23
ထိုအခါပေါလုသည် လွှတ်တော်အရာရှိတို့ကိုစိုက်ကြည့်လျက် အချင်းညီအစ်ကိုတို့၊ ကျွန်ုပ်သည် ယနေ့တိုင်အောင်ဘုရားသခင်ရှေ့တော်တွင် သြတ္တပ္ပစိတ်ကြည်လင်လျက် ကျင့်ကြံပြုမူရှိနေခဲ့ပြီဟုဆိုရာ၊ နှုတ်ကိုရိုက်စေရန်အခြံအရံတို့အား ပရောဟိတ်မင်းအာနနိအမိန့်ရှိသော်၊ ပေါလုက အချင်းထုံးဖြူသုတ်တံတိုင်း၊ သင့်ကိုဘုရားသခင်ရိုက်တော်မူလိမ့်မည်။ တရားအတိုင်းကျွန်ုပ်ကို စီရင်ဆုံးဖြတ်ရန်ထိုင်နေလျက် တရားနှင့်ဆန့်ကျင်၍ရိုက်စေရန်အမိန့်ရှိရာသလောဟုဆို၏။ ထိုအခါ ခြံရံသူတို့က ဘုရားသခင်၏ပရောဟိတ်မင်းကို သင်ကဲ့ရဲ့ရာသလောဟုပြောဆိုကြလျှင်၊ ပေါလုကညီအစ်ကိုတို့၊ ပရောဟိတ်မင်းဖြစ်ကြောင်းကျွန်ုပ်မသိပါ။ သင့်လူမျိုးအပေါ်တွင်အုပ်စိုးသောမင်းကို မကျိန်ဆဲရဟူသောကျမ်းချက်ရှိသည်ဟု ပြန်ဆိုပြီးနောက်၊ လွှတ်တော်အရာရှိအချို့မှာ ဇဒ္ဒုကဲဂိုဏ်းသား၊ အချို့မှာဖာရိရှဲအဆက်ဂိုဏ်းသားဖြစ်ကြောင်းကိုသိမြင်သော်၊ အချင်းညီအစ်ကိုတို့၊ ကျွန်ုပ်သည်ဖာရိရှဲအဆက်အနွယ်၊ ဖာရိရှဲဖြစ်၏။ ကျွန်ုပ်တို့စောင့်မြော်ရာ သူသေတို့ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့်စပ်၍ ကျွန်ုပ်စီရင်ခံရသည်ဟုဟစ်သော်၊ 7-8 ရှင်ပြန်ထမြောက်ခြင်းမရှိ၊ စေတမန်တော်နှင့်နံဝိညာဉ်မရှိဟု ဇဒ္ဒုကဲတို့ယူရာ၊ ထိုနှစ်မျိုးလုံးရှိကြောင်းဖာရိရှဲတို့ဝန်ခံတတ်သည့်အလျောက် ထိုစကားကြောင့်ဖာရိရှဲတို့တစ်ဘက်၊ ဇဒ္ဒုကဲတို့တစ်ဘက်အငြင်းအခုံဖြစ်ပေါ်၍ အစည်းအဝေးတွင်လည်းကွဲပြားခြင်းရှိ၏။ သို့ဖြစ်၍ကြီးစွာသောဆူညံခြင်းဖြစ်ပွားသဖြင့် ဖာရိရှဲဂိုဏ်းပါကျမ်းတတ်ဆရာအချို့ထပြီးလျှင် ဤသူ၌ ပြစ်မှုကိုငါတို့မတွေ့။ နံဝိညာဉ်ဖြစ်စေ၊ စေတမန်တော်ဖြစ်စေ၊ သူ့အားမြွက်ဆိုခဲ့လျှင် အသို့နည်းဟုဘက်ပြိုင်ပြောဆိုကြ၏။ 10 ထိုသို့ငြင်းခုံခြင်းပွားများသည့်အတွက် ပေါလုကိုအပိုင်းပိုင်းဆွဲဖြတ်ကြမည်စိုးသောကြောင့်ဗိုလ်ချုပ်က ထိုသူတို့အထဲမှနုတ်သိမ်းရန် ဆင်းပြီးလျှင်ခံမြို့ထဲသို့ပြန်သွင်းစေဟု စစ်သည်တို့အားအမိန့်ရှိ၏။
