11
ငါသည်ခရစ်တော်၏ပုံစံကိုလိုက်သည့်နည်းတူပင် သင်တို့လည်းငါ့ပုံစံကိုလိုက်ကြလော့။
သင်တို့သည် ငါ့ကိုအရာရာ၌သတိရလျက် ငါသင်ကြားခဲ့ရာထုံးနည်းအချက်ချက်ကို စွဲကိုင်ကြသဖြင့် ငါချီးမွမ်း၏။ သို့ရာတွင် သင်တို့သိစေလိုသည်မှာ ယောက်ျားတိုင်း၏အထွဋ်အထိပ်သည် ခရစ်တော်၊ မိန်းမ၏အထွဋ်အထိပ်သည် ယောက်ျား၊ ခရစ်တော်၏အထွဋ်အထိပ်သည် ဘုရားသခင်ပေတည်း။ ဦးထိပ်ကိုဖုံးအုပ်လျက် ပတ္ထနာပြုသူ၊ ဟောပြောသူယောက်ျားတိုင်းသည် ကိုယ့်ဦးထိပ်အသရေဖျက်ရာရောက်၏။ ဦးထိပ်ကိုမဖုံးအုပ်ဘဲ ပတ္ထနာပြုသူ၊ ဟောပြောသူမိန်းမတိုင်းသည် ကိုယ့်ဦးထိပ်အသရေဖျက်ရာရောက်၏။ ထိုသို့ပြုသော် ဦးဆံရိတ်သောမိန်းမနှင့်တူသည်ဖြစ်၍၊ ဦးထိပ်ကိုမဖုံးအုပ်လိုသောမိန်းမသည် ဦးဆံပယ်စေ။ ဦးဆံပယ်ရိတ်ခြင်းကိုရှက်ဖွယ်ထင်လျှင် ဦးထိပ်ဖုံးအုပ်စေ။ ယောက်ျားသည် ဘုရားသခင့်ပုံသဏ္ဌာန်တော်နှင့် ရောင်ခြည်တော်ဖြစ်သောကြောင့် ဦးထိပ်ကိုဖုံးအုပ်၍မထားသင့်။ မိန်းမမူကား ယောက်ျား၏အရောင်မျှဖြစ်၏။ 8-9 ယောက်ျားကို မိန်းမအဖို့မဟုတ်၊ မိန်းမကိုယောက်ျားအဖို့ ဖန်ဆင်းတော်မူသည့်အလျောက် ယောက်ျားသည်မိန်းမမှဖြစ်သည်မဟုတ်၊ မိန်းမသည်ယောက်ျားမှဖြစ်၏။ 10 ထိုအကြောင်းကြောင့် စေတမန်တော်တို့ကိုထောက်၍ မိန်းမသည်အုပ်စိုးခံရခြင်းအထိန်းအမှတ်ကို ဦးထိပ်ပေါ်မှာရှိသင့်၏။ 11-12 သို့ရာတွင် မိန်းမသည်ယောက်ျားမှဖြစ်သည့်နည်းတူ ယောက်ျားလည်းမိန်းမအားဖြင့်ဖြစ်သည့်ပြင် ဘုရားသခင့်အထံတော်မှအရာခပ်သိမ်းဖြစ်သည့်အလျောက် အရှင်ဘုရား၌မိန်းမသည် ယောက်ျားမပါဘဲမတည်မနေ။ ယောက်ျားလည်းမိန်းမမပါဘဲတည်နေသည်မဟုတ်။ 13 မိန်းမသည်ဦးထိပ်မဖုံးအုပ်ဘဲ ဘုရားသခင်အားပတ္ထနာပြုသင့်၊ မပြုသင့်ကို သင်တို့ကိုယ်တိုင်ဆင်ခြင်ပိုင်းခြားကြလော့။ 14-15 ယောက်ျားမှာရှည်လျားသောဦးဆံရှိလျှင် အသရေယုတ်ကြောင်း၊ မိန်းမမှာရှည်လျားသော ဦးဆံရှိလျှင် ခြုံထည်အဖြစ်ခံရသည့်အလျောက် ဘုန်းအသရေရှိကြောင်းကို ဓမ္မတာတရားကပင် သွန်သင်သည်မဟုတ်လော။ 16 မည်သူမဆိုငြင်းဆန်လိုလျှင် ငါတို့၌လည်းကောင်း၊ ဘုရားသခင့်အသင်းတော်များ၌လည်းကောင်း၊ ထုံးစံတစ်မျိုးမရှိချေ။
