5
ထို့နောက် ဗေလရှာဇာမင်းသည်၊ တစ်ထောင်သောမှူးမတ်တို့အဖို့ ခမ်းနားကြီးကျယ်စွာပွဲသဘင်ခင်းကျင်းလျက်၊ ၎င်းတို့အလယ်တွင် စပျစ်ရည်ကိုသောက်၍သုံးဆောင်စဉ်တွင် ယေရုရှလင်မြို့ဗိမာန်တော်ထဲမှ ခမည်းတော်နေဗုခဒ်နေဇာမင်းသိမ်းယူခဲ့သော ရွှေဖလား၊ ငွေဖလားဖြင့် ဘုရင်မင်းမှစ၍ မိဖုရား၊ မောင်းမမိဿံတို့နှင့်မှူးမတ်တို့ပါ သောက်ကြစေရန် ယူခဲ့ရမည်ဟုအမိန့်ရှိသည့်အတိုင်း၊ ယေရုရှလင်မြို့ရှိ ဘုရားသခင့်ဘုံဗိမာန်ထဲမှသိမ်းယူခဲ့သောရွှေဖလား၊ ငွေဖလားများကိုယူပြီးလျှင် ၎င်းဘုရင်မှစ၍ မိဖုရား၊ မောင်းမမိဿံတို့နှင့်မှူးမတ်တို့ပါ သောက်ကြကုန်၏။ စပျစ်ရည်ကိုသောက်လျက် ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သစ်သား၊ ကျောက်နှင့်လုပ်သောဘုရားများကိုချီးမွမ်းကြလေ၏။ ထိုအခါ၌ပင် လူ၏လက်ချောင်းပေါ်ထွက်လျက် မီးခုံရှေ့၊ နန်းတော်နံရံအင်္ဂတေပေါ်တွင် စာရေးသားလေ၏။ ထိုရေးသားသောလက်ကိုရှင်ဘုရင်မြင်လျှင်၊ မျက်နှာပျက်၍ ဆင်ခြင်ပူပန်သဖြင့် ခါးဆစ်လွဲမတတ် ဒူးချင်းရိုက်သည်ရှိသော်၊ မှော်ဆရာ၊ ခါလဒဲဆရာ၊ ဟူးရားဆရာတို့ကိုခေါ်သွင်းစေဟုဟစ်ကြော်ပြီးလျှင် ထိုစာကိုဖတ်၍ အနက်ဖော်ပြနိုင်သူ့အား နီမောင်းသောဝတ်လုံကိုဆင်ယင်၍ လည်၌ရွှေစလွယ်တင်သဖြင့် အမြတ်ဆုံးသော မင်းသုံးပါးတို့ရာထူးတွင်ခန့်ထားမည်ဟု ဗာဗုလုန်ပညာရှိတို့အားမိန့်ဆိုရာ၊ ပညာရှိမင်းဆရာအပေါင်းတို့ ဝင်ရောက်ကြသော်လည်း ထိုစာကိုဖတ်ရန်မစွမ်း၊ အနက်ကိုလည်း မဖော်ပြနိုင်သည်ဖြစ်၍၊ ဗေလရှာဇာမင်းသည် အလွန်ပူပန်လျက်မျက်နှာပျက်သည့်ပြင် မှူးမတ်တို့လည်းမှိုင်တွေနေကြကုန်၏။ 10 ထိုအခါ မယ်တော်မိဖုရားသည် ရှင်ဘုရင်နှင့်မှူးမတ်တို့စကားကိုကြားသိသောကြောင့် ပွဲတော်ဆောင်သို့ဝင်၍ ဘုရင်မင်းမြတ် ကာလအစဉ်သက်တော်ရှည်ပါစေ။ ဆင်ခြင်သဖြင့်ပူပန်လျက် မျက်နှာပျက်ခြင်းမရှိပါနှင့်။ 11-12 သန့်ရှင်းသောဘုရားများ၏ ဝိညာဉ်တော်ပြည့်စုံသူတစ်ပါးသည် နိုင်ငံတော်တွင်ရှိပါ၏။ ခမည်းတော်ဘုရားလက်ထက်၊ ထိုသူ၌ ဘုရားများ၏ ပညာနှင့်တူသော ပညာ၊ ဉာဏ်၊ အလင်းထင်ရှားလျက်ရှိသည်နှင့်အညီ ထူးချွန်သောစိတ်၊ အသိပညာ၊ ဉာဏ်ပဋိဘာန်မှစ၍ အိပ်မက်အနက်ကိုဖတ်ခြင်း၊ စကားဝှက်များကိုဖော်ပြခြင်း၊ ပြဿနာများကိုဖြေခြင်းသတ္တိသည် ဘုရင့်ထံဗေလတရှာဇာဘွဲ့ခံသူဒံယေလ၌ ထင်ရှားလျက်ရှိသောကြောင့် ခမည်းတော်နေဗုခဒ်နေဇာမင်းသည် ဗေဒင်ဆရာ၊ မှော်ဆရာ၊ ခါလဒဲဆရာ၊ ဟူးရားဆရာတို့အပေါ်တွင် သုခမိန်ဝန်ရာထူး၌ ခန့်ထားတော်မူ၏။ ၎င်းဒံယေလကို ခေါ်တော်မူလျှင် အနက်ကိုဖတ်ပြပါလိမ့်မည်ဟု ပြောဆိုလေ၏။
13-14 ထိုအခါ ဒံယေလကိုခေါ်သွင်းပြီးလျှင် ဘုရင်မင်းက၊ ခမည်းတော်ဘုရင်သည် ယုဒပြည်မှသိမ်းယူတော်မူခဲ့သော သုံ့ပန်းရ ယုဒအမျိုးသားတို့ပါဝင်သူဒံယေလမှန်သလော။ သင်၌ဘုရားများ၏ ဝိညာဉ်တော်ရှိကြောင်းကိုလည်းကောင်း၊ ထူးချွန်သောပညာ၊ ဉာဏ်၊ အလင်းထင်ရှားရှိကြောင်းကိုလည်းကောင်း ငါကြားသိလေပြီ။ 15 ထိုစာကိုဖတ်၍ အနက်ကိုဖော်ပြစေခြင်းငှာ ပညာရှိဗေဒင်ဆရာများကို ရှေ့တော်သို့ယခုသွင်းခဲ့သော်လည်း အနက်ကိုမဖော်မပြနိုင်ကြ။ 16 ဆရာသည် အနက်ကိုဖော်ပြလျက် ပြဿနာများကိုလည်းဖြေနိုင်ကြောင်း ငါကြားရသည့်အလျောက် ထိုစာကိုဖတ်၍အနက်ဖော်ပြနိုင်လျှင် နီမောင်းသော ဝတ်လုံကိုဆင်ယင်လျက် လည်၌ရွှေစလွယ်တင်သဖြင့် အမြတ်ဆုံးသောမင်းသုံးပါးတို့ရာထူးတွင် ခန့်ထားမည်ဟုမိန့်ဆိုလေ၏။ 17 ဒံယေလကလည်း ဆုလပ်တော်ကို လက်တော်တွင်ပြန်သိမ်း၍ သူတစ်ပါးအဖို့ဖြစ်ပါစေ။ သို့ရာတွင် ရှေ့တော်၌ထိုစာကိုဖတ်၍ အနက်ကိုဖော်ပြပါမည်။ 18 ဘုရင်မင်းမြတ်၊ မြင့်မြတ်သောဘုရားသခင်သည် ခမည်းတော်နေဗုခဒ်နေဇာမင်းအား နိုင်ငံတော်နှင့်တကွ အထွဋ်အမြတ်၊ ဘုန်းအာနုဘော်ကို သနားတော်မူခဲ့ပြီ။ 19 သနားတော်မူသော ထိုအထွဋ်အမြတ်ကြောင့် ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးဟူသမျှတို့သည် ရှေ့တော်၌ကြောက်ရွံ့တုန်လှုပ်လျက် နေရကြ၏။ အလိုတော်ရှိရာ ကွပ်မျက်ခြင်း၊ ချမ်းသာစေခြင်းကိုပြုတော်မူ၍ အလိုတော်ရှိရာပင် ချီးမြှင့်ခြင်း၊ နှိမ့်ချခြင်းကိုလည်းပြုတော်မူပါ၏။ 