4
မြေတစ်ပြင်လုံး၌နေကြကုန်သော ဘာသာစကားအမျိုးမျိုးပြောဆိုသူ၊ လူမျိုးဟူသမျှတို့အား ငါနေဗုခဒ်နေဇာမင်းအမိန့်ကြော်ငြာလိုက်သည်မှာ သင်တို့၌ငြိမ်သက်ခြင်း များပြားပါစေသော။ မြင့်မြတ်သောဘုရားသခင်သည် ငါ့အားထင်ရှားစေတော်မူသော နိမိတ်လက္ခဏာအံ့ဖွယ်ရာများကို ဖော်ပြသင့်သည်ဟုငါထင်မြင်၏။ နိမိတ်လက္ခဏာတော်များသည် ကြီးကျယ်၍ အံ့ဖွယ်ရာများလည်းထူးဆန်းပါ၏။ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်လျက် အာဏာစက်တော်လည်း ကာလအစဉ်တည်မြဲပါ၏။
ငါနေဗုခဒ်နေဇာသည် နန်းတော်တွင်စိတ်အေးစွာ စည်းစိမ်ခံလျက်နေစဉ်အခါ၊ အိပ်မက်ကိုမြင်ရသဖြင့် သာလွန်ပေါ်တွင်စက်လျက် ဆင်ခြင်စဉ်းစားသော် မနောရူပါရုံကြောင့်ကြောက်လန့်ပူပန်ပါ၏။ ထိုကြောင့်အိပ်မက်အနက်ကိုဖော်ပြစေခြင်းငှာ ဗာဗုလုန်ပညာရှိအပေါင်းတို့ကို ရှေ့တော်သို့ခေါ်သွင်းစေဟု ငါအမိန့်ရှိသည့်အတိုင်း၊ ေဗဒင်ဆရာ၊ မှော်ဆရာ၊ ခါလဒဲဆရာ၊ ဟူးရားဆရာတို့ဝင်ရောက်ကြလျှင် ထိုအိပ်မက်ကိုငါပြန်ကြားသော်လည်း အနက်မဖော်မပြနိုင်ကြ။ ၎င်းနောက် ငါကိုးကွယ်သော ဘုရား၏နာမတော်ကိုအစွဲပြုလျက် ဗေလတရှာဇာဘွဲ့ခံ၍ သန့်ရှင်းသောဘုရားများ၏ဝိညာဉ်တော်ရှိသူဒံယေလသည် ငါ့ထံဝင်ရောက်လျှင်၊ ၎င်းအိပ်မက်ကို ငါပြန်ကြားမိန့်ဆိုသည်မှာ အချင်းဗေဒင်ဆရာချုပ်ဗေလတရှာဇာ၊ သင်၌ သန့်ရှင်းသောဘုရားများ၏ဝိညာဉ်ရှိသဖြင့် မည်သည့်ကွယ်ဝှက်ရာမဆို စိတ်ပင်ပန်းစရာအကြောင်းမဖြစ်သည်ကို ငါသိသည်နှင့်အညီ ငါမြင်သောအိပ်မက်ရူပါရုံကို အနက်ပါဖော်ပြလော့။ 10 သာလွန်ပေါ်တွင်မြင်မက်သော မနောရူပါရုံကား၊ မြေဗဟိုတွင်မြင့်လှစွာသောသစ်ပင်ကို ငါရှုမြင်ရာ၊ 11 ထိုသစ်ပင်သည် ကြီးပွားခိုင်မာသဖြင့် မိုးကောင်းကင်တိုင်အောင်မြင့်လျက် မျက်မြင်လည်း မြေကြီးစွန်းမှထင်ရှား၏။ 12 အရွက်လည်းလှပစည်ပင်လျက် အသီးလည်းပေါများသဖြင့် သတ္တဝါအပေါင်းတို့စားသုံးရန်ဖြစ်၏။ မြေသတ္တဝါသည် အရိပ်၌လည်းကောင်း၊ လေသတ္တဝါသည် အကိုင်းအခက်၌လည်းကောင်း မှီခိုရသည့်ပြင် ရှိသမျှတို့သည်စားသောက်ရကြ၏။ 13 