5
1-2 အာနနိဆိုသူမူကား၊ မယားရှဖိရေသဘောတူလျက် မြေပိုင်ကိုရောင်းချ၍ ရငွေအနက်ထိမ်ချန်ခဲ့ပြီးလျှင် အချို့အဝက်ကိုယူလာလျက် တမန်တော်တို့ခြေရင်းတွင်ပုံထားရာ၊ ပေတရုက အိုအာနနိ၊ မြေဖိုးအနက်ထိမ်ချန်၍ သန့်ရှင်းသောဝိညာဉ်တော်အား မုသာပြောရာရောက်စေရန် စာတန်သည်သင့်စိတ်နှလုံးကို အဘယ့်ကြောင့်ပြည့်စေရသနည်း။ လက်ဝယ်မြေရှိစဉ် ကိုယ်ပိုင်မဟုတ်လော၊ ရောင်းပြီးနောက်ရငွေလည်းကိုယ့်ပစ္စည်းမဟုတ်လော။ သို့ဖြစ်လျက် သင့်စိတ်တွင်အဘယ့်ကြောင့်ဤသို့ကြံစည်သနည်း။ သင်သည်လူကိုသာမဟုတ်၊ ဘုရားသခင်ကို မုသာပြောလေပြီဟုဆို၏။ ထိုစကားကိုကြားသော် အာနနိလဲသေ၍ လူငယ်တို့ထလျက်အလောင်းကိုထုပ်ရစ်ပြီးလျှင်၊ ထမ်းသွားသင်္ဂြိုဟ်ကြ၏။ ကြားသိသူခပ်သိမ်းတို့လည်း ကြီးစွာသောကြောက်ရွံ့ခြင်းဖြစ်ကြသတည်း။ 6-7 ထို့နောက် သုံးနာရီခန့်ကြာသော် အဖြစ်အပျက်ကိုမသိဘဲ မယားဝင်လာရာ၊ ပေတရုက သင်တို့မြေကိုဤမျှလောက်နှင့်ရောင်းမရောင်းပြောလော့ဟုဆိုသည့်ကာလ၊ ထိုမျှလောက်နှင့်ပင်ရောင်းပါသည်ဟု ပြန်လျှောက်သဖြင့်၊ ပေတရုက သင်တို့သည်ထာဝရဘုရား၏ဝိညာဉ်တော်ကိုစုံစမ်းရန် အဘယ်ကြောင့်သဘောတူကြံစည်ကြသနည်း။ ကြည့်လော့။ သင့်လင်ကို သင်္ဂြိုဟ်ခဲ့သူတို့၏ခြေများသည် တံခါးဝသို့ပြန်ရောက်ပြီ။ သင့်ကိုလည်းထမ်းသွားကြလိမ့်မည်ဟုဆိုလျှင်ဆိုချင်း၊ 10 ပေတရုခြေရင်းတွင် ထိုမိန်းမလဲသေလေ၏။ ထိုမိန်းမသေပြီးသည်ကိုလူငယ်တို့ဝင်ရောက်တွေ့မြင်၍ ထမ်းသွားပြီးလျှင် လင်နှင့်ယှဉ်လျက် သင်္ဂြိုဟ်ကြ၏။ 11 အသင်းတော်တစ်သင်းလုံးမှစ၍ ကြားသိသူခပ်သိမ်းတို့လည်း ကြီးစွာသောကြောက်ရွံ့ခြင်းဖြစ်ကြသတည်း။
12 ၎င်းပြင် တမန်တော်တို့သည် အံ့ဖွယ်ရာနိမိတ်လက္ခဏာအများကို ပြည်သူပြည်သားတို့တွင်ပြရကြ၏။ ပါဝင်သူအပေါင်းတို့သည် တညီတညွတ်တည်း ရှောလမုန့်မုတ်ဆောင်တွင်ရှိနေကြရာ၊ 13 ကြွင်းသောသူတို့အနက် မည်သူမျှမပေါင်းမသင်းဝံ့သော်လည်း ပြည်သူပြည်သားတို့ချီးမွမ်းကြသဖြင့်၊ 14 အရှင်ဘုရားအား ယုံကြည်သူယောက်ျားမိန်းမအများတို့ ထပ်ဝင်ကြ၏။ 15 သို့နှင့်အညီ ပေတရုေလျှာက်သွားသည့်ကာလ တစ်ယောက်ယောက်အပေါ်တွင်အရိပ်မျှပင် လွှမ်းမိစေရန်၊ သူနာတို့ကိုလမ်းသို့ထုတ်၍ ထမ်းစင်အိပ်ရာများနှင့်ချထားကြသည့်ပြင်၊ 16 ယေရုရှလင်မြို့ပတ်လည်ရှိ မြို့ရွာများမှလူအများသည် သူနာနှင့်နတ်ဆိုးပူးကပ်နှိပ်စက်ခံရသူတို့ကို ခေါ်ဆောင်ရောက်လာကြသည့်အလျောက် ရောဂါကပ်သူရှိသမျှတို့ ကျန်းမာကြ၏။
