ကောရိန္သုဩဝါဒကျမ်း
ပဌမေစာင်
1
ဘုရားသခင့်အလိုတော်အတိုင်း ခရစ်တော်ယေရှု၏တမန်တော်အဖြစ်ခေါ်ထားသူ ပေါလုနှင့်ညီအစ်ကို သောသေနေတို့က၊ ငါတို့အရှင်၊ သူတို့အရှင်ဖြစ်သော ယေရှုခရစ်၏နာမတော်ကို အပြည်ပြည်တွင်ပဌနာပြုသူ ခပ်သိမ်းတို့နှင့်တကွ၊ သီးသန့်ခေါ်ထားတော်မူသူခရစ်တော်ယေရှုအားဖြင့် သန့်ရှင်းသူများဖြစ်သော ကောရိန္သုမြို့ရှိဘုရားသခင်၏ အသင်းတော့်ထံရေးလိုက်သည်မှာ၊ ငါတို့အဘ ဘုရားသခင်နှင့်အရှင်ယေရှုခရစ်အထံတော်မှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တည်ရှိပါစေသော။
4-7 ငါတို့အရှင်ယေရှုခရစ်ပေါ်တော်မူခြင်းကို စောင့်မြော်လျက်နေသောသင်တို့၌ ခရစ်တော့်အကြောင်းသက်သေခံချက်အတည်ရှိသဖြင့် ဆုကျေးဇူးတော်တစ်စုံတစ်ရာမျှမဲ့လျက်မနေသည်ဖြစ်၍ ကိုယ်တော်အားဖြင့်ဟောပြောခွင့်ထိုးထွင်းခွင့်အမျိုးမျိုးနှင့်ကြွယ်ဝကြသည့်အလျောက် ခရစ်တော်ယေရှု၌ ခံစားကြရသောဘုရားသခင့်ကျေးဇူးတော်အတွက် သင်တို့နှင့်စပ်၍ဘုရားသခင့်ကျေးဇူးတော်ကို အစဉ်ငါချီးမွမ်း၏။ ငါတို့အရှင်ယေရှုခရစ်၏နေ့တော်၌ စွပ်စွဲခြင်းကင်းလွတ်ကြစေရန် ထိုအရှင်သည်သင်တို့ကို ဆုံးခန်းတိုင်တည်စေတော်မူလိမ့်မည်။ ငါတို့အရှင်တည်းဟူသော သားတော်ယေရှုခရစ်နှင့်ပေါင်းသင်းဆက်ဆံခွင့်ရှိစေခြင်ငှာ သင်တို့ကိုခေါ်ထားတော်မူခဲ့သောဘုရားသခင်သည် သစ္စာစောင့်တော်မူ၏။
10 အို ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည်ကွဲပြားခြင်းမရှိဘဲ တစ်သံတည်းပြောဆိုလျက် သဘောထားတစ်မျိုး၊ ဆုံးဖြတ်ပုံတစ်မျိုးတည်းအားဖြင့် စေ့စပ်စုံလင်ကြမည့်အကြောင်း ငါတို့အရှင်ယေရှုခရစ်၏ နာမတော်နှင့်ငါနှိုးဆော်ပါ၏။ 11 ငါ့ညီအစ်ကိုတို့၊ သင်တို့ဘောင်တွင်ခိုက်ရန်ဖြစ်ခြင်းများရှိကြောင်း ခလောဧအိမ်သူအိမ်သားတို့ဖော်ပြကြ၏။ 12 ငါဆိုလိုသည်မှာ အသီးသီးတို့က ငါသည်ပေါလုတပည့်၊ ငါသည်အာပေါလုတပည့်၊ ငါသည်ကေဖတပည့်၊ ငါသည်ခရစ်တော်တပည့်ဟု ပြောဆိုကြ၏။ 13 ခရစ်တော်သည်ကွဲပြားသလော။ ပေါလုသည်သင်တို့အဖို့ကားတင်ခံသလော။ ပေါလု၏နာမ၌ ဗတ္တိဇံမင်္ဂလာခံကြသလော။ 14-15 ကရိပ္ပုနှင့်ဂါယုမှတစ်ပါး သင်တို့အနက်မည်သူ့ကိုမျှငါဗတ္တိဇံမင်္ဂလာမပေးသဖြင့် ငါ့နာမ၌ ဗတ္တိဇံမင်္ဂလာပေးသည်ဟု တစ်စုံတစ်ယောက်ပြောဆိုခွင့်မရှိသောကြောင့် ဘုရားသခင့်ကျေးဇူးတော်ကြီးလှ၏။ 16 သတေဖနာ့အိမ်သူအိမ်သားတို့ကိုလည်း ငါဗတ္တိဇံမင်္ဂလာပေး၏။ ၎င်းပြင် ပေးသည်မပေးသည်ကို ငါမမှတ်မိ။ 17 ခရစ်တော်သည် ဗတ္တိဇံမင်္ဂလာပေးစေအံ့သောငှာမဟုတ်။ ကားတိုင်တော်အကျိုးမဲ့မဖြစ်စေရန် ဉာဏ်ပညာယှဉ်သောစကားမသုံးဘဲ သတင်းတော်မြတ်ကိုကြားပြောစေအံ့သောငှာ ငါ့ကိုစေလွှတ်တော်မူ၏။