သာလွန်ပေါ်တွင်မြင်မက်သော မနောရူပါရုံကိုဆိုဦးအံ့။ သန့်ရှင်းသောစောင့်ကြည့်တတ်သူတစ်ပါးသည် ကောင်းကင်မှသက်ဆင်းပြီးလျှင်၊ 14 သစ်ပင်ကိုလှဲ၍ အခက်များကိုခုတ်ဖြတ်လော့။ အရွက်များကိုချွေလျက် အသီးများကိုလည်းလွှင့်ပစ်လော့။ သားယဉ်သားရဲများသည် အရိပ်မှလည်းကောင်း၊ ကြက်ငှက်များလည်းအကိုင်းအခက်မှလည်းကောင်း ထွက်သွားကြစေ။ 15 သို့ရာတွင် အမြစ်အငုတ်ကိုသံကြေးကြိုးဖြင့်ချည်လျက် နုသောမြက်ခင်းတွင် မြေ၌ခြွင်းထားစေ။ မိုးနှင်းစိုစွတ်ခြင်းကိုခံ၍ သားယဉ်သားရဲတို့နှင့်အတူ မြက်ဝေပုံကိုစားစေ။ 16 လူ့စိတ်ကွယ်ပျောက်၍ တိရစ္ဆာန်စိတ်ဝင်ရောက်လျက် ကာလခုနစ်ခုမြောက်ခံစေ။ 17 မြင့်မြတ်သောဘုရားသည် လူ့ဘုံကိုအုပ်စိုး၍ အလိုတော်အလျောက်အာဏာစက်အပ်ပေးလျက် ယုတ်ညံ့သောသူ့ကိုပင်ချီးမြှင့်ခန့်ထားတော်မူကြောင်းကို သက်ရှိသတ္တဝါတို့သိမှတ်ကြစေခြင်းငှာ ထိုအမိန့်သည် စောင့်ကြည့်သူတို့၏ပြဋ္ဌာန်းချက်၊ အမှုလည်းသန့်ရှင်းသူတို့၏စီရင်ချက်ကြောင့်ဖြစ်သတည်းဟု ဟစ်ကြော်လေ၏။ 18 ထိုသို့သောအိပ်မက်ကို ငါနေဗုခဒ်နေဇာမင်းမြင်ရပြီ။ ငါ့နိုင်ငံတွင်ပညာရှိအပေါင်းတို့သည် အနက်ကိုဖတ်ပြရန်မတတ်စွမ်းနိုင်ကြသော်လည်း ဆရာ၌ သန့်ရှင်းသောဘုရားများ၏ ဝိညာဉ်တော်ရှိသောကြောင့် တတ်စွမ်းနိုင်သည့်အတိုင်းဖတ်ပြလော့၊ အချင်းဗေလတရှာဇာဟု ဒံယေလအားမိန့်ဆိုလေ၏။
19 ထိုအခါ ဗေလတရှာဇာဘွဲ့ခံဒံယေလသည် အတန်ငယ်မှိုင်တွေလျက် ဆင်ခြင်ပူပန်လေ၏။ ဘုရင်မင်းကလည်း အချင်းဗေလတရှာဇာ၊ အိပ်မက်နှင့်အနက်အတွက် ပူပန်သောစိတ်မရှိပါနှင့်ဟုမိန့်ဆိုသော် ဗေလတရှာဇာက အရှင်မင်းမြတ်၊ အိပ်မက်သည် အရှင်ကိုမုန်းထားသူတို့အပေါ်၌လည်းကောင်း၊ အနက်လည်းရန်သူတို့အပေါ်၌လည်းကောင်း သင့်ရောက်ပါစေသော။ 20 ကြီးပွားခိုင်မာသဖြင့် မိုးကောင်းကင်တိုင်အောင်မြင့်လျက် မျက်မြင်လည်း မြေကြီးစွန်းမှထင်ရှားထသော၊ 21 အရွက်လည်းလှပစည်ပင်လျက် အသီးလည်းပေါများသဖြင့် သတ္တဝါအပေါင်းတို့စားသုံးရန်ဖြစ်ထသော၊ အရိပ်၌ မြေသတ္တဝါ၊ အကိုင်းအခက်၌ လေသတ္တဝါမှီခိုရာဖြစ်ထသော၊ ဤသို့မြင်မက်တော်မူသောသစ်ပင်ကား၊ 22 အခြားမဟုတ်၊ ဘုရင်မင်းမြတ်ပင်တည်း။ အရှင်သည်ကြီးပွား၍ တန်ခိုးနှင့်ပြည့်စုံတော်မူ၏။ ဘုန်းတော်ရှိန်သည် တိုးတက်သဖြင့် မိုးကောင်းကင်တိုင်အောင်လည်းကောင်း၊ အာဏာစက်တော်လည်း မြေကြီးစွန်းတိုင်အောင်လည်းကောင်း ထင်ရှားတော်မူလေပြီ။ 23 သန့်ရှင်းသော စောင့်ကြည့်တတ်သူတစ်ပါးက၊ သစ်ပင်ကိုခုတ်လှဲဖျက်ဆီးလော့။ သို့ရာတွင် အမြစ်အငုတ်ကို သံကြေးကြိုးဖြင့်ချည်လျက် နုသောမြက်ခင်းတွင် မြေ၌ခြွင်းထားစေ။ ကာလခုနစ်ခုမြောက်သည့်တိုင်အောင် မိုးနှင်းစိုစွတ်ခြင်းကိုခံ၍ သားယဉ်သားရဲတို့နှင့်အတူ မြက်ဝေပုံကိုစားစေဟု ကောင်းကင်မှကြွေးကြော်လျက် သက်ဆင်းသည်ကိုမြင်တော်မူသည်၏ အနက်မှာ၊ 24-26 မြင့်မြတ်သောဘုရားသည်လူ့ဘုံကိုအုပ်စိုး၍ အလိုတော်အလျောက် အာဏာစက်အပ်ပေးတော်မူကြောင်းကို သိမှတ်ရသည့်တိုင်အောင် ဘုရင်မင်းမြတ်သည် လူ့ဘောင်မှနှင်ထုတ်ခံရခြင်း၊ မြေတိရစ္ဆာန့်ဘောင်တွင်နေရသည့်ပြင် နွားကဲ့သို့မြက်ကိုစားရခြင်း၊ မိုးနှင်းစိုစွတ်ခြင်းများကို ကာလခုနစ်ခုမြောက်ခံရလိမ့်မည်။ ၎င်းပြင် အမြစ်အငုတ်ကို ခြွင်းထားစေဟူသောအမိန့်နှင့်အညီ ကောင်းကင်ဘုံရှင် အုပ်စိုးတော်မူကြောင်းကို ဘုရင်မင်းမြတ်သိမှတ်ပြီးနောက် နိုင်ငံတော်ကို တည်မြဲတည်ပြန်ရလိမ့်မည်ဟူ၍ မြင့်မြတ်သောဘုရားပြဋ္ဌာန်းတော်မူချက်သည် အရှင်ဘုရင်မင်းမြတ်၌ရောက်လိမ့်သတည်း။ 27 သို့ဖြစ်၍ ဘုရင်မင်းမြတ်၊ ကျွန်တော်မျိုးတင်ချက်ကိုနာယူလျက် စည်းစိမ်ချမ်းသာတာရှည်စေခြင်းငှာ ဖြောင့်မတ်ခြင်းအားဖြင့် အပြစ်ဒုစရိုက်များကိုလည်းကောင်း၊ သူဆင်းရဲတို့ကိုသနားညှာတာခြင်းအားဖြင့် လွန်ကျူးမှုများကိုလည်းကောင်း ပြတ်စဲစေလော့ဟုတင်လျှောက်၏။ 28 ထိုဗျာဒိတ်တော်အတိုင်း နေဗုခဒ်နေဇာမင်း၌ အကုန်အစင်ဖြစ်ပျက်ခြင်းအကြောင်းကား၊ 29 တစ်ဆယ့်နှစ်လလွန်သော် ဗာဗုလုန်နန်းပေါ်တွင်စင်္ကြံကြွရာ ဤမြို့ကား၊ 30 ငါ၏ဘုန်းကြက်သရေကိုထင်ရှားစေခြင်းငှာ အစွမ်းတန်ခိုးနှင့်ငါစံနေရာနန်းတော်အဖြစ်ဖြင့် တည်ဆောက်သော