11 ထိုညဉ့်ချင်းပင် အရှင်ဘုရားသည်ထင်ရှားတော်မူ၍ စိတ်ဧလော့။ သင်သည်ငါနှင့်စပ်၍ ယေရုရှလင်မြို့တွင်သက်သေခံပြီးသည့်အတိုင်း ရောမမြို့တွင်လည်းသက်သေခံရဦးမည်ဟု ပေါလုအားမိန့်တော်မူ၏။
12-13 မိုးလင်းသော် ယုဒလူမျိုးတို့အနက် လေးဆယ်ကျော်အသင်းအပင်းဖွဲ့၍ ပေါလုကိုမသတ်ရမချင်း စားသောက်မည်မဟုတ်ဟုကျိန်ဆိုလျက် ဓိဋ္ဌာန်ပြုကြသည့်အတိုင်း၊ 14 ပရောဟိတ်မင်းနှင့်လူကြီးတို့ထံဝင်ပြီးလျှင် ပေါလုကိုမသတ်ရမချင်းသုံးဆောင်ခြင်းအလျှင်းမပြုဟု ကျွန်တော်တို့အခိုင်အမာကျိန်ဆိုကြပါပြီ။ 15 ထိုကြောင့် အရှင်တို့သည်လွှတ်တော်မင်းများပါ ပေါလုအမှုကိုသာ၍သေချာစွာစစ်ဆေးမည့် ဟန်ဆောင်လျက် အရှင်တို့ထံခေါ်ခဲ့စေရန် ဗိုလ်ချုပ်အားမေတ္တာရပ်ပါ၊ ကျွန်တော်တို့မှာပေါလုမရောက်မီ အသေသတ်ရန်အသင့်ရှိကြပါမည်ဟု လျှောက်ဆိုကြ၏။ 16 ထိုသို့ ချောင်းမြောင်းကြမည့်အကြောင်းကိုကြားရသောပေါလု၏တူသည် ခံမြို့ထဲသို့ဝင်ပြီးလျှင်ပေါလုအားပြန်ကြားရာ၊ 17 တပ်မှူးတစ်ယောက်ကိုခေါ်၍ပေါလုက ဤသူငယ်ကိုဗိုလ်ချုပ်ထံခေါ်သွားပါ။ လျှောက်ထားရန်ရှိပါသည်ဟုဆိုသည့်အတိုင်း၊ 18 ခေါ်သွင်းပြီးလျှင် လျှောက်ထားရန်ရှိသောဤလူငယ်ကို ကိုယ်တော့်ထံသွင်းစေရန် အကျဉ်းသားပေါလုသည် ကျွန်တော့်ကိုခေါ်၍တောင်းပန်လိုက်ပါသည်ဟု လျှောက်ထားသည့်ကာလ၊ 19 ဗိုလ်ချုပ်သည် ထိုလူငယ်လက်ကိုဆွဲလျက် အသီးအခြားခေါ်သွားပြီးလျှင် မည်သို့လျှောက်ထားရန် ရှိသနည်းဟုမေးမြန်းရာ၊ 20 ထိုလူငယ်က ပေါလုအမှုအကြောင်းသာ၍သေချာစွာစစ်မေးလိုသည့်ဟန်နှင့် လွှတ်တော်သို့ နက်ဖြန်ခေါ်ခဲ့စေရန် ကိုယ်တော့်ထံတောင်းလျှောက်မည်ဟူ၍ ယုဒလူတို့သဘောတူကြံစည်ကြပါပြီ။ 21 သူတို့တောင်းတိုင်းလိုက်တော်မမူပါနှင့်။ ပေါလုကိုမသတ်ရမချင်း၊ စားသောက်မည်မဟုတ်ဟု ကျိန်ဆိုသူလေးဆယ်ကျော်တို့သည် ချောင်းမြောင်းနေကြပါလိမ့်မည်။ ကိုယ်တော်ခွင့်ပြုမည်ကို