20 စိတ်နေမြင့်လျက်မာန်မာနဝင်သဖြင့် ခက်ထန်သောအခါမူကား ဘုန်းတန်ခိုးကွယ်ပ၍ နန်းမှကျရလေ၏။ 21 မြင့်မြတ်သောဘုရားသခင်သည် လူ့ဘုံကိုအုပ်စိုး၍ အလိုတော်ရှိသူ့ကိုချီးမြှင့်ခန့်ထားတော်မူကြောင်း သိမှတ်ရသည့်တိုင်အောင်၊ ထိုဘုရင်သည်လူ့ဘောင်မှနှင်ထုတ်ခံရသည့်ပြင် တိရစ္ဆာန့်သဘောရောက်၍ မြည်းရိုင်းတို့နှင့်အတူနေရခြင်း၊ နွားကဲ့သို့မြက်ကိုစားရခြင်း၊ ကိုယ်၌ မိုးနှင်းစွတ်စိုခြင်းများကိုခံရ၏။ 22 အရှင့်သား ဗေလရှာဇာ၊ အရှင်သည် ထိုအမှုအရေးရှိသမျှကိုသိပါလျက် စိတ်နှလုံးမနှိမ့်ချဘဲ၊ 23 ကောင်းကင်ဘုံရှင်တစ်ဘက်၌ ထကြွ၍ ဗိမာန်တော်သုံးဖလားများကို ရှေ့တော်သို့ယူစေပြီးလျှင် ဘုရင်မင်းမှစ၍ မိဖုရား၊ မောင်းမမိဿံတို့နှင့်မှူးမတ်တို့ပါ စပျစ်ရည်ကိုထည့်သောက်ကြသည့်ပြင် မြင်လည်းမမြင်၊ ကြားလည်းမကြား၊ သိလည်းမသိတတ်သောရွှေ၊ ငွေ၊ ကြေး၊ သံ၊ သစ်သား၊ ကျောက်နှင့်လုပ်သောဘုရားများကိုချီးမွမ်းလျက် ဘုရင်မင်းမြတ်အသက်ကိုကိုင်၍ အလေ့အလာရှိသမျှကိုလည်း ပိုင်စိုးတော်မူသောဘုရားသခင်ကိုကား မချီးမွမ်းချေ။ 24 ထို့ကြောင့် ဘုရားသခင့်အထံတော်မှ လက်ကိုစေ၍ ဤစာကိုရေးသားစေတော်မူ၏။ 25 ရေးသားသောစာကား၊ မနေမနေး၊ တကေလ၊ ဉဖရစင်တည်း။ 26 အနက်ကား၊ မနေး၊ ဘုရားသခင်သည် ဘုရင်မင်းမြတ်နိုင်ငံခေတ်ကိုရေတွက်၍ကုန်စေတော်မူပြီ။ 27 တကေလ၊ ဘုရင်မင်းမြတ်ကိုချိန်စက်၍ လျော့ကြောင်းကိုတွေ့မြင်တော်မူပြီ။ 28 ဉဖရစင်၊ နိုင်ငံကိုခွဲဝေ၍ မေဒိလူမျိုး၊ ပေရသိလူမျိုးတို့အား အပ်ပေးတော်မူပြီဟူ၍ ရှေ့တော်တွင်တင်လျှောက်လေ၏။ 29 ထိုအခါ ဗေလရှာဇာမင်းအမိန့်ရှိရင်းအတိုင်း ဒံယေလအား နီမောင်းသောဝတ်လုံကိုဆင်ယင်လျက် လည်၌ရွှေစလွယ်တင်ပြီးလျှင် အမြတ်ဆုံးသောမင်းသုံးပါးတို့ရာထူးတွင် ခန့်ထားကြောင်းကြော်ငြာစေ၏။ 30 ထိုညဉ့်တွင်ပင် ခါလဒဲလူမျိုးဘုရင်ဗေလရှာဇာမင်းသည် လုပ်ကြံသတ်ဖြတ်ခံရ၍၊ 31 အသက်ခြောက်ဆယ့်နှစ်နှစ်ရွယ်ရှိသော မေဒိလူမျိုးဘုရင်ဒါရိမင်းသည် နိုင်ငံကိုသိမ်းမြန်းဆက်ခံလေ၏။