ဗာဗုလုန်မြို့ကြီးမဟုတ်တုံလောဟူသောစကားကို၊ 31-32 ဘုရင်မင်းမြွက်ဆိုစဉ်တွင်ပင် အိုနေဗုခဒ်နေဇာမင်း၊ သင့်ထံကြားသိစေသည်မှာ နိုင်ငံရိုက်ရာသည် သင့်လက်မှလွတ်သွားလေပြီ။ မြင့်မြတ်သောဘုရားသည် လူ့ဘုံကိုအုပ်စိုး၍ အလိုတော်အလျောက်အာဏာစက်အပ်ပေးတော်မူကြောင်းကို သိမှတ်သည့်တိုင်အောင် သင်သည် လူ့ဘောင်မှနှင်ထုတ်ခြင်း၊ မြေတိရစ္ဆာန့်ဘောင်တွင် နေရသည့်ပြင် နွားကဲ့သို့မြက်ကိုစားရခြင်းများကို ကာလခုနစ်ခုမြောက်ခံရလိမ့်မည်ဟူသောဗျာဒိတ်တော်သံသည် ကောင်းကင်မှကျူးရင့်လိုက်၏။ 33 ထိုဗျာဒိတ်တော်နှင့်အညီ နေဗုခဒ်နေဇာမင်း၌ရုတ်တရက်သင့်ရောက်၍ လူ့ဘောင်မှနှင်ထုတ်ခံရသဖြင့် သူသည် နွားကဲ့သို့မြက်ကိုစားရခြင်း၊ ကိုယ်၌မိုးနှင်း စိုစွတ်ခြင်းများကိုခံရလျက် အမွေးလည်း ရွှေလင်းတအမွေးကဲ့သို့လည်းကောင်း၊ ခြေသည်းလက်သည်းများလည်း ငှက်ခြေသည်းကဲ့သို့လည်းကောင်း ရှည်ထွက်၏။ 34 ဆိုခဲ့သည့်ကာလစေ့သောအခါ ငါနေဗုခဒ်နေဇာသည် ကောင်းကင်သို့မြော်ကြည့်ရာ လူ့စိတ်ပြန်ရသဖြင့် မြင့်မြတ်သောဘုရားကိုဩဘာပြု၍ အနန္တကာလပတ်လုံး ရှင်နေတော်မူသောဘုရားကို ချီးမွမ်းထောမနာပြုလေ၏။ အာဏာစက်တော်သည်ထာဝရဖြစ်လျက် နိုင်ငံတော်လည်းကာလအစဉ်တည်မြဲပါ၏။ 35 လောက၌နေထိုင်သူရှိသမျှတို့သည် အရေးယူတော်မမူဖွယ်ရာဖြစ်လျက် ကောင်းကင်ဗိုလ်ခြေတို့တွင်လည်းကောင်း၊ လောက၌နေထိုင်သူတို့တွင်လည်းကောင်း စီရင်ပြုပြင်တော်မူ၏။ မည်သို့ပြုသနည်းဟုဆိုလျက် လက်ရုံးတော်ကိုဆီးကာနိုင်သူမရှိ။ 36 ထိုအခါ၌ပင် လူ့စိတ်ပြန်ရသည့်ပြင် နိုင်ငံကြက်သရေထင်ရှားစေခြင်းငှာ ဘုန်းအာနုဘော်တည်ပြန်၍ မင်းတိုင်ပင်မှူးတော်မတ်တော်တို့သည်၊ ညီလာခံဝင်ကြလျှင် ငါ၏အာဏာတည်မြဲတည်လျက် ထူးခြားသောတန်ခိုးလည်းတိုးတက်ရ၏။ 37 အမှုတော်ရှိသမျှသည် သစ္စာနှင့်လည်းကောင်း၊ အလေ့အလာတော်များလည်း တရားသဖြင့်စီရင်ခြင်းနှင့်လည်းကောင်း ညီညွတ်လျက်၊ မောက်မာစွာသွားလာတတ်သူတို့ကို နှိမ့်ချနိုင်တော်မူသော ကောင်းကင်ဘုရင်အား ငါနေဗုခဒ်နေဇာသည် ချီးမွမ်းထောမနာပြုလျက် ဩဘာဆက်ရသတည်း။