27
1 ငါတို့ကို ဣတလိပြည်သို့ သင်္ဘောနှင့်ပို့မည်ပြဌာန်းပြီးဖြစ်သည့်အတိုင်း ပေါလုနှင့်အခြားအကျဉ်းသားအချို့ကို ဧကရာဇ်မင်းတပ်တော်ခေါ် ထောင်တပ်တွင်ရာတပ်မှူးယုလိသို့ အပ်လိုက်ရာ၊ အာရှိပြည်ဆိပ်ကမ်းများသို့တိုက်သွားမည့် အာဒြမုတ္တိမြို့သင်္ဘောထက်တက်စေပြီးလျှင် မာကေဒေါနိပြည်၊ သက်သာလောနိတ်မြို့သားအာရိတ္တာခုပါ ငါတို့ထွက်သွားရသော်၊ နောက်နေ့၌ ဇိဒုန်မြို့တွင်ဆိုက်ကြသဖြင့် ယုလိသည်အဆွေခင်ပွန်းတို့ထံသွား၍ အလုပ်အကျွေးခံခွင့်ကို ပေါလုအားကျေးဇူးပြုလေ၏။ ထိုမှထွက်ပြန်သည့်ကာလ လေမသင့်သောကြောင့် ကုပရုကျွန်းတစ်လျှောက်လေခို၍တိုက်သွားရာ၊ ကိလိကိပြည်၊ ပံဖုလိပြည်၊ ပင်လယ်ကိုဖြတ်ကူးမိသော် လုကိပြည်မုရမြို့သို့ဆိုက်ကြ၏။ ထိုမြို့တွင် ဣတလိပြည်သွားအာလေဇန္ဒြိယမြို့ သင်္ဘောတစ်စင်းကိုတပ်မှူးတွေ့၍ တက်စီးစေပြီးလျှင်၊ ရက်ပေါင်းများစွာတဖြည်းဖြည်းတိုက်သွားလျက် ကနိဒ်မြို့ရင်ဆိုင်သို့ခက်ခဲစွာရောက်သော် လေပြင်းတိုက်၍ရှေ့ရှုမသွားနိုင်သောကြောင့် သာလမုန်အငူရင်ဆိုင်က၊ ကရေတေကျွန်းတစ်လျှောက်လေခိုလျက်၊ ခက်ခဲစွာတိုက်သွားရာ လာသဲမြို့အနီးဆိပ်သာခေါ်အရပ်သို့ရောက်ကြ၏။
ကာလရှည်ကြာ၍ အစာရှောင်ခြင်းပွဲချိန်လွန်ပြီးဖြစ်သဖြင့် ပင်လယ်ခရီးဘေးမလွတ်သောကြောင့်၊ 10 ပေါလုကအချင်းတို့၊ ယခုသွားလျှင် သင်္ဘောနှင့်ကုန်များပါပျက်စီးမည်သာမဟုတ်၊ ငါတို့အသက်လည်း ဆုံးပါးလိမ့်မည် ငါမျှော်မြင်သည်ဟု သတိပေးသော်လည်း၊ 11 တပ်မှူးသည် ပေါလုစကားထက် မာလိန်နှင့်သင်္ဘောသူကြီးတို့စကားကို သဘောကျသည့်ပြင်၊ 12 အများကလည်း ဆောင်းခိုရန်ထိုဆိပ်ကမ်းမသာသောကြောင့် အနောက်မြောက်နှင့်အနောက်တောင်သို့ မျက်နှာမူသော ကရေတေကျွန်းရှိဖိနိတ်မြို့ဆိပ်ကမ်းသို့ရောက်နိုင်လျှင် လွှင့်ပြန်၍ ဆောင်းခိုရန် အကြံပေးကြသည့်အလျောက်၊ 13 တောင်လေဖြည်းညှဉ်းစွာတိုက်သည့်ကာလ အကြံမြောက်ပြီဟုထင်မှတ်သဖြင့် ကျောက်ဆူးနုတ်ပြီးလျှင် ကရေတေကျွန်းနားတစ်ေလျှာက် တိုက်သွားကြ၏။ 14 