17 ထို့ကြောင့်ပရောဟိတ်မင်းနှင့် ဇဒ္ဒုကဲဂိုဏ်းသားအပေါင်းအဖော်ရှိသမျှတို့ ထရပ်လျက် များစွာမရှုစိမ့်သဖြင့်၊ 18 တမန်တော်တို့ကိုဖမ်းဆီးပြီးလျှင်၊ 19 နှောင်အိမ်တွင် ချထားကြရာ ထာဝရဘုရား၏စေတမန်တစ်ပါးသည် ညဉ့်အခါထောင်တံခါးကိုဖွင့်၍ ထုတ်ဆောင်လျက် သွားကြလော့။ 20 ဤသို့သောအသက်ဆိုင်ရာဒေသနာရှိသမျှကို ဗိမာန်တော်တွင်ရပ်လျက်၊ 21 လူပရိသတ်အား ဟောပြောကြလော့ဟူသောစကားကို တမန်တော်တို့ကြားကြသည့်အတိုင်း၊ နံနက်စောစောဗိမာန်တော်သို့ဝင်၍ ဒေသနာပေးကြ၏။ ပရောဟိတ်မင်းနှင့် အပေါင်းအဖော်တို့လည်း လွှတ်တက်လျက် လွှတ်တော်အရာရှိ ဣသရေလအမျိုးသားလူကြီးဟူသမျှကို စည်းဝေးစေပြီးလျှင် တမန်တော်တို့ကိုထုတ်သွင်းစေရန် နှောင်အိမ်သို့လူလွှတ်ကြသော်၊ 22 သွားရောက်သောလွှတ်လုလင်တို့သည်ထောင်တွင်မတွေ့သဖြင့်၊ 23 နှောင်အိမ်သည် လုံခြုံစွာပိတ်ထားလျက် တံခါးစောင့်များရပ်နေသည်ကို ကျွန်တော်တို့တွေ့သည်နှင့်ဖွင့်လျှင် အတွင်း၌မည်သူ့ကိုမျှမတွေ့ပါဟု ပြန်သွားလျှောက်ထားကြ၏။ 24 ထိုစကားကို ဗိမာန်တော်မဟာဒါန်ဝန်နှင့် ပရောဟိတ်ကြီးတို့ကြားသော်၊ အဖြစ်အပျက်အကြောင်းတွေးတောလျက်နေကြစဉ်၊ 25 လူတစ်ဦးလာ၍ အရှင်တို့ထောင်ချထားသူများသည် ဗိမာန်တော်တွင်ရပ်လျက် လူပရိသတ်အားဒေသနာပေးလျက်ရှိနေကြပါသည်တကားဟု ကြားပြောသောအခါ၊ 26 ဗိမာန်တော်မဟာဒါန်ဝန်နှင့် မင်းမှုထမ်းတို့သွားပြီးလျှင် လူပရိသတ် ပစ်ခတ်မည်စိုးသောကြောင့် တမန်တော်တို့ကိုအတင်းအကြပ်မပြုဘဲ၊ 27 အသာအကြည်ခေါ်ခဲ့၍ လွှတ်တော်သို့သွင်းကြ၏။ 28 ထိုအခါ ပရောဟိတ်မင်းက ထိုနာမနှင့်ဒေသနာမပေးစေရန် ကြပ်တည်းစွာငါတို့မြစ်တားလျက်ပင်၊ သင်တို့သည်ယေရုရှလင်တစ်မြို့လုံးကိုယ့်ဒေသနာဖြင့် ပြည့်စေပြီတကား၊ ထိုသူ့သွေးသွန်းပြစ်ကိုလည်း ငါတို့အပေါ်၌တည်စေရန် ကြံစည်ကြလေစွဟုဆိုသော်၊ 29 ပေတရုနှင့်တကွတမန်တော်တို့က လူ့စကားထက်ဘုရားသခင့်ဗျာဒိတ်တော်ကို