5
အိုဣသရေလအမျိုးသားတို့၊ သင်တို့ကိုရည်လျက်၊ ငါဖွဲ့ဆိုမည့်ငိုချင်းချက်ကို နာခံကြရမည်မှာ၊ ကညာဖြစ်သောဣသရေလအမျိုးသည်၊ နောင်မထနိုင်အောင်ကျလဲပြီ။ ထူမသူကင်းလျက်၊ ကျရာအရပ်၌လဲနေသည်ဟူ၍တည်း။ အရှင်ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့အနက်၊ မြို့တစ်မြို့မှ ထောင်တပ်ချီလျှင်၊ တစ်ရာ၊ ရာတပ်ချီလျှင်၊ တစ်ဆယ်သာကြွင်းလိမ့်မည်ဟု မိန့်တော်မူ၏။ 4-5 ဣသရေလအမျိုးသားတို့အား ထာဝရဘုရားက၊ သုံ့ဘမ်းသိမ်းသွားခံရအံ့သော ဂိလဂါလမြို့ကို ရှာဖွေခြင်း၊ အလဟဿဖြစ်အံ့သော ဗေသလမြို့သို့ဝင်ရောက်ခြင်း၊ ဗေရရှေဘမြို့သို့ သွားခြင်းကို မပြုဘဲ၊ ငါ့ကိုရှာဖွေ၍အသက်ချမ်းသာရကြလော့ဟု မိန့်တော်မူ၏။ 6-7 ဆုံးဖြတ်ခြင်းတရားအမြိုက်ကို၊ အခါးရည်ဖြစ်စေလျက်၊ ဖြောင့်မတ်ခြင်းတရားကိုမြေပေါ်တွင် သွန်ချသော သင်တို့၊ ထာဝရဘုရားသည်၊ ယောသပ်အမျိုးသားတို့တွင် တောက်လောင်တော်မူသဖြင့်၊ ဗေသလမြို့၌ ငြိမ်းသူမဲ့ကျွမ်းလောင်မည်ကို စိုးလျက်၊ ကိုယ်တော်ကို ရှာဖွေ၍ အသက်ချမ်းသာရကြလော့။ ကျတ္တီကာနှင့် အဿဝနီကိုဖန်ဆင်းတော်မူထသော၊ သေခြင်းအရိပ်ကို နံနက်အလင်းဖြစ်စေ၍၊ နေ့ကိုလည်း ညဉ့်မိုက်မှောင်ဖြစ်စေတော်မူထသော၊ သမုဒ္ဒရာရေကို မိန့်ခေါ်လျက်၊ မြေမျက်နှာပြင်တွင် သွန်တော်မူထသော၊ စွမ်းရည်ကောင်းသူတို့၌ ဘေးသင့်စေသဖြင့်၊ ခံမြို့လည်းပျက်စီးရာရောက်စေတော်မူသော အရှင်၏နာမတော်ကား၊ ယေဟောဝါပေတည်း။ 10 သို့ဖြစ်၍၊ မြို့တံခါးဝတွင် ခုံသမတ်ပြုသူ့ကို မုန်းထားလျက်၊ ဖြောင့်မှန်စွာလဲလျှောက်သူ့ကိုရွံ့ရှာလျက်၊ 11 နွမ်းပါးသူတို့ကိုနှိပ်နင်း၍၊ စပါးတံစိုးယူစားသောက်သောသင်တို့သည်၊ ဆစ်ပြီးကျောက်ဖြင့် တိုက်အိမ်များကို တည်ဆောက်ခဲ့သော်လည်းနေထိုင်ခွင့်၊ နှစ်သက်ဖွယ် စပျစ်ခြံများကို စိုက်ပျိုးခဲ့သော်လည်း သုံးသောက်ခွင့် ရကြတော့မည်မဟုတ်။ 12 ဖြောင့်မတ်သူတို့ကိုညှဉ်းဆဲသူ၊ တံစိုးစား၍၊ ဆင်းရဲသားတို့ကို မြို့တံခါးဝတွင် ရှုံးစေသူ သင်တို့၏ လွန်ကျူးမှုများပြား၍၊ အပြစ်တန်ခိုးကြီးသည်ကို ငါသိသည့်အတိုင်း၊ 13 ယခုဆိုးသွမ်းရာကာလဖြစ်သောကြောင့်၊ သတိပညာရှိသူသည် ဆိတ်ဆိတ်နေရ၏။ 14 အသက်ချမ်းသာရအံ့သောငှာ၊ ဒုစရိုက်ကိုမဟုတ်၊ သုစရိုက်ကိုရှာကြံကြလော့။ သို့မှ၊ သင်တို့ဝင့်ဝါသည့်အလျောက်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်သည်၊ သင်တို့နှင့်အတူစံနေတော်မူလိမ့်မည်။ 15 ဒုစရိုက်ကိုမုန်းထားလျက်၊ သုစရိုက်ကိုနှစ်သက်လျက်၊ မြို့တံခါးဝတွင် တရားပလ္လင်ကို တည်စိုက်ကြလော့။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်သည်၊ ယောသပ် အမျိုးအကျန်အကြွင်းတို့အား၊ သနားတော်မူကောင်းမူလိမ့်မည်။ 16-17 သို့ဖြစ်၍ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်က၊ သင်တို့ပြည်ကိုငါဖြတ်သန်းမည်ဖြစ်သောကြောင့်၊ ငိုကြွေးရန် တောင်သူတို့ကိုလည်းေကာင်း၊ မြည်တမ်းရန် ငိုချင်းဖွဲ့ဆို တတ်သူတို့ကိုလည်းေကာင်း၊ ခေါ်ကြရသည့်အလျောက်၊ လမ်းမရှိသမျှ၊ စပျစ်ခြံရှိသမျှ၌ မြည်တမ်းခြင်း၊ လမ်းကြားရှိသမျှ၌ အကျိုးနည်းလေစွဟု ဟစ်ခြင်းကို ပြုရကြလတ္တံ့ဟူ၍ မိန့်တော်မူ၏။ 18 ထာဝရဘုရား၏ နေ့ရက်တော်ကို စောင့်မျှော်သောသင်တို့သည်၊ အမင်္ဂလာရှိကြ၏။ အလင်းမဟုတ်၊ မှောင်မိုက်သောထိုနေ့ရက်တော်ကို စောင့်မျှော်သည်ကား၊ မည်သည့်အကျိုးနည်း။ 19-20 ထာဝရဘုရား၏ နေ့ရက်တော်သည်၊ ခြင်္သေ့လက်မှပြေးရာ၊ ဝံနှင့်တွေ့သကဲ့သို့လည်းေကာင်း၊ ခိုဝင်သောအိမ်နံရံကိုလက်မှီရာ၊ မြွေဆိုးထိတ်သကဲ့သို့လည်းေကာင်း၊ အလင်းမဲ့မှောင်မိုက်၊ တောက်ထိန်မဲ့မှောင်အတိဖြစ်မည်မဟုတ်လော။
21 ငါသည်၊ သင်တို့ပူဇော်ပွဲများကို မုန်းထားရွံရှာလျက်၊ ဓမ္မပွဲများကိုလည်းနှစ်သက်သည်မဟုတ်။ 22 မီးရှို့ရာသက္ကာနှင့် ဘောဇဉ်သက္ကာများကိုဆက်ကပ်ကြသော်ကား၊ လက်ခံခြင်း၊ မိတ်သဟာယသက္ကာအကောင်ထူးများကို၊ အရေးယူခြင်းပြုမည်မဟုတ်။ 23 သင်တို့ကျူးဧသံကိုပြတ်စဲကြလော့။ စောင်းတီးသံကိုလည်း ငါနားမညောင်း။ 24 ၎င်းအစား၊ ဆုံးဖြတ်ခြင်းတရားသည်၊ မြစ်ရေကဲ့သို့လည်းေကာင်း၊ ဖြောင့်မတ်ခြင်းတရားသည်၊ မပြတ်သောချောင်းရေကဲ့သို့လည်းေကာင်း၊ စီးမြဲစီးလေစေ။ 25 အိုဣသရေလအမျိုးသားတို့၊ သဲကန္တာရ၌ နေသောနှစ်ပေါင်းလေးဆယ်အတွင်း၊ ယဇ်နှင့်ပူဇော်သက္ကာများကို၊ ငါအားဆက်ကပ်ရကြသလော။ 26 သင်တို့ထုလုပ်ခဲ့ရာနတ်မင်းစက္ကုတ်နှင့်၊ ကြယ်နက္ခတ်ဘုရားစနေင်္ဂြိုလ်ရုပ်ပွားများကို ပင့်ဆောင်သောသင်တို့ကို၊ 27 ဒမာသက်မြို့အရှေ့ဘက်ပြည်သို့၊ ငါသိမ်းသွားစေမည်ဟူ၍၊ ဗိုလ်ခြေတို့အရှင် ဘုရားသခင်ဟု နာမတော်ရှိသော ထာဝရဘုရားမိန့်တော်မူ၏။