9
ခါလဒဲနိုင်ငံကိုအုပ်စိုးရသော မေဒိလူမျိုးအာရွှေရု၏သား၊ ဒါရိမင်းနန်းစံပဌမနှစ်တွင်၊ ငါဒံယေလသည် ယေရုရှလင်မြို့ပျက်စီးလျက်နေရလတ္တံ့သော နှစ်ပေါင်းခုနစ်ဆယ်အရေအတွက်ကို ပရောဖက်ယေရမိထံရောက်လာခဲ့သော ထာဝရဘုရား၏ ဗျာဒိတ်တော်နှင့်အညီ ကျမ်းစာများအားဖြင့်ရိပ်မိရသောကြောင့်၊ အစာရှောင်ခြင်း၊ လျှော်တေဝတ်ခြင်း၊ ပြာလူးခြင်းများနှင့် အရှင်ဘုရားသခင်ကိုမျက်မှောက်ပြုလျက် ဆုတောင်း၍အသနားတော်ခံသည်မှာ၊ ကိုယ်တော်ကိုချစ်ကြည်ညို၍ ပညတ်တော်များကိုစောင့်ရှောက်သူတို့အဖို့ ပဋိညာဥ်နှင့်ကရုဏာတော်ကိုစောင့်စည်းလျက် ကြီးမြတ်၍ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော အရှင်ဘုရားသခင်၊ အကျွန်ုပ်တို့သည်ပြစ်မှား၍ ဒုစရိုက်ကိုပြုမိကြပါပြီ။ ဆိုးသွမ်းမှုကိုပြုလျက် ပုန်ကန်မိကြပါပြီ။ ပညတ်တော်နှင့်တရားဆုံးဖြတ်တော်မူချက်များကို လွှဲေရှာင်မိကြပါပြီ။ ဘိုးဘေးမှစ၍ ဘုရင်မင်းမှူးမတ်တို့နှင့်ပြည်သူပြည်သားအပေါင်းတို့အား နာမတော်နှင့် ကိုယ်တော်၏ကျွန်ပရောဖက်တို့ဟောပြောသည်ကို မလိုက်မနာဘဲနေမိ ကြပါပြီ။ အရှင်ဘုရား၌ ဖြောင့်မတ်ခြင်းတည်လျက်ရှိပါ၏။ အရှင်ဘုရား၏ သစ္စာတော်ကိုမစောင့်၊ ပျက်ယွင်းကြသည့်အတွက် အနီးအဝေးရှိသော အပြည်ပြည်သို့နှင်ထုတ်တော်မူခြင်းကိုခံရသော ယုဒပြည်သူယေရုရှလင်မြို့သားများနှင့် ဣသရေလလူမျိုးအပေါင်းတည်းဟူသော အကျွန်ုပ်တို့၌မူကား ယနေ့ခံရသည့်အတိုင်း မျက်နှာပျက်ခြင်းတည်လျက်ရှိရပါ၏။ အရှင်ဘုရားကို ပြစ်မှားမိသောကြောင့် ဘိုးဘေးမှစ၍ ဘုရင်မင်းမှူးမတ်တို့နှင့်အကျွန်ုပ်တို့၌ မျက်နှာပျက်ခြင်းတည်လျက်ရှိရပါ၏။ 9-10 အကျွန်ုပ်တို့အရှင်ထာဝရဘုရားသခင်သည် ကိုယ်တော်၏ကျွန်ပရောဖက်တို့အားဖြင့် မျက်မှောက်တွင်ထားတော်မူသောတရားလမ်းကို မလျှောက်မလိုက်၊ ဗျာဒိတ်တော်သံကိုနားမထောင်ဘဲ ကိုယ်တော်ကိုပုန်ကန်ကြသော်လည်း အကျွန်ုပ်တို့၏အရှင်ဘုရားသခင်၌ မေတ္တာကျေးဇူးနှင့်အပြစ်ဖြေလွှတ်ခွင့်ရှိတော်မူ၏။ 11 ဣသရေလလူမျိုးအပေါင်းတို့လည်း ဗျာဒိတ်တော်သံကိုနားမထောင်ဘဲလွှဲသွား၍ တရားတော်ကိုလွန်ကျူးလျက် ကိုယ်တော်ကိုပြစ်မှားကြသောကြောင့် ဘုရားသခင့်ကျွန်မောရှေ၏ ပညတ္တိကျမ်း၌ရေးထားသော အမင်္ဂလာတည်းဟူသောကျိန်ဆိုချက်သည် အကျွန်ုပ်တို့အပေါ်တွင်သွန်းလောင်းလျက် တည်လေစွတကား။ 12 