လိုက်နာကြရမည်။ 30 သင်တို့ကားတင်၍ ကွပ်မျက်သောယေရှုကို ငါတို့ဘိုးဘေးများ၏ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူပြီးလျှင်၊ 31 ဣသရေလလူမျိုးအား နောင်တရခွင့်နှင့်အပြစ်ပြေလွတ်ခွင့်ကိုသနားစေရန်၊ မင်းအဖြစ်၊ ကယ်တင်ရှင်အဖြစ်၊ ညာလက်ရုံးတော်ဖြင့်ချီးမြှောက်တော်မူပြီ။ 32 ဤအကြောင်းအရာများကို ငါတို့သက်သေခံကြသည့်ပြင် လိုက်နာသူတို့အား ဘုရားသခင်သနားတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်လည်း သက်သေခံတော်မူသည်ဟု ပြန်ဆိုကြ၏။
33 ထိုစကားကိုကြားသူတို့သည် စိတ်နှလုံးထိခိုက်၍ တမန်တော်တို့ကိုအသေသတ်ရန်ကြံရွယ်ကြရာ၊ 34 ပြည်သူပြည်သားအပေါင်းတို့ရှေ့ ဂုဏ်အသရေရှိကျမ်းဆရာဂါမလျေလခေါ် ဖာရိရှဲတစ်ဦးသည် လွှတ်တော်တွင်ထရပ်၍ တမန်တော်တို့ကိုခေတ္တထုတ်ထားစေရန် အမိန့်ရှိပြီးလျှင်ပြောဆိုသည်မှာ၊ 35 အချင်းဣသရေလအမျိုးသားတို့၊ ဤသူတို့နှင့်စပ်၍ မည်သို့ပြုမည်ကိုသတိမူကြလော့။ 36 လွန်ခဲ့သောကာလတွင် သုဒဆိုသူသည် ကိုယ်ကိုထူးခြားသည်ဟုဂုဏ်တင်လျက်ပေါ်လာရာ လူလေးရာခန့်ပါဝင်သော်လည်း ကိုယ်တိုင်ကွပ်မျက်ခံရ၍ လိုက်နာသူရှိသမျှတို့ ကွဲပြားပျောက်လွင့်ကြ၏။ 37 ထိုသူ့နောက် လူဦးရေစာရင်းယူချိန်တွင် ဂါလိလဲနယ်သားယုဒဆိုသူပေါ်လာပြန်ရာ ပြည်သူပြည်သားအချို့ကိုလိုက်ပါထကြွစေသော်လည်း ကိုယ်တိုင်ပျက်စီး၍ လိုက်နာသူရှိသမျှတို့ကွဲလွင့်ကြ၏။ 38 ထို့ကြောင့်ယခုပြောလိုသည်မှာ ဤသူတို့ကိုအရေးမယူဘဲရှိနေပါစေ။ ဤအကြံအစည်၊ ဤအခြင်းအရာသည် လူမှဖြစ်လျှင်ပျက်ရမည်။ 39 ဘုရားမှဖြစ်လျှင်မူကား ထိုသူတို့ကို သင်တို့မဖျက်နိုင်သည့်ပြင် ဘုရားသခင်ကို တော်လှန်ရာရောက်ကြမည် စိုးရိမ်ရန်ရှိသည်ဟုဆိုသောစကားကို သဘောကျသဖြင့်၊ 40 တမန်တော်တို့ကိုခေါ်ပြီးလျှင် ရိုက်ဒဏ်ခတ်၍ ယေရှု၏နာမတော်နှင့်မဟောမပြောစေရန် မြစ်တားပြီးမှလွှတ်လိုက်ကြ၏။ 41 တမန်တော်တို့လည်း နာမတော်ကြောင့်အသရေပျက်ခြင်းခံခွင့်ရသည့်အတွက် ရွှင်လန်းလျက်၊ 42 လွှတ်တော်မှထွက်သွားပြီးလျှင် ဗိမာန်တော်၌လည်းေကာင်း၊ ကိုယ့်အိမ်၌လည်းေကာင်း၊ ယေရှုသည်ခရစ်တော်မှန်ကြောင်း နေ့စဉ်မပြတ်သွန်သင်ဟောပြောလျက်နေကြ၏။