8
ထိုသတ်မှု၌ ရှောလုသဘောတူသတည်း။
ထိုနေ့ချင်းတွင် ယေရုရှလင်မြို့ရှိအသင်းတော်ကို ပြင်းစွာညှဉ်းပန်းခြင်းဖြစ်ပွား၍ တမန်တော်တို့မှတစ်ပါး သင်းဝင်သူရှိသမျှသည် ယုဒနယ်၊ ရှမာရိနယ်တလျှောက်ကွဲလွင့်ရကြ၏။ ဘုရားတရားကြည်ညိုသူတို့လည်း သတေဖန်ကိုသင်္ဂြိုဟ်လျက် သည်းစွာမြည်တမ်းကြ၏။ ရှောလုမူကား အိမ်တိုင်းသို့ဝင်၍ ယောကျာ်းမိန်းမတို့ကိုဆွဲငင်ထောင်ချလျက် အသင်းတော်ကိုဖျက်ဆီးလေ၏။
သို့နှင့်အညီ ကွဲလွင့်ရသူတို့သည် တရားတော်ကိုဟောပြောလျက် လှည့်လည်ကြသည့်အတိုင်း၊ ဖိလိပ္ပုလည်း ရှမာရိမြို့သို့သွား၍ ခရစ်တော့်အကြောင်းကိုကြော်ငြာရာ၊ ပြသောနိမိတ်လက္ခဏာများကိုမြင်၍ ဟောပြောသောအကြောင်းအရာများကိုကြားလျှင် လူအမြောက်အမြားတို့သည် တညီတညွတ်တည်းဂရုပြုကြ၏။ နတ်ဆိုးအများတို့သည်ပြင်းစွာအော်ဟစ်လျက် ပူးကပ်သူတို့အထဲမှထွက်ခွာကြသည့်ပြင်၊ သွက်ချာပါဒစွဲသူနှင့်ခြေဆွံ့သူအများလည်း ကျန်းမာကြသည့်အတိုင်း၊ ထိုမြို့တွင် အားရဝမ်းမြောက်ခြင်းရှိ၏။
ထိုကာလ ၎င်းမြို့တွင် ရှမာရိလူမျိုးကိုအံ့သြစေလျက် ကိုယ်ကိုထူးမြတ်သည်ဟုဂုဏ်တင်သူ ရှိမုန်အမည်ရှိသောဝိဇ္ဇာဆရာတစ်ယောက်ရှိနှင့်ရာ၊ 10-11 အကြီးအမြတ်ခေါ်ဘုရားသခင့်တန်ခိုးတော်တည်းဟုဆိုကြသော လူကြီးလူငယ်အပေါင်းတို့သည် အဓွန့်ရှည်စွာဝိဇ္ဇာအတတ်ကြောင့် အံ့ဩရသဖြင့်မှီဝဲကြ၏။ 12 သို့ရာတွင် ဘုရားသခင့်နိုင်ငံတော်မှစ၍ ယေရှုခရစ်၏နာမတော်အကြောင်း ဖိလိပ္ပုကြားပြောသောသတင်းတော်မြတ်ကိုယုံကြည်သဖြင့် ထိုယောကျ်ားမိန်းမအပေါင်းတို့ ဗတ္တိဇံမင်္ဂလာခံကြရာ၊ 13 ရှိမုန်ကိုယ်တိုင်လည်းယုံကြည်လျက် ဗတ္တိဇံမင်္ဂလာခံပြီးနောက် ဖိလိပ္ပုကိုဆည်းကပ်လျက် နိမိတ်လက္ခဏာများ၊ ကြီးစွာသောအံ့ဖွယ်ရာများကိုကြည့်မြင်ရ၍ အံ့သြမိန်းမောလေ၏။
