6
သင်တို့အနက်တစ်ဦးသည် တစ်ဦးအပေါ်တွင်အမှုရှိလျင် တပည့်တော်တို့ရှေ့မဟုတ်။ မတရားသူတို့ရှေ့ မည်သို့တရားတွေ့ဝံ့သနည်း။ ၎င်းပြင် တပည့်တော်တို့သည် ဤလောကကိုတရားစီရင်ရမည့်အကြောင်း မသိကြလော။ သင်တို့သည် ဤလောကကိုတရားစီရင်သည်မှန်လျင် အမှုအသေးအဖွဲကိုမျှ စီရင်ရန်မထိုက်တန်ကြလော။ ယခုဘဝဆိုင်ရာအမှုများကိုမဆိုဘဲ စေတမန်တော်များကိုငါတို့တရားစီရင်ရမည့်အကြောင်း မသိကြသလော။ ထိုကြောင့်ယခုဘဝဆိုင်ရာအမှုများကို စီရင်ရန်ရှိလျှင် အသင်းတော်တွင်အသရေနည်းသူတို့ကို သမာဓိတင်ထားကြသလော။ 5-6 ဤသို့ငါဆိုသည်ကား သင်တို့ရှက်စေရန်တည်း။ ညီအစ်ကိုတစ်ဦးသည် တစ်ဦးကိုမယုံကြည်သူတို့ရှေ့တွင်ပင် ထိုသို့တရားတွေ့သည်မှာ ညီအစ်ကိုချင်းတို့တွင်ခုံသမတ်ပြုနိုင်သည့် ပညာရှိတစ်ဦးမျှမရှိသလော။ အချင်းချင်းတရားတွေ့ကြသည်မှာ သင်တို့၌မုချအသရေပျက်လေပြီ။ ထိုသို့မတွေ့ဘဲ မတရားရာ၊ လိမ်လည်ရာကို အဘယ့်ကြောင့်မခံကြသနည်း။ သင်တို့မှာမူ ညီအစ်ကိုချင်းတို့အပေါ်တွင် မတရားရာ၊ လိမ်လည်ရာကိုပြုရက်ကြလေစွ။ မတရားသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကိုမပိုင်ရကြောင်း သင်တို့မသိကြလော။ အထင်မလွဲကြနှင့်။ မတရားသောမေထုန်ပြုသူ၊ ရုပ်ပွားဆင်းတုကိုးကွယ်သူ၊ သူ့သားအိမ်ရာကိုပြစ်မှားသူ၊ ယောက်ျားချင်းမှားယွင်းသူ၊ 10 ခိုးယူသူ၊ လောဘရှိသူ၊ သောက်ကြူးသူ၊ ကဲ့ရဲ့သူ၊ လုယက်သူတို့လည်း ဘုရားသခင်၏နိုင်ငံတော်ကို ပိုင်ရကြမည်မဟုတ်။ 11 သင်တို့တွင် အချို့သည်ထိုသို့သောသူများဖြစ်ခဲ့ကြသော်လည်း အရှင်ယေရှုခရစ်၏နာမတော်အားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ၀ိညာဥ်တော်အားဖြင့်လည်းကောင်း၊ သင်တို့သည်ကိုယ်ကိုဆေးကြော၍ သီးသန့်ထားခြင်း၊ ဖြောင့်မတ်စေခြင်းများကို ခံခဲ့ရကြလေပြီ။ 12 အနည်းနည်းကို ငါပြုခွင့်ရှိသည်မှန်သော်လည်း အနည်းနည်းကြောင့်အကျိုးဖြစ်ထွန်းသည်မဟုတ်။ အနည်းနည်းကိုငါပြုခွင့်ရှိသော်လည်း မည်သည့်နည်း၏တန်ခိုးအောက်သို့ ငါဝင်မည်မဟုတ်။ 13 စားဖွယ်ခဲဖွယ်သည် ဝမ်းအဖို့၊ ဝမ်းလည်းစားဖွယ်ခဲဖွယ်အဖို့ဖြစ်ပါစေဦး။ ဘုရားသခင်သည် နှစ်ရပ်လုံးကိုပပျောက်စေတော်မူလိမ့်မည်။ ကိုယ်ခန္ဓာမူကား မတရားသောမေထုန်အဖို့မဟုတ်။ အရှင်ဘုရားအဖို့၊ အရှင်ဘုရားလည်း ကိုယ်ခန္ဓာအဖို့ဖြစ်သည်နှင့်၊ 14 အရှင်ဘုရားကို ရှင်ပြန်ထမြောက်စေတော်မူခဲ့သောဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ငါတို့ကိုလည်းရှင်ပြန်ထမြောက်စေတော်မူဦးမည်။ 15 သင်တို့ကိုယ်ခန္ဓာများသည် ခရစ်တော်၏ကိုယ်အင်္ဂါများဖြစ်ကြောင်းမသိကြလော။ ထိုသို့ဖြစ်လျင် ငါသည်ခရစ်တော်၏ကိုယ်အင်္ဂါတော်များကိုသိမ်းသွား၍ ပြည်တန်ဆာ၏ကိုယ်အင်္ဂါဖြစ်စေရမည်လော။ မဖြစ်စေရာ။ 16 နှစ်ဦးလုံးပင်တစ်သားတည်းဖြစ်လိမ့်မည်ဟု ဗျာဒိတ်တော်ရှိသည့်အတိုင်း ပြည်တန်ဆာနှင့် ဆက်ဆံသောသူသည် ထိုမိန်းမနှင့်တစ်ကိုယ်တည်းဖြစ်ကြောင်းမသိကြသလော။ 17 အရှင်ဘုရားနှင့်ဆက်ဆံသူမူကား ကိုယ်တော်နှင့် တစ်စိတ်တစ်ဝိညာဉ်တည်းဖြစ်၏။ 18 မတရားသောမေထုန်ကို ရှောင်ကြဉ်ကြလော့။ ပြုကျင့်တတ်သောအခြားပြစ်မှုအမျိုးမျိုးသည် ကိုယ်ခန္ဓာဗဟိဒ္ဓ၌ဖြစ်သော်လည်း မတရားသောမေထုန်ပြုသူသည် ကိုယ့်ခန္ဓာကိုပြစ်မှား၏။ 19 ၎င်းပြင် သင်တို့၏ကိုယ်ခန္ဓာသည် ဘုရားသခင်သနားတော်မူ၍ သင်တို့အတွင်း၌စံနေသည့် သန့်ရှင်းသောဝိညာဉ်တော်၏ဗိမာန်ဖြစ်ကြောင်း မသိကြလော။ 20 သင်တို့ကိုအဖိုးနှင့်ဝယ်ယူတော်မူ၍ ကိုယ်ကိုသင်တို့မပိုင်သောကြောင့် ဘုရားသခင်၏ဘုန်းတော်ကို သင်တို့ကိုယ်ခန္ဓာ၌ထင်ရှားစေကြလော့။