3
ညီအစ်ကိုတို့၊ ငါလည်းသင်တို့အား ဝိညာဉ်သက်ဝင်သူများအဖြစ် မကြားမပြောရဘဲ ရုပ်စွဲသူခရစ်တော်၌ နုသူများအဖြစ်ကြားပြောရ၏။ ခဲဖွယ်ကို သင်တို့မကျေကျက်နိုင်သောကြောင့် ကျွေးခွင့်မရဘဲ နို့ရည်သာငါတိုက်ရ၏။ ရုပ်စွဲလျက်ရှိသေးသောကြောင့် ယခုတိုင်အောင် မကျေကျက်နိုင်ချေ။ သင်တို့ဘောင်တွင်ပြိုင်ဆိုင်ခြင်း ခိုက်ရန်ဖြစ်ခြင်းများရှိစဉ် ရုပ်စွဲသူ ပုထုဇဉ်အလိုက်ကျင့် ကြံပြုမူသူဖြစ်ကြသည်မဟုတ်လော။ တစ်ယောက်ကငါသည် ပေါလုတပည့်၊ တစ်ယောက်ကငါကားအာပေါလုတပည့်ဟုဆိုသော် သင်တို့သည်ပုထုဇဉ်ဖြစ်ကြသည်မဟုတ်လော။ အာပေါလုသည်မည်သို့သောသူနည်း။ ပေါလုလည်းမည်သို့သောသူနည်း။ အသီးအသီး အရှင်ဘုရားအထံတော်မှအခွင့်ရသည့်အတိုင်း သင်တို့ယုံကြည်စေခြင်းငှာ အမှုတော်ဆောင်မျှဖြစ်ကြ၏။ ငါသည်စိုက်ပျိုးခြင်း၊ အာပေါလုသည်ရေလောင်းခြင်းပြုသည်မှန်၏။ ကြီးပွားခွင့်မူကား ဘုရားသခင်ပေးတော်မူ၏။ သို့ဖြစ်၍ စိုက်ပျိုးသူ၊ ရေလောင်းသူ၊ ပဓာနမဟုတ်။ ကြီးပွားစေတော်မူသောဘုရားသခင်သာ ပဓာနဖြစ်၏။ စိုက်ပျိုးသူနှင့်ရေလောင်းသူ အတူအညီဖြစ်သော်လည်း ကိုယ်စီအားထုတ်သည့်အလျောက် အကျိုးဆက်ခံရလိမ့်မည်။ ငါတို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များဖြစ်လျက် သင်တို့လည်း ဘုရားသခင်၏ဥယျာဉ်တော် ဘုရားသခင်၏အဆောက်အဦးတော်ဖြစ်၏။
10 ငါခံစားရသော ဘုရားသခင့်ကျေးဇူးတော်နှင့်အညီ လက်မြောက်သောဗိသုကာအဖြစ် ငါချထားသော တိုက်မြစ်ပေါ်တွင် သူတစ်ထူးတို့တည်ဆောက်၏။ အသီးအသီး မည်သို့တည်ဆောက်သည်ကိုအလေးဂရုပြုပါစေ။ 11 ယေရှုခရစ်တည်းဟူသော ချထားပြီးတိုက်မြစ်မှတစ်ပါး မည်သူမျှမချနိုင်။ 12 သို့ရာတွင် ထိုတိုက်မြစ်ပေါ်၌ ရွှေ၊ ငွေ၊ ကျောက်မျက်၊ သစ်၊ ဝါး၊ မြက်၊ ကောက်ရိုးများနှင့် တည်ဆောက်အံ့။ 13 အသီးအသီး၏အလုပ်သည် ပေါ်ရလတ္တံ့။ အသီးအသီး၏အလုပ်ကို မည်သည့်အရည်ဖြစ်ကြောင်း နေ့တော်မီးစံချသည့်အလျောက် မီး၌ထင်ရှားမည့်နေ့ရက်တော်သည် ဖော်ပြလိမ့်မည်။ 14 တည်ဆောက်ထားသူ၏အလုပ်တည်တံ့လျှင် ထိုသူသည်အမြတ်ရလိမ့်မည်။ 15 ကျွမ်းလောင်လျှင်မူကား အရှုံးခံရလိမ့်မည်။ သို့ရာတွင် မီးထဲကလွတ်မြောက်သကဲ့သို့ ကိုယ်တိုင်ဘေးလွတ်ရလိမ့်မည်။
16 သင်တို့သည် ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြသည်ကိုလည်းကောင်း၊ သင်တို့၌ဘုရားသခင်၏ဝိညာဉ်တော် ကိန်းဝပ်တော်မူသည်ကိုလည်းကောင်းမသိကြလော။ 17 မည်သူမဆိုဘုရားသခင်၏ ဗိမာန်တော်ကိုဖျက်ဆီးလျှင် ထိုသူ့ကိုဘုရားသခင့်ဖျက်ဆီးတော်မူလိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်ဖြစ်သောသင်တို့ကား သီးသန့်ထားတော်မူသောအရာပေတည်း။
18-19 မည်သူမျှကိုယ်ကိုမလှည့်ဖြားစေနှင့်။ ဘုရားသခင့်ရှေ့တော်၌ လောကီပညာသည် အမိုက်ဖြစ်သောကြောင့် မည်သူမဆို ယခုကာလဆိုင်ရာပညာရှိသည်ဟုထင်မှတ်လျှင် ပညာမှန်ရှိစေရန် လူမိုက်ဖြစ်ပါစေ။ အသို့ဆိုသော် ကိုယ်တော်သည်ပညာရှိတို့ကို ကိုယ့်စဉ်းလဲခြင်းအားဖြင့် ဖမ်းဆီးတော်မူသည်ဟူ၍လည်းကောင်း၊ ပညာရှိတို့အကြံအစည်များသည်၊ 20 အချည်းအနှီးဖြစ်ကြောင်း ထာဝရဘုရားသိတော်မူသည်ဟူ၍လည်းကောင်း ကျမ်းချက်ရှိ၏။ 21 သို့ဖြစ်၍ လူကြောင့်မည်သူမျှ ကိုယ်ကိုဂုဏ်မတင်စေနှင့်။ ရှိရှိသမျှသည် သင်တို့ပိုင်ဖြစ်၏။ 22 ပေါလု၊ အာပေါလု၊ ကေဖတို့သော်လည်းကောင်း၊ ဤလောကသော်လည်းကောင်း၊ ရှင်ခြင်းနှင့်သေခြင်းသော်လည်းကောင်း၊ ပစ္စုပ္ပန်နှင့်အနာဂတ်အရာသော်လည်းကောင်း ရှိရှိသမျှသည်သင်တို့ပိုင်။ 23 သင်တို့လည်းခရစ်တော်ပိုင်ဖြစ်၏။ ခရစ်တော်ကား ဘုရားသခင်ပိုင်ဖြစ်တော်မူသတည်း။