10
အသို့ဆိုသော် ညီအစ်ကိုတို့၊ ငါတို့ဘိုးဘေးရှိသမျှသည်တိမ်တိုက်အောက်နေခွင့်၊ ရှိသမျှတို့သည် ပင်လယ်ကိုဖြတ်သွားခွင့်၊ ရှိသမျှတို့သည် ထိုတိမ်တိုက်နှင့်ပင်လယ်တွင် မောရှေထဲသို့ဗတ္တိဇံမင်္ဂလာခံခွင့်၊ ရှိသမျှတို့သည် တစ်မျိုးတည်း​ေသာ လောကုတ္တရာအာဟာရစားခွင့်၊ ခရစ်တော်တည်းဟူသော လိုက်ပါသည့်လောကုတ္တရာကျောက်ကရေကို သောက်ရသည့်အလျောက် ရှိသမျှတို့သည်တစ်မျိုးတည်းသောလောကုတ္တရာအမြိုက်သောက်ခွင့်များကို ရကြသော်လည်း၊ သဲကန္တာရတွင်ကျဆုံးကြသည့်အတိုင်း အများတို့ကိုဘုရားသခင်နှစ်သက်တော်မမူကြောင်း သင်တို့မသိဘဲငါမနေစေလို။ ထိုအဖြစ်အပျက်များကား အဆိုးကိုသူတို့တပ်မက်သကဲ့သို့ ငါတို့မတပ်မက်ကြစေရန် ငါတို့အဖို့ပုံစံပေတည်း။ ထိုလူမျိုးသည်စားသောက်ရန်ထိုင်လျက် မြူးထူးရန်ထကြသည်ဟု ကျမ်းချက်အရ ထိုသူအချို့တို့ကဲ့သို့ ရုပ်ပွားကိုးကွယ်သူ မဖြစ်ကြနှင့်။ တစ်နေ့ချင်းတွင် လူဦးရေနှစ်သောင်းသုံးထောင်ကျဆုံးသည့်တိုင်အောင် အချို့တို့သည် မတရားသောမေထုန်ကိုပြုကျင့်သကဲ့သို့ ငါတို့မပြုကျင့်ကြရ။ မြွေခဲသဖြင့်သေရသည့်တိုင်အောင် အချို့တို့သည်ထာဝရဘုရားကိုစုံစမ်းသကဲ့သို့ ငါတို့မစုံစမ်းကြရ။ 10 လုပ်ကြံသောစေတမန်တော့်လက်ဖြင့် ပျက်စီးရသည့်တိုင်အောင် အချို့တို့သည်ညည်းညူသကဲ့သို့ မညည်းညူကြနှင့်။ 11 ထိုအဖြစ်အပျက်များကား ပုံစံအဖြစ်သူတို့၌သင့်ရောက်လျက် ခေတ်ကာလအဆုံးနှင့်တွေ့ကြုံရသော ငါတို့ကိုပဲ့ပြင်ရန် မှတ်သားလျက်ရှိသောကြောင့်၊ 12 တည်ကြည်သည်ဟုကိုယ်ကို ထင်မှတ်သူသည် မလဲမပြိုရန်ဂရုပြုစေ။ 13 လူတို့ခံရသောစုံစမ်းခြင်းမျိုးမှတစ်ပါး သင်တို့မခံခဲ့ရ။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံသည့်အလျောက် သင်တို့ခံရပ်နိုင်သည်ထက် စုံစမ်းစေခွင့်ပြုတော်မမူမည့်ပြင် စုံစမ်းခံရာတွင်ခံရပ်နိုင်ကြစေရန် လွတ်ရာလွတ်ကြောင်းကို ပြုပြင်တော်ဦးမည်။
14 သို့ဖြစ်၍ ချစ်သူတို့၊ ရုပ်ပွားကိုးကွယ်မှုကို ကြဉ်ရှောင်ကြလော့။ 15 ဉာဏ်ကောင်းသူများဟုမှတ်လျက် ငါပြောဆို၏။ ငါ့စကားကိုဆင်ခြင်ပိုင်းခြားကြလော့။ 16 ငါတို့ကောင်းကြီးပေးကြသောမင်္ဂလာဖလားတော်သည် ခရစ်တော်၏အသွေးတော်ကို ဆက်ဆံသုံးဆောင်ခြင်းမဟုတ်လော။ ငါတို့ဖဲ့ကြသောမုန့်တော်လည်း ခရစ်တော်၏ကိုယ်ခန္ဓာတော်ကို ဆက်ဆံသုံးဆောင်ခြင်းမဟုတ်လော။ 17 ငါတို့ရှိသမျှသည် မုန့်တစ်လုံးတည်းကို ဆက်ဆံသုံးဆောင်ကြသောကြောင့် မုန့်တစ်လုံးတည်းရှိသည့်အလျောက် အများဖြစ်သောငါတို့သည် တစ်ကိုယ်တည်းဖြစ်၏။ 