9
ရှောလုမူကား အရှင်ဘုရား၏တပည့်တော်တို့အပေါ်တွင် ကြိမ်းမောင်းခြင်း၊ လုပ်ကြံခြင်းများကို ရှုရှိုက်သေးသည့်အလျောက်၊ ပရောဟိတ်မင်းထံဝင်၍ မဂ်လမ်းတော်လိုက်သူ မည်သည့်ယောက်ျားမိန်းမမဆိုတွေ့လျှင် ချည်နှောင်လျက် ယေရုရှလင်မြို့သို့ယူလာခွင့်ရရန် ဒမာသက်မြို့ရှိအစည်းအဝေးများသို့ အမိန့်စာတောင်းလေ၏။ သွား၍ ဒမာသက်မြို့အနီးသို့ရောက်သော် သူ့ပတ်လည်တွင် ကောင်းကင်မှအလင်းရုတ်တရက်တောက်ပသဖြင့်၊ မှောက်လဲရာ၊ ရှောလု၊ ရှောလု၊ ငါ့ကိုအဘယ်ကြောင့်ညှဉ်းပန်းသနည်းဟူသော ဗျာဒိတ်တော်သံကိုကြားလျှင်၊ ရှောလုက မည်သူပါနည်းအရှင်ဘုရားဟုမေးလျှောက်သော်၊ ငါကား သင်ညှဉ်းပန်းသောယေရှုပင်တည်း။ သို့ရာတွင် ထ၍မြို့တွင်းသို့ဝင်လော့။ သင်ပြုရမည့်အမှုကိုကြားပြောစေမည်ဟု မိန့်တော်မူပြန်သည့်ကာလ၊ ခရီးသွားဖော်တို့သည် ထိုအသံကိုကြားလျက်၊ မည်သူ့ကိုမျှမမြင်ဘဲ အံ့အားသင့်လျက်ရပ်နေကြ၏။ ရှောလုလည်း လဲရာမှထ၍မျက်စိဖွင့်ကြည့်သော် မည်သည်ကိုမျှမမြင်ရသဖြင့် ဒမာသက်မြို့တွင်းသို့ လက်ဆွဲလျက်ခေါ်လာကြပြီးနောက်၊ သုံးရက်တိုင်တိုင်စက္ခုအလင်းကွယ်၍ မစားမသောက်ဘဲရှိနေလေ၏။
10 ထိုအခါ ဒမာသက်မြို့တွင် အာနနိဆိုသူတပည့်တော်တစ်ပါးရှိသဖြင့် အရှင်ဘုရားသည် အာနနိဟု မနောအာရုံဖြင့်ခေါ်တော်မူသော် အကျွန်ုပ်ရှိပါသည်အရှင်ဘုရားဟု ထူးသည့်ကာလ၊ 11 အရှင်ဘုရားက ထ၍လမ်းဖြောင့်ခေါ်ကြားလမ်းသို့သွားပြီးလျှင် ယုဒအိမ်တွင် တာရှုမြို့သားရှောလုကိုမေးလော့။ 12 ထိုသူသည် ယခုပဌနာပြုလျက်ရှိနေရာ အာနနိဆိုသူဝင်လာ၍ မျက်စိမြင်ပြန်စေရန် လက်တင်သည်ကို မြော်မြင်ရပြီဟုမိန့်တော်မူ၏။ 13 သို့ရာတွင်အာနနိက အရှင်ဘုရား၊ ထိုသူသည်ယေရုရှလင်မြို့ရှိ ကိုယ်တော်သီးသန့်ထားသူတို့အပေါ်တွင် မည်မျှမကောင်းပြုကြောင်း အများထံမှကြားသိရပါသည်။ 14 ဤမြို့တွင်လည်း အရှင့်နာမတော်အားပဌနာပြုသူရှိသမျှတို့ကို ချည်နှောင်ရန်၊ ပရောဟိတ်ကြီးတို့ထံမှအခွင့်အာဏာရရှိသူဖြစ်ပါသည်ဟု ပြန်လျှောက်သော်၊ 15 အရှင်ဘုရားက သွားလော့။ ထိုသူသည် လူမျိုးခြားတို့ရှေ့၊ ဘုရင်မင်းတို့ရှေ့၊ ဣသရေလအမျိုးသားတို့ရှေ့တွင် ငါ့နာမကိုဆင့်ရွက်စေရန် ငါရွေးကောက်သော