15
1-2 ၄င်းပြင် ညီအစ်ကိုတို့၊ ငါကြားပြောခဲ့သည့်အတိုင်း သင်တို့နာယူလျက်တည်နေကြရာ သတင်းတော် အမှတ်မဲ့ယုံကြည်ကြသည်မဟုတ်ဘဲ ငါကြားပြောခဲ့သောဒေသနာကို စွဲမြဲကြသည်မှန်လျင် သင်တို့အားကယ်တင်ရာကယ်တင်ကြောင်းဖြစ်သော သတင်းတော်မြတ်ကို ငါဖော်ပြဦးမည်။ ဦးစွာငါနာခံရသည့်အတိုင်းသင်ကြားခဲ့သည်မှာ ခရစ်တော်သည် ကျမ်းဂန်အရ ငါတို့အပြစ်တွက်အသေခံတော်မူကြောင်း၊ သင်္ဂြိုဟ်ခံတော်မူ၍ကျမ်းဂန်အရ သုံးရက်လည်သောနေ့တွင် ရှင်ပြန်ထမြောက်တော်မူကြောင်း၊ ကေဖအားလည်းကောင်း၊ တစ်ဆယ့်နှစ်ပါးတို့အားလည်းကောင်း၊ ထင်ရှားတော်မူကြောင်း၊ ထိုနောက် အချို့အိပ်ပျော်ပြီးဖြစ်သော်လည်း အများအားဖြင့်ယခုတိုင်ရှိသေးသော ညီအစ်ကို ငါးရာကျော်အား တစ်ပြိုင်နက်ထင်ရှားတော်မူကြောင်း၊ ထိုနောက် ယာကုပ်အားလည်းကောင်း၊ တမန်တော်ရှိသမျှတို့အားလည်းကောင်း၊ ထင်ရှားတော်မူကြောင်း၊ နောက်ဆုံးတွင် လျှောမွေးသဖွယ်ဖြစ်သောငါ့အားလည်း ထင်ရှားတော်မူကြောင်းများတည်း။ ငါသည် ဘုရားသခင်၏အသင်းတော်ကို ညှဉ်းပန်းခဲ့သောကြောင့် တမန်တော်တို့တွင်အသိမ်အငယ် ဖြစ်လျက် တမန်တော်ဘွဲ့ကိုမခံထိုက်ချေ။ 10 သို့ရာတွင် ဘုရားသခင့်ကျေးဇူးတော်ကြောင့် ယခုအတိုင်းငါဖြစ်လျက် ခံရသောကျေးဇူးတော် အချည်းနှီးမဖြစ်ရဘဲ တမန်တော်ရှိသမျှထက်ဆောင်ရွက်လေ၏။ ထိုသို့ဆိုသော် ငါဆောင်ရွက်သည်မဟုတ်၊ ငါနှင့်အတူရှိသော ဘုရားသခင့်ကျေးဇူးတော်တည်း။ 11 သို့ဖြစ်၍ ငါဖြစ်စေ၊ ထိုသူတို့ဖြစ်စေ၊ ထိုသို့ပင်ဟောပြောလျက် ထိုသို့ပင်သင်တို့ယုံကြည်ကြလေပြီ။
12 ခရစ်တော်သည် သူသေတို့အထဲမှရှင်ပြန်ထမြောက်တော်မူပြီးဖြစ်ကြောင်း ဟောပြောသည်မှန်လျှင် သူသေတို့ရှင်ပြန်ထမြောက်ခြင်းမရှိဟု သင်တို့အနက်အချို့တို့အသို့ဆိုကြသနည်း။ 13 သူသေတို့ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် ခရစ်တော်သည်ရှင်ပြန်ထမြောက်တော်မူပြီးမဟုတ်။ 14 ခရစ်တော်ရှင်ပြန်ထမြောက်တော်မူပြီးမဟုတ်ခဲ့လျှင် ငါတို့ဟောပြောခြင်းနှင့် သင်တို့ယုံကြည်ခြင်း မှားလေပြီ။ 15 ၄င်းပြင် သူသေတို့ရှင်ပြန်ထမြောက်ခြင်းမရှိသည်မှန်က ခရစ်တော်ကို ရှင်ပြန်ထမြောက်စေတော်မမူသော်လည်း