7
အို ချစ်သူတို့၊ ထိုဂတိတော်များကိုငါတို့ခံရကြသည့်အလျောက် ရုပ်ခန္ဓာနှင့်နာမ်ခန္ဓာ အညစ်အကြေးအမျိုးမျိုးမှစင်ကြယ်စေသဖြင့် ဘုရားသခင့်အားခန့်ညားလျက် စုံလင်သောသန့်ရှင်းခြင်းသို့ ရောက်ကြကုန်အံ့။
ငါတို့ကိုနေရာပေးကြလော့။ ငါတို့သည်မည်သူ့ကိုမျှပြစ်မှားခြင်း၊ ပျက်ယွင်းခြင်း၊ တင်စားခြင်းပြုပြီမဟုတ်။ ထိုသို့ဆိုသည်မှာ သင်တို့ကိုအပြစ်မစီရင်လို၊ အထက်ကငါဆိုခဲ့သည့်အတိုင်း သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ၊ သင်တို့ကိုငါတို့စိတ်၌ထားကြပြီ။ သင်တို့နှင့်စပ်၍ ငါစိတ်ချခွင့်၊ သင်တို့အတွက်ငါဂုဏ်ရောက်ခွင့်များလှ၍ ငါတို့ခံရသောဒုက္ခအမျိုးမျိုး၌ ပြည့်သောနှစ်သိမ့်ခြင်း၊ ပြည့်လျှံသောရွှင်လန်းခြင်းကိုခံရ၏။ အသို့ဆိုသော် မာကေဒေါနိပြည်သို့ငါတို့ရောက်သည့်အခါပင် ကာယသုခမရဘဲ ဗဟိဒ္ဓတွင်တိုက်လှန်ခြင်း၊ အဇ္စုတ္တတွင်ကြောက်ရွံ့ခြင်းသင့်လျက် ဖိစီးခြင်းကိုအဘက်ဘက်ခံရသော်လည်း၊ နိမ့်ကျသူတို့ကိုနှစ်သိမ့်စေသောဘုရားသခင်သည် တိတုရောက်လာခြင်းအားဖြင့် ငါတို့ကိုနှစ်သိမ့်စေတော်မူသည်သာမက၊ ငါ့အတွက် သင်တို့လွမ်းတခြင်း၊ မြည်တမ်းခြင်၊း စိတ်စေတနာထက်သန်ခြင်း အကြောင်းများကို ပြန်ကြားစဉ် သင်တို့ကြောင့် တိတုရသောနှစ်သိမ့်ခြင်းအားဖြင့် ငါ၌ထပ်မံရွှင်လန်းရ၏။ ငါရေးလိုက်သောစာဖြင့် ကာလအတန်ကြာသင်တို့ပူပန်ကြောင်းသိမြင်ရသည့်အလျောက် အထက်ကနှမြောသော်လည်း၊ ယခုမှာ သင်တို့ကိုပူပန်စေရသောကြောင့်မဟုတ်။ နောင်တရခြင်းအလို့ငှာပူပန်ကြသည့်အတွက် နှမြောခြင်းကင်းလျက်ရွှင်လန်း၏။ သင်တို့သည် ငါတို့ကြောင့်မည်သည့်ဆုံးရှုံးခြင်းကိုမျှ မခံစေရန် ဘုရားသခင့်နည်းလမ်းတော်အတိုင်း ပူပန်ရကြ၏။ 10 ဘုရားသခင့်နည်းလမ်းတော်အတိုင်း ပူပန်ခြင်းအကျိုးသည် ကယ်တင်ခြင်းအလို့ငှာ နှမြောခြင်းကင်းသောနောင်တရခြင်းဖြစ်၏။ ဤလောကနည်းလမ်းအတိုင်း ပူပန်ခြင်းအကျိုးကား သေခြင်းတည်း။ 11 ၎င်းပြင် ဘုရားသခင့်နည်းလမ်းတော်အတိုင်း သင်တို့ပူပန်ခြင်းအကျိုးမှာ မည်မျှစိတ်အားကြီးခြင်း၊ မည်မျှထုချေခြင်း၊ မည်မျှစိတ်ညစ်ခြင်း၊ မည်မျှကြောက်ရွံ့ခြင်း၊ မည်မျှလွမ်းတခြင်း၊ မည်မျှစေတနာထက်သန်ခြင်း၊ မည်မျှဒဏ်ပေးခြင်းများပါတကား။ ထိုအမှုနှင့်စပ်၍ သင်တို့အပြစ်ကင်းကြောင်း အရာရာတွင် ထင်ရှားစေကြပြီ။ 12 သို့နှင့်အညီငါရေးလိုက်သောစာမှာ ပြစ်မှားသူ့ကိုထောက်၍မဟုတ်။ ပြစ်မှားခံရသူ့ကိုလည်းထောက်၍မဟုတ်။ ငါတို့ဘက်၌စိတ်အားကြီးကြကြောင်း သင်တို့ကိုယ်တိုင်သိမြင်စေရန် ဘုရားသခင့်မျက်မှောက်တော်တွင် ရေးလိုက်၏။ 13 ထိုကြောင့်ငါတို့သည် နှစ်သိမ့်ရကြပြီ။ ထိုသို့နှစ်သိမ့်သည့်ပြင် သင်တို့ရှိသမျှကြောင့်တိတုစိတ်ချမ်းသာ၍ ရွှင်လန်းသည့်အတွက် ထပ်မံရွှင်လန်းကြ၏။ 14 သင်တို့နှင့်စပ်၍ တိတုအားငါဂုဏ်တင်မိသည့်အတွက် အရှက်မရဘဲ အရာရာကိုသင်တို့အား ဟုတ်မှန်စွာငါကြားပြောသည်နှင့်ထပ်တူ ထိုသို့ဂုဏ်တင်ချက်များလည်း မှန်ကန်ကြောင်းထင်ရှားလေပြီ။ 15 တိတုလည်း သင်တို့ရှိသမျှလိုက်နာလျက် ကြောက်ရွံ့တုန်လှုပ်စွာ သူ့ကိုလက်ခံကြကြောင်းသတိရ၍ သင်တို့အားအထူးနှစ်သက်လေ၏။ 16 ငါသည်သင်တို့နှင့်စပ်လျက် အရာရာတွင်စိတ်ချသဖြင့် ရွှင်လန်း၏။