7
ဗာဗုလုန်ဘုရင် ဗေလရှာဇာမင်းနန်းစံပထမနှစ်တွင် ဒံယေလသည်မြင်မက်၍ အိပ်ရာပေါ်တွင် မနောရူပါရုံမြင်ပြီးသောထိုအိပ်မက်အချုပ်အချာကို ရေးသားပြန်ကြားလေ၏။ ထိုသို့ဒံယေလပြန်ကြားချက်ကား၊ ညဉ့်အခါရူပါရုံတွင်ငါမြင်ရသည်မှာ ကောင်းကင်လေးမျက်နှာမှလေပြင်းများသည် မဟာသမုဒ္ဒရာပေါ်၌တိုက်ဝှေ့သဖြင့် သဏ္ဌာန်ချင်းမတူသော သားရဲကြီးလေးကောင်သည် သမုဒ္ဒရာထဲမှတက်လာကြ၏။ ပထမသားရဲကား ခြင်္သေ့နှင့်တူလျက် ရွှေလင်းတအတောင်ကဲ့သို့ရှိ၏။ ငါရှုကြည့်နေစဉ် အတောင်ကိုနုတ်သည့်ပြင် မြေမှထူထစေသည့်အတိုင်း လူကဲ့သို့ခြေစုံရပ်လျက် လူ့စိတ်ကိုလည်းရ၏။ ဒုတိယသားရဲကား ဝံနှင့်တူ၏။ ကိုယ်တစ်ဘက်ကိုကြွလျက် နှုတ်၌နံရိုးသုံးချောင်းကိုက်ချီ၏။ ထိုသားရဲအား၊ ထ၍အသားများစွာကို ကိုက်စားလော့ဟုပြောဆိုကြ၏။ ထို့နောက် ငါရှုကြည့်သော် ကျားသစ်နှင့်တူလျက်၊ ကျောက်ကုန်း၌ငှက်ကဲ့သို့အတောင်လေးခုရှိလျက်၊ ဦးခေါင်းလေးလုံးပါသောသားရဲတစ်ကောင်ကိုမြင်ရ၏။ ထိုသားရဲသည် အုပ်စိုးခွင့်ကိုခံယူရ၏။ ၎င်းနောက် ညဉ့်အခါထိုရူပါရုံတွင် ငါမြင်ရသောစတုတ္ထသားရဲကား ကြောက်မက်ဖွယ်ရာခွန်အားတန်ခိုးနှင့်ပြည့်စုံ၍ ကြီးသောသံသွားရှိလျက် ကိုက်စားပိုင်းဖြတ်ပြီးမှ အကြွင်းအကျန်ကိုခြေဖြင့်နင်းချေလေ၏။ ထိုသားရဲသည် အရင်သားရဲရှိသမျှထက်ထူးခြား၍ ဦးချိုဆယ်ချောင်းပါ၏။ ထိုဦးချိုများကို ငါထောက်ရှုစဉ်တွင် အလယ်၌ဦးချိုငယ်တစ်ချောင်းပေါ်ထွက်လျှင် အရင်ဦးချိုများအနက်သုံးချောင်းကို ၎င်းရှေ့တွင်နုတ်ရ၏။ ထိုဦးချိုငယ်သည် လူကဲ့သို့မျက်စိနှင့်တကွ၊ အကြီးအကျယ်ကိုပြောဆိုတတ်သောနှုတ်ရှိ၏။ ငါရှုကြည့်စဉ် ရာဇပလ္လင်များကိုတည်ထားလျက် အသက်ကြီးရင့်သူတစ်ပါးသည်ထိုင်တော်မူ၏။ ဝတ်လုံတော်သည် မိုးပွင့်ကဲ့သို့လည်းကောင်း၊ ဆံတော်လည်း သိုးမွေးစင်ကဲ့သို့လည်းကောင်း ဖြူ၏။ ပလ္လင်တော်သည်မီးလျှံသဖွယ် ဘီးများလည်းမီးတောက်သဖွယ်ဖြစ်၏။ 10 မျက်မှောက်တော်မှမြစ်ကဲ့သို့မီးထွက်လာ၏။ လူအထောင်အသောင်းတို့သည် အမှုတော်ကိုဆောင်ရွက်၍ ကုဋေသင်္ချေတို့သည်လည်း ရှေ့တော်၌ခစားကြ၏။ တရားစီရင်ရန်ခင်းကျင်း၍ စာစောင်များကိုဖွင့်ထားကြ၏။ 11 ထိုအခါ ဦးချိုပြောဆိုသည့် ကြီးကျယ်သောစကားသံကြောင့် ငါရှုကြည့်စဉ် ၎င်းသားရဲသည်ကွပ်မျက်ခံရသည့်ပြင် ကိုယ်ခန္ဓာကိုဖျက်ဆီး၍ မီးရှို့ရန်အပ်နှင်းကြ၏။ 12 အခြားသောသားရဲတို့မူကား အုပ်စိုးခွင့်ကိုရုပ်သိမ်းခံရသော်လည်း ချိန်းချက်သောကာလတိုင်အောင် အသက်ရှည်ရကြ၏။ 13 ညဉ့်အခါ ထိုရူပါရုံတွင်ငါရှုကြည့်ရာ လူ့သားနှင့်တူသောသူတစ်ဦးသည် မိုးတိမ်နှင့်တကွလာလျက် အသက်ကြီးရင့်သူနေရာတော်သို့ရောက်လျှင် အပါးတော်သို့ဝင်ရလေ၏။ 14 ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးဟူသမျှသည် ကိုးကွယ်ရစေခြင်းငှာ နိုင်ငံနှင့်တကွ အာဏာစက်၊ ဘုန်းတန်ခိုးများကိုခံရ၏။ အာဏာစက်တော်သည် မပမပျောက်ဘဲ ထာဝရဖြစ်လျက် နိုင်ငံတော်လည်း မပျက်စီးနိုင်သောနိုင်ငံဖြစ်သတည်း။