ကောင်းကင်တစ်ပြင်လုံးအောက် မရောက်စဘူးသောဘေးဥပဒ်ကြီးကို ယေရုရှလင်မြို့၊ အကျွန်ုပ်တို့အပေါ်တွင်သင့်ရောက်စေသဖြင့် အကျွန်ုပ်တို့မှစ၍ အုပ်စိုးသောတရားမင်းတို့တစ်ဘက်၌ မိန့်ဆိုသောဗျာဒိတ်တော်ကို အတည်ပြုတော်မူပြီ။ 13 မောရှေ၏ပညတ္တိကျမ်း၌ရေးထားသည့်အတိုင်း ဘေးဥပဒ်ရှိသမျှသည် အကျွန်ုပ်တို့အပေါ်တွင်သင့်ရောက်လေပြီးဖြစ်သော်လည်း ဒုစရိုက်ကိုကြဉ်၍ သမ္မာတရားတော်၌ လေ့လာခွင့်ရှိစေခြင်းငှာ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံ မျက်နှာသာကိုမရှာဘဲနေကြပြီတကား။ 14 အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားပြုတော်မူသမျှ၌ ဖြောင့်မတ်တော်မူပါလျက် အကျွန်ုပ်တို့လည်း ဗျာဒိတ်တော်သံကိုနားမထောင်ဘဲနေကြသောကြောင့် ထာဝရဘုရားသည် ထိုဘေးဥပဒ်ကိုစောင့်ကြပ်၍ သင့်ရောက်စေတော်မူပြီ။ 15 အားကြီးသောလက်ရုံးတော်ဖြင့် လူမျိုးတော်ကိုအိဂျစ်ပြည်မှထုတ်ဆောင်၍ ယနေ့ရှိသည့်အတိုင်း အမည်တော်ကိုထင်ပေါ်စေတော်မူသော အကျွန်ုပ်၏အရှင်ဘုရားသခင်၊ အကျွန်ုပ်တို့သည်ပြစ်မှား၍ ဆိုးသွမ်းမှုကိုပြုမိကြပါပြီ။ 16 အကျွန်ုပ်တို့အပြစ်၊ ဘိုးဘေးတို့၏ဒုစရိုက်များကြောင့် ယေရုရှလင်မြို့နှင့်လူမျိုးတော်သည် ပတ်ဝန်းကျင်ရှိသူတို့ကဲ့ရဲ့ရာဖြစ်၍ ဖြောင့်မတ်ေတာ်မူသောအမှုရှိသမျှနှင့်အညီ သန့်ရှင်းသောတောင်တည်းဟူသော ယေရုရှလင်မြို့တော်မှ ဒေါသအမျက်တော်ကိုလွှဲတော်မူပါအရှင်ဘုရား၊ 17 အကျွန်ုပ်တို့၏ဘုရားသခင်၊ ကျွန်တော်မျိုးပြုသောပဌနာနှင့် အသနားတော်ခံချက်ကိုနားညောင်းတော်မူပါ။ ဆိတ်ညံလျက်ရှိသောသန့်ရှင်းရာဌာနတော်ကို အရှင်ဘုရားအတွက် မျက်နှာတော်ရောင်ခြည်ကို လွှတ်တော်မူပါ။ 18 အကျွန်ုပ်၏ဘုရားသခင်၊ နားညောင်းနာယူတော်မူပါ။ စက္ခုတော်ကိုဖွင့်၍ ကျွန်တော်တို့၏ဆိတ်ညံရာကိုလည်းကောင်း၊ နာမတော်ဖြင့်သမုတ်သောမြို့ကိုလည်းကောင်း ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ့်ဖြောင့်မတ်ခြင်းကိုအမှီမပြုဘဲ၊ မဟာကရုဏာတော်ကိုသာအမှီပြု၍ ရှေ့တော်၌အသနားတော်ခံကြပါ၏။ 19 အကျွန်ုပ်၏ဘုရားသခင်၏ မြို့တော်နှင့်လူမျိုးတော်သည် နာမတော်ဖြင့်သမုတ်ခံရသည်နှင့်အညီ၊ ကိုယ်တော့်အတွက်နားညောင်းတော်မူပါအရှင်ဘုရား၊ ဖြေလွှတ်တော်မူပါအရှင်ဘုရား၊ နာယူ၍ဆိုင်းလင့်တော်မမူဘဲ စီရင်တော်မူပါအရှင်ဘုရားဟု အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားထံ ဝန်ချလျက် အသနားတော်ခံပါ၏။
