အမောင်းကြီးမြင့်များပြားသော်လည်း စိရတောင်တွင် နေထိုင်သောဧသော့အမျိုးသားတို့ရှေ့၊ ဟောရိလူမျိုးကိုထာဝရဘုရားပယ်ရှားတော်မူသည့်အတိုင်း၊ ပြည်ကိုအပိုင်ရလျက် ယခုတိုင်အောင်နေရာကျကြသည့်နည်းတူ၊ ဆိုခဲ့သောလူမျိုးကိုလည်း၊ အမ္မုန်အမျိုးသားတို့ရှေ့ ပယ်ရှားတော်မူသည့်အလျောက်၊ ပြည်ကိုအပိုင်ရလျက် နေရာကျကြလေ၏။ 23 ထိုအတူ၊ ဂါဇမြို့တိုင်အောင်ပင် ရွာသူရွာသားဖြစ်သော အာဝိလူမျိုးတို့ကို ကရေတေကျွန်းသားတို့သည် ၎င်းကျွန်းမှထွက်ချီလျက် ပယ်ရှားပြီးလျှင်၊ နေရာကျကြ၏။ 24 ထာဝရဘုရားကလည်း၊ အာနုန်ချောင်းကို ထသွားကူးချီကြလော့။ ဟေရှဘုန်မြို့စံအာမောရိပြည့်ရှင်ရှိဟုန်မင်းကို နေပြည်နှင့်တကွ၊ သင်တို့လက်တွင်းသို့ငါအပ်နှင်းပြီဖြစ်၍ စတင်တိုက်ခိုက်သိမ်းယူကြလော့။ 25 ယနေ့ကစ၍၊ သင်တို့အကြောင်းကို သတင်းကြားလျက် တုန်လှုပ်နာကျင်အံ့သော၊ ကောင်းကင်အောက်တစ်ေလျှာက်ရှိ လူမျိုးတကာ့အပေါ်တွင်၊ သင်တို့အတွက် ကြောက်ရွံ့ထိတ်လန့်သောသဘောကို ငါသွင်းပေးမည်ဟု မိန့်တော်မူ၏။
26 ထိုနောက်ကေဒမုတ်တောမှ၊ ဟေရှဘုန်မြို့စံရှိ ဟုန်မင်းထံသံတမန်တို့ကိုငါစေလွှတ်လျက်၊ 27 ကိုယ်တော်၏ပြည်ကို ဖြတ်သွားပါရစေ။ ကျွန်တော်တို့သည်၊ ဝဲယာသို့မယိမ်းမယိုင်ဘဲ၊ လမ်းမဖြင့်သာေလျှာက်သွားကြပါမည်။ 28-29 စိရတောင်တွင်နေထိုင်သောဧသော့အမျိုးသားတို့နှင့်၊ အာရပြည်တွင်နေထိုင်သောမောဘလူမျိုးတို့ပြုလိုက်ကြသည့်နည်းတူ၊ ကျွန်တော်တို့အား ထာဝရဘုရားပေးသနားတော်မူသောပြည်ရောက်၊ ယော်ဒန်မြစ်ကိုမကူးမချင်း၊ ခြေလျင်ဖြတ်သွားခွင့်ပေးလျက် တန်ဖိုးယူ၍၊ သုံးသောက်ရန်ခဲဖွယ် သောက်ဖွယ်ကိုရောင်းတော်မူပါဟု မိတ်သဟာယစကားကိုကြားလိုက်သော်လည်း၊ 30 ယခုဖြစ်သည့်အတိုင်း သင်တို့လက်တွင်းသို့အပ်နှင်းရန် ထိုမင်းစိတ်သဘောကို သင်တို့ဘုရားသခင်ထာဝရဘုရားခဲယဉ်းခက်မာစေတော်မူသော ကြောင့်၊ ဟေရှဘုန်မြို့စံရှိဟုန်မင်းသည် ဖြတ်သွားခွင့်မပေးလိုချေ။ 31 သို့နှင့်အညီ ထာဝရဘုရားက၊ ယခုမှစ၍ရှိဟုန်မင်းနှင့်နေပြည်ကို သင်တို့ရှေ့တွင်ငါအပ်နှင်းသည့်အတိုင်း အပိုင်ရခြင်းငှာ၊ စတင်သိမ်းယူကြလော့ဟု ငါ့အားမိန့်တော်မူ၏။ 32 ရှိဟုန်မင်းသည်၊ အလုံးအရင်းရှိသမျှပါ၊ ငါတို့ကိုဆီးဆို့တိုက်ခိုက်ရန်၊ ယာဟတ်မြို့သို့ချီထွက်ရာ၊ 33 ငါတို့ဘုရားသခင်ထာဝရဘုရားအပ်နှင်းတော်မူသည်ဖြစ်၍၊ ထိုမင်းမှစသောသားတော်များပါ၊ အလုံးအရင်းရှိသမျှကို ငါတို့လုပ်ကြံလျက် မြို့ရွာရှိ သမျှကိုသိမ်းယူပြီးလျှင်၊ 34 ယောက်ျား၊ မိန်းမ၊ သူငယ်များပါ၊ တစ်ယောက်မကျန်၊ ထိုကာလမြေလှန်သည့်ပြင်၊ 35 မြို့ရွာရှိဥစ္စာပစ္စည်းနှင့် တိရစ္ဆာန်များကိုကား လက်ရယူကြ၏။ 36 အာနုန်ချိုင့်ကမ်းပေါ်ရှိ အာရော်မြို့နှင့်ချိုင့်လယ်ရှိမြို့မှစ၍၊ ဂိလဒ်နယ်တိုင်အောင် မြို့ရွာရှိသမျှကိုငါတို့ဘုရားသခင်ထာဝရဘုရားအပ်နှင်းတော်မူ သည့်အတိုင်း ငါတို့မရသောခံမြို့တစ်မြို့မျှ မရှိချေ။ 37 အမ္မုန်အမျိုးသားတို့ပြည်၊ ယဗ္ဗုတ်ချောင်းကမ်းခြေတစ်လေျှာက် ခင်တန်းရှိမြို့ရွာများနှင့် ငါတို့ဘုရားသခင်ထာဝရဘုရားပညတ်ထားတော်မူခဲ့သော အရပ်ရပ်ကိုကား သင်တို့မချဉ်းမရောက်ကြရာ၊