သို့ရာတွင်များမကြာမီ ဥရကုလုန်ခေါ်မုန်တိုင်းဘေးသင့်၍၊ 15 သင်္ဘောကိုတိုက်ဝှေ့သော် မခံနိုင်သဖြင့် လေဆောင်ရာပါသွားရကြ၏။ 16 ကောဒခေါ်ကျွန်းငယ်ကို လေခိုလျက်သွားစဉ် နောက်တွဲသမ္ဗန်ကိုခက်ခဲစွာချည်နှောင်ရ၍ ဆွဲတင်ရာ၊ 17 သင်္ဘောခိုင်ခံ့စေရန် ကျောက်ကြိုးများနှင့်ပတ်စည်းပြီးနောက် သုရတိသောင်ပေါ်တွင် တင်မည်စိုးသောကြောင့် ရွက်မကိုချလျက်တိုက်သွားကြ၏။ 18 နောက်နေ့၌ လှိုင်းတံပိုးပြင်းထန်စွာခတ်သည်နှင့်၊ 19 ကုန်အချို့ကိုပစ်ချပြီးနောက် တတိယနေ့၌ သင်္ဘောကရိယာများကိုပင် ကိုယ့်လက်ဖြင့်ပစ်ချကြ၏။ 20 နေ့ရက်များစွာ နေနှင့်ကြယ်များကိုမမြင်ဘဲရှိနေလျက် လှိုင်းတံပိုးပြင်းထန်စွာခတ်နေသေးစဉ် ငါတို့ဘေးလွတ်မည်ဟူ၍အောက်မေ့ရန် အလျှင်းမရှိချေ။ 21 မစားမသောက်ရဘဲ ကာလရှည်စွာရှိနေကြပြီးမှ ပေါလုသည်အလယ်တွင်ထရပ်လျက် အချင်းတို့၊ သင်တို့သည်ငါ့စကားကိုနာယူ၍ ကရေတေကျွန်းမှမလွှင့်ခဲ့ကြလျှင် ဤသို့ပျက်စီးဆုံးပါးခြင်းမရှိခဲ့လေ။ 22 ယခုမှာမူ အားယူကြစေရန်ငါနှိုးဆော်၏။ သင်တို့အသက်ဆုံးပါးမည်မဟုတ်။ သင်္ဘောသာဆုံးလိမ့်မည်။ 23 လွန်ခဲ့သောညဉ့်တွင်ငါဝတ်ပြုရာ ငါ့အရှင်ဖြစ်တော်မူသော ဘုရားသခင်၏စေတမန်တော်တစ်ပါးသည် ရပ်လာ၍၊ 24 အိုပေါလု၊ မကြောက်နှင့်။ သင်သည်ကဲသာမင်းရှေ့ရပ်တန့်ရမည့်ပြင် သင်္ဘောစီးဖော်ရှိသမျှကိုလည်း သင့်အားဘုရားသခင်သနားတော်မူပြီ ဟု မြွက်ဆို၏။ 25 ထိုကြောင့်အချင်းတို့၊ အားယူကြလော့။ မြွက်ဆိုခဲ့တိုင်းပင်ဖြစ်လိမ့်မည်ဟူ၍ ဘုရားသခင်ကို ငါယုံကြည်သည်။ 26 သို့ရာတွင်ကျွန်းတစ်ကျွန်းပေါ်မှာ တင်ရမည်ဟုဆိုလေ၏။
27 ဆယ့်လေးရက်ညဉ့်ရောက်သော် ငါတို့သည်အာဒြိပင်လယ်တစ်လျှောက်လွင့်လျက်ရှိနေစဉ်၊ သန်းခေါင်အချိန်ခန့် ကမ်းတစ်ရပ်ရပ်သို့ချဉ်းကပ်လုပြီဟု သင်္ဘောသားတို့ထင်မှတ်သဖြင့်၊ 28 ရေစမ်းရာ အလံနှစ်ဆယ်ရှိသည်ကိုတွေ့မြင်ကြ၏။ နောက်မကြာစမ်းပြန်သော်၊ 29 ဆယ့်ငါးလံရှိသောကြောင့် ကျောက်ဆောင်ပေါ်တွင်တင်မည်စိုး၍ ပဲ့ကကျောက်ဆူးလေးလက်ချပြီးလျှင် မိုးအလင်းကိုတောင့်တလျက်နေကြစဉ်၊ 30 သင်္ဘောသားတို့သည်ထွက်ပြေးမည်ကြံစည်လျက် ဦးကကျောက်ဆူးများကို ကူချမည့်အဟန်နှင့် ပင်လယ်ထဲသို့သမ္ဗန်ကိုလျှောချကြသော်၊ 31 တပ်မှူးနှင့်စစ်သည်တို့အား ပေါလုကသင်္ဘောတွင် ထိုသူတို့မနေလျှင် သင်တို့ဘေးလွတ်နိုင်ကြမည်မဟုတ်ဟု ဆိုသည့်အတိုင်း၊ 32 စစ်သည်တို့သည် သမ္ဗန်ကြိုးများကိုဖြတ်ပစ်၍ သမ္ဗန်ကိုကျသွားစေကြ၏။ 33 မိုးမလင်းမီစားသောက်ကြစေရန် ရှိသမျှတို့ကိုတိုက်တွန်းလျက် ပေါလုကသင်တို့သည် အစာမစားဘဲစောင့်ရှောက်ကြသည်မှာ ယခုဆယ့်လေးရက်ရှိပြီ။ 34 ထို့ကြောင့်အသက်ချမ်းသာရစေရန် စားသောက်မည့်အကြောင်းငါနှိုးဆော်၏။ မည်သူ့ဦးဆံတစ်ပင်မျှ ပျက်တော့မည်မဟုတ်ဆိုပြီးလျှင်၊ 35 မုန့်ကိုယူ၍ ရှိသမျှတို့ရှေ့ ဘုရားသခင့်ကျေးဇူးတော်ကိုချီးမွမ်းလျက်ဖဲ့စားစဉ်၊ 36 လူအားလုံးအားတက်၍ စားသောက်ကြ၏။ 37 သင်္ဘောတွင်ပါသူဦးရေကား နှစ်ရာခုနစ်ဆယ့်ခြောက်ယောက်တည်း။ 38 ဝအောင်စားသောက်ကြသည့်နောက် စပါးကုန်များကိုပင်လယ်ထဲသို့ပစ်ချ၍ သင်္ဘောကိုပေါ့စေပြီးမှ 39 မိုးလင်းသော် မည်သည့်ကုန်းမှန်းမသိသော်လည်း သောင်ပေါ်သောပင်လယ်ကွေ့ကိုမြင်​လျက်၊ သင်္ဘောတင်စေရန်ကြိုးစားမည်အကြံနှင့်၊ 40 ကျောက်ဆူးများကို ပင်လယ်ထဲ၌ဖြုတ်ထားခဲ့ပြီးလျှင် တက်မသေကြိုးများကိုဖြည်၍ ဦးဘက်ကရွက်တင်လျက် ထိုသောင်သို့တိုက်သွားကြ၏။ 41 သို့ရာတွင် ဒီဆိုင်ရာရောက်လတ်သော် စည်းပေါ်တွင်သင်္ဘောဦးဆိုက်၍တင်သဖြင့် မလှုပ်မရှားနေရာ ပဲ့ပိုင်းမူကား လှိုင်းခတ်သောကြောင့်ကျိုးပျက်လေ၏။ 42 ထိုအခါ အကျဉ်းသားတို့ကူးပြေးမည်စိုးရိမ်သည့်အတွက် အသေသတ်ရန်စစ်သည်တို့အကြံပေးကြရာ၊ 43 တပ်မှူးသည် ပေါလုကိုကယ်လို၍ ထိုအကြံကိုတားမြစ်ပြီးလျှင် ရေကူးတတ်သူတို့သည်ခုန်ဆင်း၍ ကမ်းသို့ကူးနှင့်စေရန်လည်းေကာင်း၊ 44 ကြွင်းသောသူတို့တွင် အချို့ပျဉ်ပြား၊ အချို့သင်္ဘောစများကိုစီး၍ကူးကြစေရန်လည်းေကာင်း၊ အမိန့်အတိုင်း ရှိသမျှတို့ဘေးလွတ်လျက် ကမ်းသို့ရောက်ကြကုန်၏။