ရှင်ပြန်ထမြောက်စေတော်မူကြောင်း ဘုရားသခင်နှင့်ဆန့်ကျင် ကြားပြောကြသည့်အလျောက် ငါတို့သည်ဘုရားသခင့်အကြောင်း မုသာသက်သေထင်ရှားရာရောက်ကြလေပြီ။ 16 သူသေတို့ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် ခရစ်တော်သည်ရှင်ပြန်ထမြောက်တော်မူမည်မဟုတ်။ 17 ခရစ်တော်ရှင်ပြန်ထမြောက်တော်မူပြီးမဟုတ်ခဲ့လျှင် ယုံကြည်ခြင်းအချည်းနှီးဖြစ်လျက် သင်တို့သည် ကိုယ့်အပြစ်၌နေသေးသည့်ပြင်၊ 18 ခရစ်တော်၌အိပ်ပျော်သူတို့လည်း ပျက်စီးကြသည်မှန်၏။ 19 ယခုအသက်တာတွင် ခရစ်တော်ကိုမျှော်လင့်ရုံမျှရှိလျှင် ငါတို့သည်လူခပ်သိမ်းတို့ထက် သနားဖွယ်ကောင်းလေစွတကား။
20 မုချအားဖြင့် ခရစ်တော်သည်အိပ်ပျော်သူတို့အနက် ကောက်ဦးအဖြစ် သူသေတို့အထဲမှ ရှင်ပြန်ထမြောက်တော်မူပြီ။ 21 လူကြောင့် သေခြင်းတရားဖြစ်လာသည့်အလျောက် လူကြောင့်သူသေတို့ ရှင်ပြန်ထမြောက်ခြင်းဖြစ်လာ၏။ 22 အာဒံအားဖြင့် လူခပ်သိမ်းတို့သေရသည့်နည်းတူ ခရစ်တော်အားဖြင့် ခပ်သိမ်းတို့ရှင်ပြန်ရကြလိမ့်မည်။ 23 သို့ရာတွင် ဆိုင်ရာဆိုင်ရာအဆင့်အလိုက် ကောက်ဦးတည်းဟူသောခရစ်တော်နောက် ခရစ်တော်ကြွလာတော်မူရာ၌ ပိုင်ဆိုင်တော်မူသူတို့ ရှင်ပြန်ခြင်းဖြစ်၏။ 24 ထိုနောက်ခရစ်တော်သည် နတ်မင်းရှိသမျှမှစ၍ အာဏာရှင်၊ တန်ခိုးရှင် ရှိသမျှကိုပယ်ဖျက်ပြီးလျှင် ခမည်းတော်တည်းဟူသောဘုရားသခင်အား နိုင်ငံတော်ကိုပြန်အပ်တော်မူသော် ခေတ်ကာလဆုံးလိမ့်မည်။ 25-26 အရာခပ်သိမ်းကိုခြေတော်အောက် ချထားတော်မူပြီဟု ကျမ်းဆိုရှိသည့်အလျောက် ရန်သူတော်အပေါင်းတို့ကို ခြေတော့်အောက်ချထားတော်မမူမချင်း ကိုယ်တော်တိုင်အုပ်စိုးရသည်မှန်၏။ နောက်ဆုံးပယ်ဖျက်တော်မူမည့်ရန်သူမှာ သေမင်းတည်း။ 27 အရာခပ်သိမ်းကို ကိုယ်တော်အောက်ချထားသည်ဟု ဗျာဒိတ်တော်ရှိသော် ထိုသို့ချထားသောအရှင်မပါကြောင်း ထင်ရှားသည်နှင့်အညီ၊ 28 သားတော့်အောက်အရာခပ်သိမ်းရောက်ပြီးနောက်၊ ချထားတော်မူရင်း အရှင့်အောက် သားတော်ကိုယ်တိုင်ရောက်တော်မူသဖြင့် ဘုရားသခင်သည် ရှိရှိသမျှ၏အချက်အချာအဖြစ် တည်တော်မူဦးမည်။
