3
ထိုသို့ဆိုရာ၌ ငါတို့သည် ကိုယ်ကိုထောက်ခံရာရောက်ပြန်ကြသလော။ သင်တို့ထံသို့ဖြစ်စေ၊ သင်တို့ထံမှဖြစ်စေ၊ အချို့တို့ကဲ့သို့အထောက်အခံလက်မှတ်များကို လိုကြသလော။ လူခပ်သိမ်းတို့ဖတ်ကြည့်သိသာဖွယ် ငါတို့စိတ်နှလုံးတွင်အက္ခရာတင်ပြီးသောလက်မှတ်မှာ သင်တို့ပင်တည်း။ သင်တို့သည် မင်နှင့်ကျောက်ပြားပေါ်တွင်မဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင့်ဝိညာဉ်တော်နှင့် နှလုံးသားပြင်တွင် ငါတို့ဆောင်ရွက်ခြင်းဖြင့် ခရစ်တော်အက္ခရာတင်တော်မူသောလက်မှတ်ဖြစ်ကြောင်း ထင်ရှား၏။ ဘုရားသခင့်အပါးတော်တွင် ထိုသို့စိတ်ချခွင့်ကို ခရစ်တော်အားဖြင့်ငါတို့ရကြ၏။ ထိုသို့ဆိုသော် ကိုယ့်သတ္တိသဖွယ်ထင်မှတ်၍ အမှုကိုကိုယ်တိုင်တတ်စွမ်းသည်ဟုမဆိုလို။ ငါတို့တတ်စွမ်းခြင်းမှာ ဘုရားသခင်မှဖြစ်၏။ ၎င်းပြင် ကိုယ်တော်သည်သေစေသောအက္ခရာဆိုင်ရာပဋိညာဉ်တော်မဟုတ်၊ ရှင်စေသောဝိညာဉ်တော်ဆိုင်ရာ ပဋိညာဉ်တော်သစ်ကိုဆောင်ရွက်ရန် တတ်စွမ်းစေတော်မူ၏။ ကွယ်ပျောက်ဆဲဘုန်းနှင့် ပြည့်စုံသောမောရှေ၏မျက်နှာကို ဣသရေလအမျိုးသားတို့မရှုကြည့်နိုင်အောင် ကျောက်ထက်အက္ခရာတင်သော သေခြင်းဆိုင်ရာဝတ်နည်းသည် ဘုန်းနှင့်တကွဖြစ်ပေါ်လျှင်၊ ဝိညာဉ်တော့်ဆိုင်ရာဝတ်နည်းသည် ဘုန်းထူးနှင့်တကွတည်မည်မဟုတ်လော။ အပြစ်စီရင်ခြင်းဆိုင်ရာဝတ်နည်းသည် ဘုန်းပွင့်လျှင် တရားသေလွှတ်ခြင်းဆိုင်ရာဝတ်နည်းသည် ဘုန်းထူးပွင့်လိမ့်မည်။ 10 မုချအားဖြင့် လွန်ကဲသောဘုန်းထူးအတွက်ကြောင့် ပွင့်ရင်းဘုန်းရှိသောဝတ်နည်းသည် ဘုန်းမဲ့ရာရောက်လေပြီ။ 11 ကွယ်ပျောက်ဆဲဝတ်နည်းတွင်ဘုန်းရှိလျှင် တည်မြဲသောဝတ်နည်းတွင် ဘုန်းထူးတည်လိမ့်မည်။
12-13 ထိုသို့မြော်လင့်ခွင့်ရှိသောကြောင့် ငါတို့သည်ကွယ်ပျောက်ဆဲဘုန်း၏ကုန်ဆုံးခြင်းကို ဣသရေလအမျိုးသားတို့မရှုကြည့်ရစေခြင်းငှာ မျက်နှာဖုံးဆင်ယင်ရသူမောရှေအလေ့ကိုမလိုက်ဘဲ ထင်ထင်ဟောပြောကြ၏။ 14 ထိုသူတို့ကားစိတ်သဘောမိုက်မဲလျက် ယနေ့တိုင်အောင်ပဋိညာဉ်တော်ဟောင်းကို ဖတ်နာကြသည့်ကာလ ခရစ်တော်၌ကွယ်ပျောက်ပြီးဖြစ်ကြောင်း မသိသည့်အလျောက် မျက်နှာဖုံးဆင်ယင်လျက်ရှိကြသေး၏။ 15 ယနေ့တိုင်အောင်ပင် မောရှေ၏ကျမ်းများကို ဖတ်နာသည့်အခါတိုင်း ထိုသူတို့စိတ်နှလုံးအပေါ်တွင်လည်း အဖုံးအကာတင်လျက်ရှိ၏။ 16 အရှင်ဘုရားထံလှည့်ဝင်လျှင်မူကား ထိုအဖုံးအကာပယ်ရှားလိမ့်မည်။ 17 အရှင်ဘုရားသည် ဆိုခဲ့သောဝိညာဉ်တော်ဖြစ်လျက် အရှင်ဘုရား၏ဝိညာဉ်တော်ရရှိသူတိုင်း လွတ်ခွင့်ရှိ၏။ 18 သို့ဖြစ်၍ ငါတို့ရှိသမျှသည် အရှင်ဘုရား၏ဘုန်းတော်ကို ဝိညာဉ်တော်အရှင်ဘုရားအထံတော်မှ ခံရသည့်အလျောက် အဖုံးမဆင်ယင်သောမျက်နှာများဖြင့် မှန်ရိပ်သဖွယ်ပြလျက် ဘုန်းတော်အဆင့်ဆင့်သို့ရောက်၍ ပုံသဏ္ဌာန်တော်အလိုက်အဆင်း ပြောင်းရကြ၏။