ကောရိန္သုဩဝါဒကျမ်း
ဒုတိယေစာင်
1
ဘုရားသခင်၏အလိုတော်အတိုင်း ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ပေါလုနှင့်ညီအစ်ကိုတိမောသေတို့က ကောရိန္သုမြို့ရှိဘုရားသခင်၏ အသင်းတော်မှစ၍ အခါယပြည်တစ်ဝှမ်းလုံးနေ သီးသန့်ထားတော်မူသူခပ်သိမ်းတို့ထံ ရေးလိုက်သည်မှာ၊ ငါတို့အဘဘုရားသခင်နှင့် အရှင်ယေရှုခရစ်ထံတော်မှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ တည်ရှိပါစေသော။
3-4 ဘုရားသခင်ကြောင့် ငါတို့ခံရသောနှစ်သိမ့်ခြင်းအားဖြင့် မည်သည့်ဒုက္ခမဆို ခံနေရသူတို့ကိုနှစ်သိမ့်စေခွင့်ရှိအံ့သောငှာ ငါတို့ခံသမျှသောဒုက္ခ၌ နှစ်သိမ့်စေတော်မူသည့်အလျောက် ကရုဏာသက်တော်မူသောအဘ၊ နှစ်သိမ့်ခြင်းအမျိုးမျိုးပေးတော်မူသောဘုရား၊ ငါတို့အရှင်ယေရှုခရစ်၏ခမည်းတော်ဘုရားသခင်၌ မင်္ဂလာရှိ၏။ ခရစ်တော်ခံတော်မူသောဒုက္ခသည် ငါတို့၌များပြားသည့်နည်းတူ ခရစ်တော်ကြောင့်ငါတို့ခံရသော နှစ်သိမ့်ခွင့်လည်းများပြား၏။ ငါတို့သည်ဒုက္ခခံရကြသော်လည်းေကာင်း၊ သင်တို့၏နှစ်သိမ့်ခွင့်နှင့်ကယ်တင်ခွင့်အဖို့ နှစ်သိမ့်ခံရကြသော်လည်းေကာင်း၊ ငါတို့ခံစားရသောဒုက္ခမျိုးကို သည်းခံခြင်းအကျိုးဖြစ်ထွန်းစေသော သင်တို့နှစ်သိမ့်ခွင့်အဖို့ဖြစ်၏။ ထိုဒုက္ခကို သင်တို့ဆက်ဆံခံရသည့်အလျောက် နှစ်သိမ့်ခွင့်ကိုလည်းဆက်ဆံခံရကြောင်းသိကြသဖြင့် ငါတို့သည်သင်တို့နှင့်စပ်၍ ခိုင်ခံ့စွာမြော်လင့်ခွင့်ရကြ၏။ ညီအစ်ကိုတို့၊ အာရှိပြည်တွင် ငါတို့ခံစားရသောဒုက္ခနှင့်စပ်လျဉ်း၍ သင်တို့မသိဘဲမနေစေလိုသည့်အချက်မှာ ငါတို့မတတ်နိုင်သောဒုက္ခကြီးကိုခံရလျက် အသက်အန္တရာယ်ကင်းလွတ်မည်အောက်မေ့ခွင့် မရှိသည်သာမက၊ 9-11 သေဒဏ်စီရင်ချက်ကိုခံရပြီဟု ထင်ရာရောက်ကြသတည်း။ သို့မှ ကိုယ်၌စိတ်မချရဘဲ ထိုမျှလောက်ကြီးသောသေဘေးကကယ်နုတ်သည့်အလျောက် ထပ်မံကယ်နုတ်မည့်ပြင် သူသေတို့ရှင်ပြန်ထမြောက်စေတော်မူသောဘုရားသခင်၌ စိတ်ချခွင့်ရှိ၏။ သင်တို့လည်းအသနားတော်ခံလျက် ကူညီကြသည်နှင့်အညီ ကယ်နုတ်တော်မူဦးမည်ဟု ငါတို့အားကိုးမြော်လင့်ကြ၏။ ထိုသို့အများတို့ ဖူးမြော်ခြင်းကြောင့် ငါတို့ခံစားရသောဆုကျေးဇူးတော်အတွက် အများတို့သည် ဂုဏ်တော်ကိုချီးမွမ်းကြရလိမ့်မည်။