18-19 ပညာရှိတို့ပညာကိုငါဖျက်ဆီးလျက် ဉာဏ်ကောင်းသူတို့ဉာဏ်ကိုလည်း ငါကွယ်ပျောက်စေမည်ဟူသော ကျမ်းချက်အရ ကားတိုင်တော်သတင်းသည် ပျက်စီးရာရောက်လျက်နေသူတို့၌ အမိုက်ကယ်တင်ရာလိုက်သော ငါတို့၌မူကား ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။ 20 ယခု​ေခတ်ဆိုင်ရာပညာရှိသူ၊ ကျမ်းတတ်သူ၊ စောတနာတက်သူကား အဘယ်မှာနည်း။ ဘုရားသခင်သည်လောကီပညာကို မိုက်မဲစေတော်မူပြီမဟုတ်လော။ 21 ဘုရားသခင့်ပညာတော်အလျောက် ဤလောကသည်ဆိုင်ရာပညာကြောင့် ကိုယ်တော်ကိုသိကျွမ်းရာမရောက်သည်ဖြစ်၍ အမိုက်မှတ်သောဟောပြောခြင်းဖြင့်ပင် ယုံကြည်သူတို့ကို ကယ်တင်ခြင်းငှာ အလိုရှိတော်မူ၏။ 22 ယုဒလူမျိုးတို့သည် နိမိတ်လက္ခဏာများကိုတောင်းဆိုခြင်း၊ ဂရိတ်လူမျိုးတို့သည် ပညာကိုလိုက်ရှာခြင်းပြုလျက်ပင်၊ 23-24 ယုဒလူမျိုးတို့၌ခလုတ်၊ လူမျိုးခြားတို့၌အမိုက်သဖွယ်ဖြစ်သော်လည်း ယုဒလူမျိုးဖြစ်စေ၊ ဂရိတ်လူမျိုးဖြစ်စေ၊ ခေါ်ထားတော်မူသူတို့၌ ဘုရားသခင့်တန်ခိုးတော်၊ ဘုရားသခင့်ပညာတော်ဖြစ်သော ကားတင်ခံတော်မူခဲ့သည့် ခရစ်တော်အကြောင်းကို ငါတို့ဟောပြောကြ၏။ 25 ဘုရားသခင်၏ မိုက်မဲခြင်းသည် လူတို့ပညာထက်ကောင်း၏။ ဘုရားသခင်၏အားနည်းခြင်းလည်း လူတို့ခွန်အားထက်သန်စွမ်း၏။
26 ၎င်းပြင် ညီအစ်ကိုတို့၊ သင်တို့၏ခေါ်ထားတော်မူရင်းအဖြစ်အနေကို ထောက်ရှုဦးလော့။ လောကီပညာရှိသူ၊ အကြီးအကဲဖြစ်သူ၊ အမျိုးမြတ်သူအများပါသည်မဟုတ်။ 27-29 ရှေ့တော်တွင် လူသတ္တဝါတစ်ဦးမျှ ကိုယ်ကိုဂုဏ်တင်ခွင့်မရစေမည့်အကြံတော်နှင့် ဘုရားသခင်သည် ပညာရှိတို့ကိုအရှက်ခွဲရန် ဤလောကတွင်မိုက်မဲရာများကိုရွေးချယ်ခြင်း၊ အားကြီးသူတို့ကိုအရှက်ခွဲရန် ဤလောကတွင်အားနည်းရာများကိုရွေးချယ်ခြင်း၊ ထွန်းကားရာများကိုအကျိုးမဲ့စေရန် ဤလောကတွင်မရှိသဘွယ် ညံ့သောအရာ၊ မရေရသောအရာများကိုရွေးချယ်ခြင်း ပြုတော်မူ၏။ 30-31 သို့ရာတွင် ကိုယ်ကိုဂုဏ်တင်လိုသူကား ထာဝရဘုရားကြောင့် ဂုဏ်တင်စေဟု ကျမ်းချက်အရဖြစ်စေခြင်းငှာ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနုတ်ခြင်းများတည်းဟူသော ပညာတော်အဖြစ် ငါတို့အဖို့ဘုရားသခင်ထားတော်မူသော ခရစ်တော်ယေရှု၌တည်နေခွင့်ကို သင်တို့သည် ဘုရားသခင်ကြောင့် ရရှိကြ၏။