9
ထိုနောက်၊ ငါဖူးမြင်ရသည့်အတိုင်း၊ ပူဇော်ရာပလ္လင့်အနီး၊ ရပ်နေတော်မူသောအရှင်ဘုရားမိန့်တော်မူသည်မှာ၊ ပရိသတ်တို့ဦးခေါင်းပေါ်သို့ပြုတ်ကျ၍၊ ဗိမာန်တော် တံခါးခုံတုန်လှုပ်သည့်တိုင်အောင်၊ တိုင်ထိပ်များကိုနှက်လော့။ ငါလည်း၊ တစ်ဦးတစ်ယောက်မျှမပြေးရ၊ ဘေးမလွှတ်ရသည့်တိုင်အောင်၊ အကြွင်းအကျန်တို့ကိုဓားဖြင့်လုပ်ကြံမည်။ မရဏာ့နိုင်ငံရောက်တူးလျှိုးကြသော်လည်း၊ ငါသည် လက်တော်ဖြင့်ဆွဲနုတ်ခြင်း၊ အာကာသကောင်းကင်ရောက်တက်သွားကြသော်လည်း၊ ပစ်ချခြင်း၊ ကရေမေလတောင်ထိပ်၌ပုန်းအောင်းကြသော်လည်း၊ ရှာဖွေနုတ်ယူခြင်း၊ သမုဒ္ဒရာ အောက်စက္ခုတော်ကွယ်ရာ၌ တိမ်းရှောင်ကြသော်လည်း၊ မျိုစားရန် နဂါးကြီးအား အမိန့်ရှိခြင်း၊ ရန်သူတို့ရှေ့သုံ့ဘမ်းသိမ်းသွားခံကြသော်လည်း၊ လုပ်ကြံရန်ဓားအားမိန့်မှာခြင်းများကို စီရင်လျက်၊ အကောင်းကိုမဟုတ်၊ အဆိုးကိုပြုရန်သာ၊ မျက်နှာတော်ထားလိမ့်မည်။ 5-6 ပြည်တော်ကိုထိရုံမျှဖြင့်၊ အိဂျစ်မြစ်ကဲ့သို့အရည်ပျော်လျက်၊ တက်ခြင်း၊ ဆုတ်ခြင်းကိုလည်းေကာင်း၊ နေထိုင်သူအပေါင်းတို့၌ မြည်တမ်းခြင်းကိုလည်းေကာင်း၊ ဖြစ်စေထသော၊ အာကာသ ကောင်းကင်၌ စံရာဘုံကိုစိုက်၍၊ မြေပထဝီ၌ မိုးပိတာန်ကိုတည်ထသော၊ သမုဒ္ဒရာရေကို မိန့်ခေါ်၍၊ မြေမျက်နှာပြင်တွင်သွန်းသောဗိုလ်ခြေတို့အရှင် ငါထာဝရဘုရား၏နာမ တော်ကား၊ ယေဟောဝါပေတည်း။ အိုဣသရေလအမျိုးသားတို့၊ သင်တို့ကိုကုရှအမျိုးသားတို့ကဲ့သို့၊ ငါမှတ်ယူသည်မဟုတ်လော။ ငါသည် ဣသရေလလူမျိုးကို အိဂျစ်ပြည်မှလည်းေကာင်း၊ ဖိလတ္တိလူမျိုးကို ကရေတေကျွန်းမှလည်းေကာင်း၊ ရှုရိလူမျိုးကို ကိရပြည်မှလည်းေကာင်း၊ ထုတ်ဆောင်ခဲ့သည်မဟုတ်လောဟု၊ ငါထာဝရဘုရားမေး၏။ ငါအရှင်ထာဝရဘုရားသည်၊ ပြစ်မှားလေ့ရှိသောနိုင်ငံကိုမျက်မှောက်ပြု၍၊ မြေပြင်မှ ပယ်ရှားမည်။ သို့ရာတွင် ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ယာကုပ်အမျိုးသားတို့ကို လုံးလုံးပယ်ရှားမည်မဟုတ်။ အမိန့်ထုတ်လျက်၊ စပါးကို ဆန်ကောဖြင့် ဝိုင်းသကဲ့သို့၊ ဣသရေလအမျိုးသားတို့ကို၊ လူမျိုးခြားတို့တွင် တစ်စေ့မျှမကျစေဘဲဝိုင်းလိမ့်မည်။ 10 ဘေးဆိုးသည်၊ ငါတို့ကိုကြိုတင်ခြင်း၊ လိုက်မှီခြင်းမပြုနိုင်ဟု၊ လူမျိုးတော်အနက်ဝါကြွားသောအပြစ်သားအပေါင်းတို့ကား၊ ဓားဖြင့် သေဒဏ်ခံရကြလတ္တံၙ့။
11-12 ထိုကာလ၊ ဧဒုံလူမျိုး အကြွင်းအကျန်တို့မှစ၍၊ နာမတော်ဖြင့် သမုတ်ခံသော ပြည်တောင်များကို အပိုင်ပေးအံ့သောငှာ၊ ငါသည် ဒါဝိဒ်မင်း၏ပြိုလဲခဲ့သောတဲကို ထူစိုက်လျက်၊ ရှေးကာလကဲ့သို့၊ မြို့ပျက်ကိုပြုစုပြင်ဆင်၍၊ အပေါက်အကွဲများကိုထေးဖာမည်ဟု၊ ထိုသို့စီရင်သောငါထာဝရဘုရားမိန့်ဆို၏။ 13 ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ထယ်ထိုးသူနှင့်ရိတ်သိမ်းသူသည်လည်းေကာင်း၊ စပျစ်သီးဖိနင်းသူနှင့် မျိုးကြဲသူသည်လည်းေကာင်း၊ ကြားလပ်မရှိသည့်အလျောက်၊ တောင်ကုန်း ရှိသမျှပင်၊ အရည်ပျော်သကဲ့သို့ စပျစ်ရည်ထွက်စီးမည့် နေ့ရက်ကာလရောက်တော့မည်။ 14-15 ငါသည်၊ သုံ့ဘမ်းခံရသောဣသရေလလူမျိုးတော်ကိုပြန်လာစေပြီးလျှင်၊ ငါပေးခဲ့သောနေရင်းပြည်မှ နောင်ဆွဲနုတ်ခြင်းကို မခံရစေဘဲ၊ စိုက်ပျိုးမည့်အလျောက်၊ ထိုသူတို့သည်၊ မြို့ဆိုးကုန်းများကို ပြုပြင်လျက် နေထိုင်ခွင့်၊ စပျစ်ခြံများကို စိုက်ပျိုးလျက် သုံးသောက်ခွင့်၊ ဟင်းရွက်ဟင်းသီးခင်းများကို လုပ်လျက်သုံးဆောင်ခွင့်ရကြလတ္တံ့ဟု၊ သင်၏ဘုရားသခင် ငါထာဝရဘုရားမိန့်ဆိုသည်ဟူ၍တည်း။