4
ငါတို့ကို ခရစ်တော်၏အမှုတော်ထမ်း၊ ဘုရားသခင်၏နက်နဲရာများအပေါ်တွင် ဘဏ္ဍာစိုးအဖြစ် မှတ်ယူကြပါစေ။ ဘဏ္ဍာစိုးသည် သစ္စာရှိသူဖြစ်စေလိုကြသော်လည်း၊ 3-4 ငါကားသင်တို့ရှေ့ အခြားသူတို့ရှေ့အစစ်ခံရလျှင်အရေးမယူသည့်ပြင် ကိုယ်၌အပြစ်ရှာ၍မတွေ့သည်နှင့် ကင်းရှင်းရာမရောက်သောကြောင့် ကိုယ်ကိုစစ်ဆေးခြင်းမပြုရာ။ စစ်ဆေးသူကားအရှင်ဘုရားပေတည်း။ သို့ဖြစ်၍ မှောင်မိုက်၌ဝှက်ထားသောအရာများကို ထုတ်ဖော်လျက် စိတ်အကြံအစည်များကို ထင်ရှားစေတော်မူသော အရှင်ဘုရားကြွလာတော်မူသောအချိန်၊ ချိန်းချက်သောအချိန်မတိုင်မီ စီရင်ခြင်းမပြုကြလင့်။ ထိုအခါမှ လူအသီးအသီးသည် ဘုရားသခင့်ထံခံထိုက်သောအချီးအမွမ်းတော်ကို ခံရလိမ့်မည်။
ညီအစ်ကိုတို့၊ အက္ခရာထက်လေ့လာခြင်းဆရာတစ်ပါးထက်တစ်ပါးကြောင့် ဝင့်ဝါခြင်းသင်တို့၌မရှိစေရန် ဆိုခဲ့သည့်အကြောင်းအရာများတွင် ကိုယ်တိုင်နှင့်အာပေါလုကိုပုံကပ်လျက် သင်တို့အကျိုးငှာငါရေးလိုက်၏။ သင့်ကိုမည်သူလွန်ကဲစေသနည်း။ မခံရဘဲမည်သည့်အရာကိုပိုင်သနည်း။ ခံရသည်မှန်လျှင် ပိုင်ရင်းဖြစ်သကဲ့သို့ အဘယ်ကြောင့်ဝါကြွားသနည်း။ သင်တို့သည်ပြည့်ဝခြင်း၊ ရတတ်ခြင်း၊ ငါတို့မပါဘဲမင်းမူခြင်းအဖြစ်သို့ရောက်ကြပြီတကား။ သင်တို့နှင့်အတူမင်းမူခွင့်ကို ငါတို့ရစေခြင်းငှာ၊ ထိုသို့မင်းမူကြပါစေသော။ ငါထင်သည့်အတိုင်း ဘုရားသခင်သည် ကျုံးသွင်း၍အသေခံရသူတို့သဖွယ် ဤလောကတည်းဟူသောလူနတ်တို့ရှေ့ တမန်တော်ဖြစ်သောငါတို့ကို နောက်ဆုံးထုတ်ပြတော်မူလေစွတကား။ 10 ငါတို့သည်ခရစ်တော့်အတွက် လူမိုက်၊ သင်တို့သည်ခရစ်တော်အားဖြင့်ပညာရှိ၊ ငါတို့သည်အားနည်းသူ၊ သင်တို့သည်အားကြီးသူ၊ ငါတို့သည်အသရေမဲ့သူ၊ သင်တို့သည်အသရေရှိသူ များဖြစ်ကြပြီတကား။ 11 ငါတို့သည်ယခုအချိန်နာရီတိုင်အောင် စားရာမဲ့၊ သောက်ရာမဲ့၊ ဝတ်ရာမဲ့၊ နေရာမဲ့ဖြစ်လျက် ရိုက်ပုတ်ခံရသည့်ပြင်၊ 12 ကိုယ့်လက်ဖြင့်ပင်ပန်းစွာလုပ်ကိုင်ရကြ၏။ ကဲ့ရဲ့ခံရာ၌မေတ္တာပို့ခြင်း၊ ညှဉ်းပန်းခံရာ၌တည်တံ့ခြင်း၊ 13 အသရေဖျက်ခံရာ၌ဖျောင်းဖျခြင်းများကို ပြုကြ၏။ ယခုတိုင်အောင်ပင် ဤလောက၏တံမြက်ချေး အရပ်ရပ်၏အညစ်အကြေးသဖွယ် ဖြစ်ရကြလေစွ။
14 ငါသည် ဤသို့ရေးလိုက်သည်မှာ သင်တို့ကိုရှက်စေခြင့်ငှာမဟုတ်။ ငါ့ချစ်သားများအဖြစ် ပဲ့ပြင်ခြင်းငှာတည်း။ 15 သင်တို့၌ ခရစ်တော်အားဖြင့်သြဝါဒဆရာတစ်သောင်းရှိပါစေဦး။ အဘအများမရှိရာ၊ ငါသည်ခရစ်တော်ယေရှုကြောင့် သတင်းတော်မြတ်အားဖြင့်သင်တို့ကိုဖြစ်ပွားစေခဲ့ပြီ။ 16 သို့ဖြစ်၍ ငါ့ပုံစံကိုလိုက်စေခြင်းငှာ သင်တို့ကိုနှိုးဆော်ပါ၏။ 17 ထိုအကြောင်းနှင့်ပင် သင်တို့အားငါစေလွှတ်သူ၊ အရှင်ဘုရား၌သစ္စာစောင့်သော ငါ့ချစ်သားတိမောသေသည် အရပ်ရပ်ရှိအသင်းတော်တိုင်းတွင် ငါသင်ကြားတတ်သည့်အတိုင်း ခရစ်တော်ယေရှု၌ ငါ့အလေ့အလာများကိုသတိရစေလိမ့်မည်။ 18 ငါလာမည်မဟုတ်ဟုအချို့ထင်မှတ်၍ ဝင့်ဝါလျက်ရှိသော်လည်း၊ 19 အရှင်ဘုရားအလိုတော်ရှိလျှင် မကြာမီရောက်လာမည်ဖြစ်သောကြောင့် ထိုဝင့်ဝါသူတို့စကားကိုမဟုတ် တန်ခိုးရှိမရှိသိမှတ်မည်။ 20 ဘုရားသခင်၏နိုင်ငံတော်သည် စကား၌မတည်၊ တန်ခိုး၌တည်၏။ 21 မည်သို့အလိုရှိကြသနည်း။ ကြိမ်နှင့်လာစေလိုသလော။ မေတ္တာနှင့်လည်းကောင်း၊ သိမ်မွေ့သောစိတ်နှင့်လည်းကောင်း လာစေလိုကြသလော။