15 ငါဒံယေလသည် ကိုယ်ခန္ဓာစိတ်ဝိညာဉ်ပါပူဆွေးလျက် မနောရူပါရုံကြောင့်ပူပန်ရလျှင်၊ 16 အနား၌ ရပ်နေသူတစ်ယောက်ထံချဉ်းကပ်၍ မြင်လေသမျှ၏အဓိပ္ပါယ်ကိုမေးမြန်းသော်၊ 17 ထိုသူက၊ ဤသားရဲကြီးလေးကောင်ကား မြေတွင်ပေါ်လတ္တံ့သောမင်းလေးပါးဖြစ်၏။ 18 သို့သော်လည်း မြင့်မြတ်သောဘုရား၏သန့်ရှင်းသူတို့သည် နိုင်ငံကိုခံယူရ၍ ကာလအစဉ်ကမ္ဘာအဆက်ဆက် စိုးပိုင်ကြလိမ့်မည်ဟူသောအနက်ကို ဖော်ပြလေ၏။ 19 ထိုနောက် အခြားသောသားရဲရှိသမျှထက်ထူးခြား၍ အလွန်ကြောက်မက်ဖွယ်ဖြစ်လျက်၊ သံသွား၊ ကြေးလက်သည်းခြေသည်းပါသဖြင့်၊ ကိုက်စားပိုင်းဖြတ်ပြီးမှ အကြွင်းအကျန်ကိုခြေဖြင့်နင်းချေသော စတုတ္ထသားရဲ၏အဓိပ္ပါယ်ကိုလည်းကောင်း၊ 20 ဦးခေါင်း၌ရှိသောချိုဆယ်ချောင်းမှစ၍ နောက်ပေါ်ထွက်သဖြင့် ဦးချိုသုံးချောင်းကိုခုပြီးလျှင် အကြီးအကျယ်ကိုပြောဆိုတတ်သောနှုတ်နှင့်တကွ မျက်စိပါလျက်၊ အဖော်တို့ထက်ရဲရင့်ဟန်ရှိသောဦးချို၏ အဓိပ္ပါယ်ကိုလည်းကောင်း ငါမေးမြန်း၏။ 21-22 ငါရှုကြည့်စဉ် အသက်ကြီးရင့်သူသည်ရောက်လာလျှင် မြင့်မြတ်သောဘုရား၏သန့်ရှင်းသူတို့ဘက်၌ စီရင်ဆုံးဖြတ်တော်မူသဖြင်၊ ၎င်းတို့သည်နိုင်ငံကို စိုးပိုင်ရသောအချိန်ရောက်သည့်တိုင်အောင် ထိုဦးချိုသည် သန့်ရှင်းသူတို့ကိုစစ်တိုက်၍နိုင်၏။ 23 ထိုသူကလည်း၊ စတုတ္ထသားရဲကား မြေပေါ်ရှိနိုင်ငံတကာတို့ထက်ထူးခြား၍ မြေတစ်ပြင်လုံးကိုကိုက်စားပိုင်းဖြတ်နင်းချေလတ္တံ့သော စတုတ္ထနိုင်ငံဖြစ်၏။ 24 ဦးချိုဆယ်ချောင်းဟူသည်ကား ဆိုခဲ့သောနိုင်ငံထဲမှမင်းဆယ်ပါးပေါ်ပြီးနောက် ထူးခြားသောမင်းတစ်ပါးပေါ်ထွန်း၍ သုံးပါးသောမင်းကိုနန်းချလိမ့်မည်။ 25 ထိုမင်းသည် မြင့်မြတ်သောဘုရားကိုပြစ်မှားပြောဆို၍ ထိုဘုရား၏သန့်ရှင်းသူတို့ကိုလည်း ညှဉ်းပန်းသည့်ပြင် အခါကာလနှင့် တရားကိုပြောင်းလွှဲရန် ကြံစည်လိမ့်မည်။ တစ်ကာလ၊ ကာလများ၊ ကာလဝက်ပတ်လုံး သူ့လက်တွင်းသို့ရောက်လိမ့်မည်။ 26 သို့သော်လည်း စီရင်ဆုံးဖြတ်ရန်ခင်းကျင်းပြီးမှ အုပ်စိုးခွင့်ကိုရုပ်သိမ်း၍ အကုန်အစင်ဆုံးရှုံးအောင်ဖျက်ဆီးကြလိမ့်မည်။ 27 ထိုနိုင်ငံနှင့် အာဏာစက်ကိုလည်းကောင်း၊ ကောင်းကင်အောက်ရှိသမျှသောနိုင်ငံ၏ဘုန်းစည်းစိမ်ကိုလည်းကောင်း၊ မြင့်မြတ်သောဘုရား၏သန့်ရှင်းသော လူမျိုးတို့ခံရကြလိမ့်မည်။ ထိုနိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်လျက် အာဏာရမင်းအပေါင်းတို့လည်း နာခံကိုးကွယ်ရကြလိမ့်မည်ဟုဖော်ပြလေ၏။ 28 ထိုအချင်းအရာ၏အချုပ်အခြာကား ဤရွေ့တည်း။ ငါဒံယေလသည် ဆင်ခြင်ပူပန်လျက်မျက်နှာပျက်ရသော်လည်း မြင်မက်သမျှကို စိတ်နှလုံး၌ပိုက်ကျုံးလေ၏။