18 ဇာတိအလျောက် ဣသရေလလူမျိုးဖြစ်သူတို့ကိုထောက်ရှုကြလော့။ ပူဇော်သက္ကာများကို သုံးဆောင်သူတို့သည် ပူဇော်ရာပလ္လင်တော်နှင့် ဆက်ဆံခွင့်ရကြသည်မဟုတ်လော။ 19 သို့ဖြစ်လျှင် ငါသည်မည်သို့ဆိုရာရောက်သနည်း။ ရုပ်ပွားအားပူဇော်ပြီးသောအသားဖြစ်စေ၊ ဆင်းတုဖြစ်စေ ပဓာနဟုတ်သလော။ 20 မဟုတ်သော်လည်း လူမျိုးခြားတို့ပူဇော်သက္ကာများသည် ဘုရားသခင်အားမဟုတ်။ နတ်ဆိုးတို့အားပူဇော်ရာဖြစ်သဖြင့် ငါသည်သင်တို့ကို နတ်ဆိုးတို့နှင့်မဆက်ဆံစေလိုကြောင်း ငါဆို၏။ 21 အရှင်ဘုရား၏ဖလားတော်နှင့် နတ်ဆိုးတို့၏ဖလားကို သင်တို့မသောက်နိုင်။ အရှင်ဘုရား၏စားပွဲတော်နှင့် နတ်ဆိုးတို့၏စားပွဲကို မသုံးဆောင်နိုင်။ 22 အရှင်ဘုရား၌ မရှုစိတ်ခြင်းကို ငါတို့တိုက်လိုကြသလော။ ကိုယ်တော့်ထက် အားကြီးကြသလော။
23 အနည်းနည်းကိုပြုခွင့်ရှိသည်မှန်သော်လည်း အနည်းနည်းကြောင့်အကျိုးဖြစ်ထွန်းသည်မဟုတ်။ အနည်းနည်းကိုပြုခွင့်ရှိသော်လည်း အနည်းနည်းကြောင့်ဆောက်တည်ရသည်မဟုတ်။ 24 လူတိုင်းကိုယ့်အကျိုးကိုမရှာဘဲ သူတစ်ပါး၏အကျိုးကိုသာရှာပါစေ။ 25-26 ဤမြေကြီးနှင့်ကြွယ်ဝပြည့်စုံသမျှသည် ထာဝရဘုရားပိုင်ဆိုင်တော်မူရာဖြစ်သောကြောင့် သြတ္တပ္ပစိတ်အတွက်မေးမြန်းခြင်းမရှိဘဲ စျေးတွင်ရောင်းချသောမည်သည့်အသားမဆို စားကြလော့။ 27 မယုံကြည်သူတစ်ဦးဖိတ်ကြား၍ သင်တို့သွားလိုလျှင် သင်တို့ရှေ့မှာတည်သောမည်သည့်အသားမဆို သြတ္တပ္ပစိတ်အတွက် မေးမြန်းခြင်းမပြုဘဲစားကြလော့။ 28-29 သို့ရာတွင် တစ်ဦးတစ်ယောက်က ဤကားပူဇော်ပြီးအသားဟုဆိုလျှင် ကိုယ်သြတ္တပ္ပစိတ်အတွက်မဟုတ်၊ ထိုသို့ဖော်ပြသူနှင့် ၎င်းသြတ္တပ္ပစိတ်အတွက် မစားဘဲနေကြလော့။ အဘယ့်ကြောင့်ငါ့လွတ်ခြင်းအခွင့်သည် သူတစ်ထူး၏သြတ္တပ္ပစိတ်စီရင်ခြင်းခံထိုက်မည်နည်း။ 30 ငါသည် ကျေးဇူးတော်ကိုချီးမွမ်းလျက်သုံးဆောင်လျှင်လည်း ထိုသို့ချီးမွမ်း၍စားသည့်အစာအတွက် အဘယ့်ကြောင့်အသေရေပျက်ခံထိုက်မည်နည်း။ 31 သို့ဖြစ်၍ စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ မည်သည့်အမှုမဆို ပြုသည်ဖြစ်စေ။ ဘုရားသခင်ဘုန်းတော့်အလို့ငှာ ပြုကြလော့။ 32-33 ငါသည်ကိုယ့်အကျိုးကိုမရှာ။ အများတို့ကယ်တင်ခြင်းအကျိုးကိုရှာလျက် အနည်းနည်းအားဖြင့် လူအမျိုးမျိုးနှင့်သဘောတူလိုသည့်နည်းတူ သင်တို့လည်းယုဒလူမျို့တို့ရှေ့ဖြစ်စေ၊ လူမျိုးခြားတို့ဖြစ်စေ၊ ဘုရားသခင့်အသင်းတော်ရှေ့ဖြစ်စေ ခလုတ်ကိုမထားကြနှင့်။