29 မရှင်ပြန်လျှင် သေသူတို့အတွက်ဗတ္တိဇံမင်္ဂလာခံသူတို့သည် မည်သို့ပြုကြသနည်း။ သူသေတို့ရှင်ပြန်ထမြောက်ခြင်းအလျှင်းမရှိက သူသေတို့အတွက်ဗတ္တိဇံမင်္ဂလာကို အဘယ်ကြောင့်ခံကြသနည်း။ 30 ငါတို့လည်း နာရီတိုင်းအန္တရာယ်ခံလျက် အဘယ့်ကြောင့်နေကြသနည်း။ 31 ညီအစ်ကိုတို့၊ ငါသည် နေ့တိုင်းသေဒဏ်ခံလျက်နေသည်ဟု ငါတို့အရှင်ခရစ်တော်ယေရှုအားဖြင့် သင်တို့အတွက်ကြောင့် ဂုဏ်ရောက်ခွင့်ကိုတိုင်တည်လျက်ငါဆို၏။ 32 ဧဖက်မြို့တွင် လူတို့ဘာဝ သားရဲများနှင့် ငါတိုက်လှန်ခဲ့သော်လည်း မည်သည့်အကျိုးနည်း။ သူသေတို့ ရှင်ပြန်ထမြောက်ခြင်းမရှိက နက်ဖြန်သေရမည်ဖြစ်၍ စားသောက်လျက်နေကြကုန်အံ့။ 33 အထင်မလွဲကြနှင့်။ ယုတ်မာသောပေါင်းသင်းခြင်းဖြင့် ပါရမီမြတ်ပျက်ယွင်းတတ်၏။ 34 ပြစ်မှားလျက်မနေဘဲ ဖြောင့်မတ်စွာနိုးကြားကြလော့။ အချို့တို့သည် ဘုရားသခင်နှင့် အကျွမ်းအဝင်ကင်းကြလေစွ။ ဤသို့ဆိုသည်ကား သင်တို့ရှက်စေရန်တည်း။
35 သို့ရာတွင် သူသေတို့ကိုမည်သို့ရှင်ပြန်ထမြောက်စေအံ့နည်း။ မည်သည့်ခန္ဓာမျိုးနှင့် ပေါ်လာကြအံ့နည်းဟု တစ်ဦးတစ်ယောက်မေးလိမ့်မည်။ 36 အချင်းလူမိုက်၊ သင်စိုက်ပျိုးသောမျိုးစေ့မပျက်လျှင် ရှင်မည်မဟုတ်။ 37 သင်စိုက်သည်မှာလည်း ဂျုံမျိုးဖြစ်စေ၊ အခြားမျိုးဖြစ်စေ၊ ဖြစ်လတ္တံသောခန္ဓာကိုမဟုတ်၊ အစေ့မျှကိုစိုက်ရာ။ 38 ဘုရားသခင်သည် မျိုးစေ့အသီးအသီးအား ဆိုင်ရာခန္ဓာကို အလိုတော်အလျောက်သနားတော်မူ၏။ 39 အသားရှိသမျှသည် တစ်မျိုးတည်းမဟုတ်။ လူ၏အသားတစ်မျိုး၊ မြေသတ္တဝါ၏အသားတစ်မျိုး၊ လေသတ္တဝါ၏အသားတစ်မျိုး၊ ရေသတ္တဝါ၏အသားတစ်မျိုးရှိ၏။ 40 ၄င်းပြင် အာကာသခန္ဓာများနှင့် ပထဝီခန္ဓာများလည်းရှိရာ အာကာသခန္ဓာများ၏ကြက်သရေတစ်မျိုး၊ ပထဝီခန္ဓာများ၏ကြက်သရေတစ်မျိုး ဖြစ်၏။ 41 နေ၏ကြက်သေရတစ်မျိုး၊ လ၏ကြက်သရေတစ်မျိုး၊ ကြယ်များ၏ကြက်သရေတစ်မျိုး ဖြစ်သည့်အလျောက် ကြယ်တစ်လုံးနှင့်တစ်လုံးလည်း ကြက်သရေချင်းခြားနား၏။ 42 ထိုနည်းတူ ရှင်ပြန်ထမြောက်သောသူသေတို့သည် သင်္ခါရအဖြစ်စိုက်ရာ အသင်္ခါရအဖြစ်ရှင်ပြန်ခြင်း၊ 43 ယုတ်ညံ့သောအဖြစ်စိုက်ရာ ဘုန်းကြီးသောအဖြစ်ရှင်ပြန်ခြင်း၊ အားနည်းသောအဖြစ်စိုက်ရာ တန်ခိုးကြီးသောအဖြစ်ရှင်ပြန်ခြင်း၊ 44 ရုပ်ခန္ဓာအဖြစ်စိုက်ရာ နာမ်ခန္ဓာအဖြစ်ရှင်ပြန်ခြင်းကိုခံရကြ၏။ ရုပ်ခန္ဓာရှိလျှင် နာမ်ခန္ဓာလည်းရှိ၏။ 45 သို့နှင့်အညီ ပထမလူအာဒံသည် အသက်ရှင်သောရူပဖြစ်သည်ဟုကျမ်းချက်ရှိရာ နောက်အာဒံမူကား အသက်ရှင်စေသောနာမ်၀ိညာဉ်ဖြစ်၏။ 46 သို့ရာတွင် နာမ်ခန္ဓာသည် အဦးဖြစ်သည်မဟုတ်၊ ရုပ်ခန္ဓာအဦးဖြစ်လျက် နောက်နာမ်ခန္ဓာဖြစ်၏။ 47 ပထမလူသည် ပထဝီကဖြစ်၍ မြေသဘာဝရှိ၏။ 48 ဒုတိယလူမူကား အာကာသကဖြစ်၏၊ မြေသဘာဝရှိသောထိုသူ့နည်းတူပင် မြေသဘာဝရှိသူတို့ဖြစ်၏။ အာကာသသဘာဝရှိသော ထိုအရှင့်နည်းတူလည်း အာကာသသဘာဝရှိသူတို့ဖြစ်ကြ၏။ 49 ငါတို့သည် မြေသဘာဝရှိသူ့ပုံသဏ္ဌာန်ဆောင်ကြသည့်နည်းတူ အာကာသသဘာဝရှိသော အရှင့်ပုံသဏ္ဌာန်ကို ဆောင်ကြကုန်အံ့။
50 ညီအစ်ကိုတို့၊ အသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကိုလည်းကောင်း၊ သင်္ခါရသည်အသင်္ခါရကိုလည်းကောင်း၊ အပိုင်ရနိုင်သည်မဟုတ်ကြောင်း ငါဆို၏။ 51-52 နက်နဲရာကို ငါဖော်ပြမည်မှာ ငါတို့ရှိသမျှသည်အိပ်ပျော်ရမည်မဟုတ်။ နောက်ဆုံးတံပိုးတော်မှုတ်သည့်ကာလ တစ်ခဏတည်းမျက်စိတမှိတ်တွင် ရှိသမျှတို့ပြောင်းလဲကြရမည်။ မုချအားဖြင့်ထိုတံပိုးတော်မှုတ်သော် သူသေတို့သည် အသင်္ခါရအဖြစ်ရှင်ပြန်ထမြောက်ခြင်း၊ ငါတို့လည်းပြောင်းလဲခြင်းကို ခံရကြလိမ့်သတည်း။ 53 ဤသင်္ခါရဖြစ်သောခန္ဓာသည် အသင်္ခါရအဖြစ်ကိုလည်းကောင်း၊ ဤအနိစ္စခန္ဓာသည် နိစ္စအဖြစ်ကိုလည်းကောင်း ဝတ်ဆင်ရမည်။ 54 ထိုသို့ ဤသင်္ခါရဖြစ်သောခန္ဓာသည် အသင်္ခါရအဖြစ်ကိုလည်းကောင်း၊ ဤအနိစ္စခန္ဓာသည်နိစ္စအဖြစ်ကိုလည်းကောင်း ဝတ်ဆင်ရာ၌ သေမင်းကိုအောင်မြင်ပယ်ဖျက်လေပြီဟူသောကျမ်းချက်သည် အတည်ဖြစ်လိမ့်မည်။ 55 အိုသေမင်း၊ သင်၏အောင်မြင်ခြင်း၊ အိုသေမင်း၊ သင်၏အစွယ်သည်အဘယ်မှာနည်း။ 56 သေမင်း၏အစွယ်ကား အပြစ်ဒုစရိုက်၊ အပြစ်ဒုစရိုက်၏တန်ခိုးကား ပညတ်တရားပေတည်း။ 57 သို့ရာတွင် ငါတို့အရှင်ယေရှုခရစ်အားဖြင့် ငါတို့အားအောင်မြင်ခွင့်သနားတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှပေ၏။ 58 သို့ဖြစ်၍ ငါချစ်သောညီအစ်ကိုတို့ သင်တို့ဆောင်ရွက်မှုသည် အရှင်ဘုရား၌အကျိုးမဲ့မဟုတ်ကြောင်းကို သိသဖြင့် တည်ကြည်လျက်၊ ခိုင်ခံ့လျက်၊ အရှင်ဘုရားအမှုတော်ကို အစဉ်ကြိုးစားလျက်နေကြလော့။