14 ယေရုရှလင်မြို့ရှိ တမန်တော်တို့သည် ဘုရားသခင့်တရားတော်ကိုရှမာရိလူမျိုးခံယူကြောင်းကြား၍ ပေတရုနှင့်ယောဟန်တို့ကိုစေလွှတ်ကြသည့်အတိုင်း ရောက်ကြသော်၊ 15-16 ထိုတပည့်တော်တို့သည် အရှင်ယေရှု၏နာမတော်၌ ဗတ္တိဇံမင်္ဂလာကိုခံရုံမျှဖြစ်လျက်၊ မည်သူ့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော် မသက်မရောက်သေးသည့်အတွက် ထိုဝိညာဉ်တော်ကိုခံရစေရန် တောင်းလျှောက်ပြီးလျှင်၊ 17 လက်တင်ကြသော်၊ သန့်ရှင်းသောဝိညာဉ်တော်ကိုထိုသူတို့ခံရကြ၏။ 18-19 ရှိမုန်လည်း တမန်တော်တို့လက်တင်ခြင်းအားဖြင့် ဝိညာဉ်တော်ခံရကြသည်ကိုသိမြင်သော် မည်သူ့အပေါ်၌မဆိုကျွန်တော်လက်တင်လျှင် သန့်ရှင်းသောဝိညာဉ်တော်ခံရစေခွင့်တန်ခိုးကိုပေးပါဟု လျှောက်လျက်၊ 20 တမန်တော်တို့အားငွေပေးကမ်းရာ ပေတရုက ဘုရားသခင့်ဆုကျေးဇူးတော်ကိုငွေပေး၍ ရနိုင်သည်ထင်မှတ်သောကြောင့် သင်နှင့်ငွေပါပျက်စီးရာရောက်ပါစေ။ 21 တရားတော်ဆိုင်ရာပိုင်စုနှင့်ဝေပုံကိုမျှ သင်ရသည်မဟုတ်။ စိတ်နှလုံးလည်း ဘုရားသခင့်ရှေ့မဖြောင့်။ 22 သို့ဖြစ်၍သင့်ဆိုးသွမ်းခြင်းအတွက် နောင်တရလျက် အကြံအစည်ကိုလည်း ချမ်းသာပေးကောင်းပေးတော်မူစေရန် အရှင်ဘုရားထံတောင်းပန်လော့။ 23 သင်သည် ခါးသောအဆိပ်နှင့်ဒုစရိုက်အထုပ်ဖြစ်သည်ကို ငါသိမြင်သည်ဟုဆိုရာ၊ 24 ရှိမုန်က ဆရာတို့ပြောတိုင်း ကျွန်တော်၌မသင့်မရောက်စေရန် အရှင်ဘုရားထံတောင်းပန်ကြပါဟု ပြန်လျှောက်လေ၏။
25 တမန်တော်တို့သည် အရှင်ဘုရား၏တရားတော်ကိုထိုသို့သက်သေခံ၍ ဟောပြောကြပြီးနောက်၊ ရှမာရိမြို့ရွာအများတွင် သတင်းတော်မြတ်ကိုကြားပြောလျက် ယေရုရှလင်မြို့သို့ပြန်သွားကြ၏။
26 ဖိလိပ္ပုမူကား ထာဝရဘုရား၏စေတမန်တော်က ထ၍ယေရုရှလင်မြို့မှ ဂါဇမြို့ရောက်သော တောင်ဘက်သဲကန္တာရလမ်းဖြင့် ခရီးသွားလော့ဟုမိန့်ဆိုသည့်အတိုင်း ဖိလိပ္ပုထသွားလေ၏။ 27 ထိုအခါ အဲသယောပိဘုရင်မကန္ဒကေ့ထံ ဘဏ္ဍာတော်ဝန်ကြီးဖြစ်သူအဲသယောပိလူမျိုး မိန်းမစိုးသည် ယေရုရှလင်မြို့ရောက်၍ ဘုရားဖူးပြီးမှပြန်လာစဉ်၊ 