17 သို့သော်လည်း သင်တို့စည်းဝေးရာ၌အကျိုးရှိသည်မဟုတ်။ အကျိုးယုတ်သောကြောင့် ယခုထားမည့်ပညတ်နှင့်စပ်၍ ငါမချီးမွမ်းရ။ 18 ပထမအချက်မှာ ပရိသတ်စည်းဝေးကြသည့်ကာလ သင်တို့ဘောင်တွင်ကွဲပြားခြင်းရှိကြောင်း ငါကြားရ၍ အချို့အဝက်ယုံ၏။ 19 စံမှီသူတို့ထင်ရှားစေရန် သင်တို့အနက်အယူကွဲပြားခြင်း ရှိရသည်မှန်၏။ 20 သင်တို့သည်စည်းဝေးစုရုံးကြသော် ထိုအတွက်ကြောင့်အရှင်ဘုရား၏ပွဲတော်ကို စားရာမရောက်နိုင်ကြ။ 21 သင်တို့စားသောက်ကြသည်တွင် တစ်ဦးထက်တစ်ဦးသည် ကိုယ့်အစာကိုတင်ရင်စားသောက်ကြသဖြင့် တစ်ဦးဆာမွတ်လျက် တစ်ဦးယစ်ဝလျက်ရှိ​ေလစွတကား။ 22 စားသောက်မှုပြုရန်အိမ်များမရှိကြလော။ ဘုရားသခင့်အသင်းတော်ကိုမထီလေးစားပြု၍ ဆင်းရဲသားတို့အားအရှက်ခွဲရာသလော၊ ငါမည်သို့ဆိုရအံ့နည်း။ သင်တို့ကိုချီးမွမ်းရမည်လော။ ဤအချက်၌ မချီးမွမ်းရ။ 23 အရှင်ဘုရားအထံတော်မှခံရသည့်အတိုင်း သင်တို့အားငါသင်ကြားခဲ့သောနည်းမှာ အရှင်ယေရှုသည် ပို့အပ်ခံရသောညဉ့်၌ မုန့်ကိုယူ၍၊ 24 ကျေးဇူးတော်ကိုချီးမွမ်းပြီးလျှင် ဖဲ့တော်မူလျက် ဤကားသင်တို့အဖို့စွန့်သော ငါ့ကိုယ်ခန္ဓာတည်း။ ငါ့ကိုသတိရခြင်းငှာဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။ 25 ထိုနည်းတူအာဟာရသုံးပြီးနောက် ဖလားတော်ကိုယူ၍ ဤဖလားကား ငါ့အသွေးဖြင့်ဖွဲ့သော ပဋိညာဉ်တော်သစ်တည်း။ သင်တို့သောက်တိုင်းငါ့ကိုသတိရခြင်းငှာ ဤသို့ပြုကြလော့ဟုမိန့်တော်မူ၏။ 26 သင်တို့သည်ထိုမုန့်ကိုစား၍ ဖလားတော်ကိုသောက်တိုင်း အရှင်ဘုရား၏အသေခံတော်မူခြင်းကို ကြွလာတော်မူသည့်တိုင်အောင် ကြော်ငြာကြ၏။ 27 သို့ဖြစ်၍ မည်သူမဆို အရှင်ဘုရား၏မုန့်တော်ကိုဖြစ်စေ၊ ဖလားတော်ကိုဖြစ်စေ၊ မထိုက်မတန်စားသောက်လျှင် အရှင်ဘုရား၏ကိုယ်ခန္ဓာတော်နှင့်အသွေးတော်ကို ပြစ်မှားရာရောက်လိမ့်မည်။ 28 ကိုယ်ကိုစစ်ဆေးပြီးမှ မုန့်တော်နှင့်ဖလားတော်ကိုစားသောက်ကြစေ။ 29 ကိုယ်ခန္ဓာတော်ကိုပိုင်းခြားသိမြင်ခြင်းမရှိဘဲ စားသောက်သောသူသည် တရားစီရင်ခံရခြင်းကို စားသောက်ရာရောက်သောကြောင့်၊ 30 သင်တို့ဘောင်တွင်အားနည်းသူ၊ မကျန်းမာသူ၊ သေလွန်သူအများရှိကြ၏။ 31 ငါတို့သည်ကိုယ်ကိုစစ်ဆေးသိမြင်လျှင်မူကား တရားစီရင်ခံရကြမည်မဟုတ်။ 32 သို့ရာတွင် ငါတို့သည် တရားစီရင်ခံရကြသည့်ကာလ ဤလောကသားတို့နှင့်အတူ အပြစ်စီရင်မခံရစေရန် အရှင်ဘုရားဆုံးမတော်မူရာ ခံရခြင်းမျှဖြစ်၏။ 33 သို့ဖြစ်၍ ညီအစ်ကိုတို့၊ သင်တို့သည်စားသောက်ရန်စည်းဝေးသော် တစ်ဦးကိုတစ်ဦးဆိုင်းလင့်ကြလော့။ 34 သင်တို့သည်စည်းဝေးရာတွင် တရားစီရင်ခြင်းကိုခံရမည်စိုး၍ မည်သူမဆိုဆာမွတ်လျှင် ကိုယ့်အိမ်တွင်စားသောက်စေ။ ကြွင်းသောအမှုအရေးများကိုကား ငါရောက်သောအခါရှင်းလင်းစီမံမည်။