12 ငါတို့ဂုဏ်ရောက်ခြင်းအကြောင်းမှာ ငါတို့သြတ္တပ္ပစိတ်သက်သေခံသည့်အတိုင်း ဤလောက၌လည်းေကာင်း၊ အထူးဆိုသော် သင်တို့ရှေ့၌လည်းေကာင်း၊ ငါတို့သည် လောကီပညာအလျောက်မဟုတ်၊ ဘုရားသခင့်ကျေးဇူးတော်နှင့် လျော်စွာ သနားတော်မူသောသန့်ရှင်းခြင်း၊ ကြည်လင်ခြင်း၌ကျင့်ကြံပြုမူခဲ့ကြ၏။ 13-14 သင်တို့ဖတ်ကြည့်သိသာသောအရာများပြင် ငါတို့ရေးလိုက်ကြသည်မဟုတ်။ ငါတို့အရှင်ယေရှု၏ နေ့တော်၌ သင်တို့သည်ငါတို့ဂုဏ်ရောက်ရာအကြောင်းဖြစ်မည့်နည်းတူ ငါတို့လည်းသင်တို့ဂုဏ်ရောက်ရာအကြောင်းဖြစ်သည်ဟု အချို့တို့သိမှတ်သည့်အလျောက် အဆုံးတိုင်သိမှတ်ကြလိမ့်မည်ဟု ငါမြော်လင့်၏။
15 ထိုသို့စိတ်ချခြင်းရှိသဖြင့် သင်တို့၌ရွှင်လန်းခွင့်နှစ်ထပ်ရှိစေခြင်းငှာ သင်တို့ထံငါတစ်ကြိမ်လာပြီးလျှင် 16 မာကေဒေါနိပြည်သို့သွား၍တစ်ကြိမ်ပြန်လာလျက် ယုဒပြည်သို့သင်တို့အပို့ခံမည်အကြံရှိခဲ့၏။ 17 ထိုသို့အကြံရှိသည်မှာ ငါပေါ့ဆရာရောက်သလော။ ငါ့အကြံအရွယ်တွင်လည်း လောကီဘာဝအလိုက် ဧကန်အနေကန်ဟူ၍ ဆိုရာရောက်လျက်ကြံရွယ်တတ်သလော။ 18 ဘုရားသခင့်သစ္စာတော်တည်သည့်အတိုင်း သင်တို့အားငါတို့ပြောသောစကားသည် ဧကန်အနေကန်မဟုတ်။ 19 သင်တို့ဘောင်တွင် ငါမှစ၍ သိလွာနုနှင့်တိမောသေတို့ကြော်ငြာသော ဘုရားသခင့်သားတော်ခရစ်တော်ယေရှု၌လည်း ဧကန်အနေကန်မရှိ၊ ဧကန်သာရှိ၏။ 20 မည်မျှလောက်များသော ဘုရားသခင့်ဂတိတော်နှင့်စပ်လျဉ်း၍ ခရစ်တော်၌ဧကန်သာရှိသည့်အလျောက် ကိုယ်တော်ကိုအမှီပြုလျက် အာမင်ဟုငါတို့ဝန်ခံကြသဖြင့် ဘုန်းတော်ထင်ရှားလေ၏။ 21-22 ၎င်းပြင် ခရစ်တော်၌ပင် သင်တို့နှင့်အတူငါတို့ကိုတည်မြဲစေ၍ ဘိသိက်သွန်းလောင်းခြင်း၊ တံဆိတ်ခတ်ခြင်းပြုလျက် ငါတို့စိတ်နှလုံးထဲ၌ဝိညာဉ်တော်စရန်ကို သနားတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
23 ဘုရားသခင်အားတိုင်တည်လျက် ကိုယ့်အသက်ကိုလျော်သည့်အလျောက် ကောရိန္သုမြို့သို့ ငါမလာသည့်အကြောင်းမှာ သင်တို့ကိုညှာတာခြင်းဖြစ်၏။ 24 ထိုသို့ဆိုသော် ယုံကြည်ခြင်းတရား၌တည်နေသူ သင်တို့ယုံကြည်ခြင်းကိုစိုးမိုး၍မဟုတ်။ သင်တို့ရွှင်လန်းခြင်းကို ကူညီထောက်ပံ့လို၍ ငါတို့ဆိုကြ၏။