28 စစ်ရထားစီးလျက် ပရောဖက်ဟေရှာယကျမ်းကိုဖတ်နေရာ၊ 29 ဖိလိပ္ပုအားဝိညာဉ်တော်က ထိုစစ်ရထားကိုထက်ကြပ်လိုက်လော့ဟု မိန့်ဆိုသော်၊ 30 ဖိလိပ္ပုသည်အမြန်လိုက်၍ ပရောဖက်ဟေရှာယကျမ်းဖတ်နေသည်ကိုကြားသည့်ကာလ၊ ဖတ်သောအချက်ကိုနားလည်ပါသလောဟုမေးလျှင်၊ 31 ထိုသူက ညွှန်ပြသူမရှိကမည်သို့နားလည်နိုင်မည်နည်းဟု ပြန်ဆိုလျက် တက်၍အတူထိုင်ရန်တောင်းပန်လေ၏။ 32 ဖတ်နေသောကျမ်းချက်မှာ သတ်ရန်ဆွဲငင်သောသိုးကဲ့သို့သူ့ကိုထုတ်သွားကြရာ၊ အမွေးညှပ်သူရှေ့ ဆိတ်ဆိတ်နေသောသိုးသားငယ်ကဲ့သို့ သူသည်နှုတ်မမြွတ်ဘဲနေ၏။ 33 နှိမ့်ချရာ၌ ခံရသောစီရင်ဒဏ်ပလပ်လေပြီ။ အသက်ကိုမြေမှရုပ်သိမ်းကြသည်နှင့် သူ့ဇာတိကို မည်သူဖော်ပြနိုင်အံ့နည်းဟူ၍တည်း။ 34 ထိုအခါ မိန်းမစိုးက ပရောဖက်သည်မည်သူ့ကိုရည်ဆောင်၍ဆိုပါသနည်း။ သူ့ကိုယ်ကိုလော။ အခြားသူကိုလော ပြောပါဟုလျှောက်သော်၊ 35 ဖိလိပ္ပုသည်နှုတ်မြွက်လျက် ထိုကျမ်းချက်ကအစပြု၍ ယေရှုဆိုင်ရာ သတင်းတော်မြတ်ကိုကြားပြောလေ၏။ 36 ထိုသို့ခရီးသွားစဉ် ရေရှိရာသို့ရောက်ကြသည့်ကာလမိန်းမစိုးက ကြည့်ပါ၊ ရေရှိပါသည်၊ ဗတ္တိဇံမင်္ဂလာမခံရစေခြင်းငှာ မည်သည့်အကန့်အကွက်ရှိပါသနည်းဟုလျှောက်လျက်၊ 8.37 စိတ်နှလုံးအကြွင်းမ့ဲယုံကြည်လျှင်ခံသင့်သည်ဟုဖိလိပ္ပၖုဆိုေသာ်၊ ေယရှုခရစ်သည်ဘုရားသခင်၏သားေတာ်ဖြစ်ေကြာင်းယုံကြည်ပါ၏ဟူေသာနံပါတ် ၃၇သည်ေရှးကျမ်းေဟာင်းအချို့၌ပါရှိ၏။ 38 ရထားရပ်တန့်စေရန်အမိန့်ရှိပြီးလျှင် ရေထဲသို့နှစ်ဦးလုံးဆင်းသွား၍ ဖိလိပ္ပုသည် မိန်းမစိုးကိုဗတ္တိဇံမင်္ဂလာပေးလေ၏။ 39 ရေထဲမှတက်ကြသော် ထာဝရဘုရား၏ဝိညာဉ်တော်သည်ဖိလိပ္ပုကိုဆောင်သွားရာ မိန်းမစိုးလည်း ရွှင်လန်းစွာခရီးသွားမြဲသွား၍ ဖိလိပ္ပုကိုနောက်ထပ်မတွေ့မမြင်။ 40 ဖိလိပ္ပုသည် အာဇုတ်မြို့တွင်ပေါ်လာ၍ ထိုမြို့မှကဲသရိမြို့တိုင်လျှောက်သွားလျက် မြို့ရွာရှိသမျှ၌ သတင်းတော်မြတ်ကိုကြားပြောလေ၏။