အသုံးအဆောင်တော်ဖြစ်သည်။ 16 ငါ့နာမအတွက် ခံရသမျှသောဆင်းရဲဒုက္ခကို သူ့အားငါပြမည်ဟု မိန့်တော်မူသည့်အတိုင်း၊ 17 အာနနိထွက်သွား၍ ထိုအိမ်သို့ဝင်ပြီးလျှင် လက်တင်လျက် ညီရှောလု၊ ခရီးအကြားထင်ရှားတော်မူခဲ့သောယေရှုအရှင်ဘုရားသည် သင့်မျက်စိမြင်ပြန်လျက် သန့်ရှင်း သောဝိညာဉ်တော်နှင့်ပြည့်စေရန် ငါ့ကိုစေလွှတ်တော်မူလိုက်ပြီဟုဆိုလျှင်ဆိုချင်း၊ 18 ရှောလုမျက်စိမှ အကြေးသဖွယ်ကွာကျသဖြင့် မြင်ပြန်သောအခါ ထ၍ဗတ္တိဇံမင်္ဂလာခံပြီးလျှင်၊ 19 အစာအာဟာရသုံးဆောင်လျက် အားဖြည့်လေ၏။
ထို့နောက်ရှောလုသည် ဒမာသက်မြို့ရှိတပည့်တော်တို့နှင့် နေ့ရက်အနည်းငယ်နေလျက်၊ 20 ဓမ္မာရုံများတွင် ယေရှုသည်ဘုရားသခင့်သားတော်မှန်ကြောင်း အဆောတလျင်ကြော်ငြာရာ၊ 21 ကြားနာသူခပ်သိမ်းတို့အံ့သြလျက် ဤသူကား ယေရုရှလင်မြို့တွင် ထိုနာမအားပဌနာပြုသူတို့ကို ဖျက်ဆီးပြီးလျှင် ဤမြို့တွင်လည်းချည်နှောင်၍ ပရောဟိတ်ကြီးတို့ထံပို့အပ်ရန်အကြံနှင့် ရောက်လာခဲ့သူမဟုတ်လောဟုဆိုကြ၏။ 22 ရှောလုမှာမူ ခွန်အားတိုးတက်လျက် ယေရှုသည်ခရစ်တော်မှန်ကြောင်း ထင်ရှားစွာဖော်ပြသဖြင့် ဒမာသက်မြို့နေယုဒလူမျိုးတို့ စိတ်ရှုပ်ထွေးလျက်နေကြ၏။
23 ကာလရှည်ကြာသော် သူ့ကိုကွပ်မျက်ရန် ယုဒလူမျိုးတို့တိုင်ပင်ကြရာ၊ 24 ထိုအကြံကို ရှောလုကြားသိသဖြင့် ကွပ်မျက်ခွင့်ရရန်၊ နေ့ညဉ့်မပြတ်မြို့တံခါးများတွင် စောင့်နေကြသော်လည်း၊ 25 သူ့တပည့်တို့ခေါ်သွား၍ ညဉ့်အခါတောင်းဖြင့် မြို့ရိုးကလျှောချကြ၏။
26 ယေရုရှလင်မြို့သို့ရောက်လာသော် ရှောလုသည် တပည့်တော်တို့နှင့်ပေါင်းသင်းမည်ပြုရာ တပည့်တော်ဖြစ်ကြောင်းကိုမယုံသဖြင့် ရှိသမျှတို့ကြောက်ရွံ့ကြ၏။ 27 သို့ရာတွင်ဗာနဗသည် ရှောလုကိုတမန်တော်တို့ထံခေါ်သွင်း၍ အရှင်ဘုရားကိုလမ်းတွင်ဖူးမြင်လျက်၊ ဗျာဒိတ်တော်ကိုခံရကြောင်း၊ ဒမာသက်မြို့၌ ယေရှု၏နာမတော်နှင့်ရဲရင့်စွာဟောကြောင်းများကို ကြားပြောပြီးမှ၊ 28 ရှောလုသည် ယေရုရှလင်မြို့တွင် တမန်တော်တို့နှင့်ဝင်ထွက်လျက် အရှင်ဘုရား၏နာမတော်နှင့် ရဲရင့်စွာဟောပြောလျက်နေ၏။ 29 ဟေေလနစ် ယုဒလူမျိုးတို့နှင့်လည်းဆွေးနွေးငြင်းခုန်သော် ကွပ်မျက်ရန်ထိုသူတို့ကြံစည်ကြောင်းကို ညီအစ်ကိုတို့ကြားသိသဖြင့်၊ 30 ကဲသရိမြို့ရောက်ရှောလုကိုခေါ်သွားပြီးလျှင် တာရှုမြို့သို့လွှတ်လိုက်ကြ၏။