မျှော်လင့်လျက်၊ ယခုပင်အသင့်ရှိနေကြပါသည်ဟု ပြန်လျှောက်၏။ 22 ထိုအခါဗိုလ်ချုပ်က ဤသို့လျှောက်ထားကြောင်း မည်သူ့အားမျှမပြောနှင့်ဟုမှာလျက် ထိုလူငယ်ကိုလွှတ်လိုက်ပြီးနောက်၊ 23 တပ်မှူးနှစ်ယောက်ကိုခေါ်၍ ညဉ့်ကိုးနာရီအချိန်တွင်ကဲသရိမြို့ရောက်သွားရန် ခြေသည်သူရဲနှစ်ရာ၊ မြင်းစီးသူရဲခုနစ်ဆယ်၊ လှံကိုင်သူရဲနှစ်ရာတို့ကိုအသင့်ရှိစေဟု မိန့်ဆိုသည့်ပြင်၊ 24 ပေါလုစီးရန်မြင်းများကိုအသင့်ထား၍ ဘုရင်ခံဖေလဇ်မင်းထံလုံခြုံစွာပို့ကြစေရန်စီမံပြီးလျှင်၊ 25-26 အစီရင်ခံစာရေးလိုက်သည်မှာ ကလောဒိလုသိကဘုရင်ခံဖေလဇ်မင်းမြတ်ထံ မေတ္တာကိုရှေ့ထား၍ အစီရင်ခံပါသည်။ 27 ဤသူကို ယုဒလူမျိုးတို့ကိုင်ဖမ်း၍သတ်မည်ပြုကြရာ ရောမဖြစ်ကြောင်းကျွန်တော်ကြားသိသဖြင့် စစ်တပ်နှင့်တကွချီသွားပြီးလျှင်ကယ်နုတ်ခဲ့ပါသည်။ 28 ထိုနောက် သူ့ကိုမည်သို့စွဲဆိုကြကြောင်းသိလို၍ သူတို့လွှတ်တော်သို့ခေါ်သွင်းရာ၊ 29 သေဒဏ်၊ ထောင်ဒဏ်ထိုက်သင့်သောစွဲချက်မဟုတ်၊ ချင်းတို့တရားဆိုင်ရာဆွေးနွေးချက်များအကြောင်း စွဲဆိုကြသည်ကိုတွေ့မြင်ရပါသည်။ 30 ထိုသူ့အသက်အန္တရာယ်ကို ရှာကြံကြကြောင်းကိုလည်း ကြားသိသည့်အလျောက် ဘုရင်ခံမင်းရှေ့လျှောက်လဲကြစေရန် စွဲဆိုသူတို့ကိုဆင့်ဆိုပြီးလျှင် ဤသူ့ကိုချက်ခြင်းပို့လိုက်ပါသည် ဟူ၍တည်း။
31 သို့နှင့်အညီ ခြေသည်သူရဲတို့သည်အမိန့်ရသည့်အတိုင်း ပေါလုကိုခေါ်လျက် အန္တိပတရိမြို့သို့ ညဉ့်ချင်းရောက်ပို့၍၊ 32 နောက်နေ့၌ မြင်းစီးသူရဲတို့ကိုဆက်လက်ပို့စေပြီးလျှင် ခံမြို့သို့ပြန်ကြ၏။ 33 မြင်းစီးသူရဲတို့လည်း ကဲသရိမြို့သို့ရောက်သော် ဘုရင်ခံမင်းလက်သို့စာပေး၍ ပေါလုကိုအပ်ကြ၏။ 34 ထိုစာကိုဖတ်ပြီးလျှင် မည်သည့်စီရင်စုကပေါလုဖြစ်ကြောင်းမေးမြန်း၍ ကိလိကိပြည်ကဖြစ်သည်ကိုသိသည့်ကာလ၊ 35 စွဲဆိုသူတို့ရောက်လာမှ သင့်အမှုကိုငါစစ်ဆေးမည်ဟုဆိုလျက် ပေါလုကိုဟေရုဒ်မင်းနန်းတော်ဟောင်းတွင် အစောင့်အကြပ်နှင့်ထားစေရန် အမိန့်ရှိ၏။