20 ထိုသို့ဆုတောင်းပဌနာပြု၍ ကိုယ့်အပြစ်ကိုလည်းကောင်း၊ အမျိုးသားချင်းဣသရေလလူတို့၏အပြစ်ကိုလည်းကောင်း ဝန်ချလျက် ငါ၏ဘုရားသခင့်သန့်ရှင်းသောတောင်တော်အဖို့ ငါ၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ အသနားတော်ခံ၍၊ 21 ဆုတောင်းပဌနာပြုစဉ်တွင် ငါအလွန်ပင်ပန်းလျက် ယခင်ရူပါရုံတွင်မြင်ဖူးသူဂါဗြေလသည် ညဦးယံပူဇော်ချိန်ခန့်တွင် ငါ့ကိုတို့၍ပြောဆိုသည်မှာ၊ 22 အချင်းဒံယေလ၊ သင်သည် ဉာဏ်ပဋိဘာန်၌လေ့လာစေရန် ငါထွက်လာပြီ။ 23 သင်သည် အသနားတော်ခံစအခါ၌ပင် အလွန်နှစ်သက်ရသူဖြစ်သဖြင့် ထုတ်ဆင့်သောဗျာဒိတ်တော်ကို သင့်အားဖော်ပြခြင်းငှာ ငါထင်ရှားပြီ။ ထိုဗျာဒိတ်တော်နှင့်ထင်ရှားခြင်းကို ဆင်ခြင်၍နားလည်လော့။ 24 လွန်ကျူးမှုကိုကန့်သတ်၍ အပြစ်ကိုတံဆိပ်ခတ်ပိတ်လျက် ဒုစရိုက်ဖြေရှင်းခြင်းငှာလည်းကောင်း၊ ထာဝရဖြောင့်မတ်ခြင်းကိုသွင်း၍ ရူပါရုံနှင့်ဗျာဒိတ်တော်များကို တံဆိတ်ခတ်ပိတ်လျက် အထူးသန့်ရှင်းသောဌာနကို ဘိသိက်သွန်းစေခြင်းငှာလည်းကောင်း၊ သင်၏လူမျိုးနှင့်သန့်ရှင်းသောမြို့အဖို့ သိတင်းခုနစ်ဆယ်ဟု ပြဋ္ဌာန်းတော်မူလေပြီ။ 25 ယေရုရှလင်မြို့ကို တစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ထုတ်သည့်နေ့မှစ၍ ဘိသိက်တော်ခံမင်းပေါ်ထွန်းသည့်တိုင်အောင် ခုနစ်သိတင်းကြာလိမ့်မည်။ ခြောက်ဆယ့်နှစ်သိတင်းအတွင်း နှောက်ရှက်ခံရသည့်ကာလတွင် လမ်းမလမ်းကြားများနှင့်တစ်ဖန်တည်ထောင်လိမ့်မည်။ 26 ဘိသိက်တော်ခံမင်းသည် ထိုခြောက်ဆယ့်နှစ်သိတင်းလွန်ပြီးမှ မည်သည်ကိုမျှမပိုင်ဘဲပယ်ရှားရာခံရ၍ နောက်ပေါ်လတ္တံ့သောမင်း၏လူမျိုးသည် မြို့တော်ကိုလည်းကောင်း၊ သန့်ရှင်းရာဌာနကိုလည်းကောင်း ဖြိုဖျက်ကြပြီးလျှင် ၎င်းမင်းသည် ရှောင်တခင်ဘေးဖြင့်ဆုံးလိမ့်မည်။ ဆိတ်ညံရာဖြစ်ရမည်ဟုပြဋ္ဌာန်းတော်မူပြီးဖြစ်သောကြောင့် ဆုံးခန်းသည်တိုင်အောင် စစ်မှုများပြားလိမ့်မည်။ 27 တစ်သိတင်းတွင် လူအများတို့နှင့် ခိုင်ခံ့သောပဋိညာဉ်ဖွဲ့လျက် ထိုသိတင်း၏တစ်ဝက်ကြာ၊ ပူဇော်သက္ကာကိုပြတ်စဲစေလိမ့်မည်။ ဆိတ်ညံရာဖြစ်စေသော မင်းအပေါ်တွင်ပြဋ္ဌာန်းတော်မူသမျှကို အဆုံးသတ်သွန်းလောင်းသည့်တိုင်အောင် ဆိတ်ညံစေမည့်သူသည် ရွံရှာဖွယ်အတောင်ဖြင့် လာရောက်၍နေလိမ့်မည်ကို သိမှတ်နားလည်လော့ဟု သွန်သင်ကြားပြောလေ၏။