5
လူမျိုးခြားတို့ပင်ကင်းသောမေထုန်မှုကို သင်တို့ဘောင်တွင်လူတစ်ယောက်သည် ကိုယ့်နှောင်းမိနှင့် ပြုကြောင်း မုချကြေငြာရှိလျက်နှင့်၊ သင်တို့သည်ထိုသို့ပြုကျင့်သူ့ကို ဝမ်းနည်းစွာမနှင်ထုတ်ဘဲ ဝင့်ဝါလျက်ရှိကြလေစွ။ ကိုယ်ခန္ဓာဝေးကွာလျက် စိတ်ဝိညာဉ်ရောက်ရှိသောငါမူကား ကိုယ်တိုင်ရောက်ဘိသကဲ့သို့ ထိုသို့ပြုသောသူ့ကိုစီရင်သည်မှာ၊ 4-5 ငါတို့အရှင်ယေရှု၏နာမတော်ကိုထောက်၍ ငါ့စိတ်ဝိညာဉ်နှင့်သင်တို့စည်ဝေးကြပြီးလျှင် အရှင်ဘုရား၏နေ့ရက်တော်၌ နာမ်ခန္ဓာဘေးလွတ်ခြင်းအကျိုးငှာ ရုပ်ခန္ဓာအပျက်ခံစေရန် စာတန့်လက်သို့ ငါတို့အရှင်ယေရှုခရစ်၏အခွင့်တန်ခိုးအားဖြင့် အပ်သင့်ကြောင်းတည်း။ သင်တို့ဝါကြွားခြင်းမှာသင့်လျော်သည်မဟုတ်၊ တဆေးအနည်းငယ်သည် တပေါင်းလုံးပေါက်စေတတ်ကြောင်း မသိကြလော။ သင်တို့သည် တဆေးကင်းပြီးဖြစ်ကြသည်နှင့်အညီ၊ အသစ်ပေါင်းဖြစ်ရန် တဆေးဟောင်းကိုပယ်ရှင်းကြလော့။ ခရစ်တော်တည်းဟူသော ငါတို့၏ပသခါသိုးသားငယ်ကိုပူဇော်ပြီးဖြစ်၍၊ တဆေးဟောင်းသော်လည်းကောင်း၊ ယုတ်မာခြင်း၊ ဆိုးသွမ်းခြင်းတဆေးသော်လည်းကောင်းမပါဘဲ တဆေးကင်းသောကြည်လင်ခြင်း၊ သစ္စာစောင့်ခြင်းဖြင့် ထိုပွဲကိုခံကြကုန်အံ့။
မတရားသောမေထုန်ပြုသူတို့နှင့် မပေါင်းဖော်ကြစေရန် အထက်စာတွင်ငါရေးလိုက်သည်မှာ၊ 10 ဤလောကရှိ မတရားမေထုန်ပြုသူ၊ လောဘရှိ၍လုယက်သူ၊ ရုပ်ပွားဆင်းတုကိုးကွယ်သူတို့ကို ငါမဆိုလို။ ထိုသို့ဆိုလျှင်သင်တို့သည် ဤလောကမှထွက်သွားရန်ရှိတော့သည်။ 11 ယခုမှာညီအစ်ကိုအခေါ်ခံရသူသည် မတရားမေထုန်ပြုသူ၊ လောဘရှိသူ၊ ရုပ်ပွားဆင်းတုကိုးကွယ်သူ၊ ကဲ့ရဲ့သူ၊ သောက်ကြူးသူ၊ လုယက်သူဖြစ်လျင် ထိုသို့သောသူနှင့်မပေါင်းဖော်ရ၊ အတူမစားမသောက်ရဟု ငါရေးလိုက်၏။ 12 သာသနာပတို့ကိုစီရင်ဆုံးဖြတ်ခြင်းသည် ငါနှင့်မည်သို့ဆိုင်သနည်း။ သာသနာဝင်တို့ကို သင်တို့စီရင်ဆုံးဖြတ်ရသည်မဟုတ်လော။ 13 သာသနာပတို့ကိုကား ဘုရားသခင်စီရင်ဆုံးဖြတ်တော်မူ၏။ ထိုလူဆိုးကို သင်တို့ဘောင်မှ နှင်ထုတ်ကြလော့။