31 ထိုကာလ အသင်းတော်သည် ယုဒ၊ ဂါလိလဲ၊ ရှမာရိနယ်များတလျှောက်တွင် ငြိမ်းချမ်းသာယာလျက်၊ ထာဝရဘုရားအားခန့်ညားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ထံအသနားခံခြင်းများ၌ ကျင်လည်၍ တည်ဆောက်တိုးပွားရ၏။
32 ပေတရုသည် ဒေသစာရီလှည့်လည်စဉ် လုဒမြို့နေသီးသန့်ထားသူတို့ထံရောက်သော်၊ 33 ရှစ်နှစ်တိုင် သွက်ချာပါဒစွဲ၍ အိပ်ရာတွင်ပက်လက်နေရသောအဲနေဆိုသူကိုတွေ့ရာ၊ 34 အို အဲနေ၊ ယေရှုခရစ်သည်သင့်ကိုကျန်းမာစေတော်မူ၏။ ထ၍အိပ်ရာပြင်လော့ဟုဆိုသည့်အတိုင်း ချက်ခြင်းထသဖြင့်၊ 35 လုဒမြို့မှစ၍ ရှာရုန်နယ်သူနယ်သားအပေါင်းတို့သည်ထိုသူ့ကိုမြင်၍ အရှင်ဘုရားထံလှည့်ဝင်ကြ၏။
36 ထိုအခါ ယုပ္ပေမြို့တွင် စွန့်ကြဲပေးကမ်းခြင်းမှစ၍ ကောင်းသောအကျင့်အမျိုးမျိုးနှင့်ပြည့်စုံသူ ဒေါ်ကာဟုဆိုလိုသောတဗိသခေါ် တပည့်တော်မတစ်ယောက်သည်၊ 37 နာ၍သေလွန်သော် ရေချိုးလျက်အထက်ခန်းတွင် ပြင်ထားကြပြီးလျှင်၊ 38 ယုပ္ပေမြို့နှင့်နီးသောလုဒမြို့၌ ပေတရုရှိကြောင်းကိုတပည့်တော်တို့ကြားသိသည့်ကာလ၊ ကျွန်တော်တို့ထံမဖင့်မနွဲ့ ကြွခဲ့တော်မူပါဟု လူနှစ်ယောက်စေလွှတ်ပင့်ခေါ်ကြသည့်အတိုင်း၊ 39 ပေတရုထ၍ အတူလိုက်လာ၏။ ရောက်သော် အထက်ခန်းသို့ပင့်ခေါ်ကြသဖြင့် မုဆိုးမရှိသမျှတို့သည် ငိုကြွေးလျက် သူတို့နှင့်အတူရှိစဉ် ဒေါ်ကာချုပ်လုပ်ခဲ့သောအင်္ကျီနှင့်အထည်များကို ပြလျက်ရပ်နေကြရာ၊ 40 ပေတရုသည် ရှိသမျှကိုပြင်သို့ထုတ်၍ ဒူးထောက်လျက်ပဌနာပြုပြီးလျှင် အလောင်းဘက်သို့လှည့်လျက် တဗိသ၊ ထလော့ဟုဆိုသည့်အတိုင်း မျက်စိဖွင့်၍ ပေတရုကိုမြင်သော် ထထိုင်လေ၏။ 41 ပေတရုလည်း လက်ကမ်း၍ထူပြီးလျှင် သီးသန့်ထားသူတို့နှင့်မုဆိုးမတို့ကိုခေါ်လျက် အသက်ရှင်သောထိုမိန်းမကိုအပ်လိုက်ရာ၊ 42 ယုပ္ပေတစ်မြို့လုံးကြားသိ၍ အများသောသူတို့သည် အရှင်ဘုရားကို ယုံကြည်ကြ၏။ 43 ပေတရုသည် ယုပ္ပေမြို့တွင် သားရေနယ်ဆရာရှိမုန်ဆိုသူနှင့် နေ့ရက်များစွာနေထိုင်လေ၏။