17
1 အံဖိပေါလိမြို့၊ အာပေါလောနိမြို့များကိုေလျှာက်သွားကြပြီးလျှင်၊ ယုဒလူမျိုးတို့၏ဓမ္မာရုံရှိရာ သက်သာလောနိတ်မြို့သို့ ရောက်ကြသော်၊
2 ပေါလုသည်ဓလေ့အတိုင်း ထိုသူတို့ထံဝင်လျက် ဥပုသ်သုံးသိတင်းကျမ်းကိုဆွေးနွေးရာ၊
3 ခရစ်တော်သည် စီရင်ရာခံ၍ သူသေတို့အထဲမှရှင်ပြန်ထမြောက်ရမည့်အကြောင်းနှင့် ငါကြော်ငြာသောယေရှုသည် ခရစ်တော်မှန်ကြောင်း ဖော်ပြဟောပြောသဖြင့်၊
4 အချို့တို့သည်သဘောကျ၍ ပေါလု၊ သိလတို့နှင့်ပေါင်းသင်းကြ၏။ ဘုရားတရားကြည်ညိုသော ဂရိတ်လူမျိုးအမြောက်အမြားနှင့် ထင်ပေါ်သောမိန်းမအများလည်း ပါဝင်ကြ၏။
5 ယုဒလူမျိုးတို့မူကား၊ မရှုစိမ့်သဖြင့်၊ ယုတ်မာသောအရပ်သားအချို့ကိုခေါ်၍ မြို့လုံးကျွတ်စုရုံးထကြွစေပြီးလျှင်၊ ယာသုန့်အိမ်ကိုစီးလျက် ပေါလုနှင့်သိလတို့ကို အစုအရုံးအားထုတ်ပေးခြင်းငှါရှာကြံကြ၏။
6 မတွေ့သော် ယာသုန်နှင့်ညီအစ်ကိုအချို့ကို မြို့အုပ်တို့ရှေ့ဆွဲငင်ပြီးလျှင်၊ တစ်လောကလုံးကို မှောက်လှန်သူတို့သည် ဤမြို့သို့ရောက်လာကြရာ ယာသုန်လက်ခံပါသည်။
7 ထိုသူရှိသမျှတို့က ယေရှုဆိုသောအခြားဧကရာဇ်မင်းတစ်ပါးရှိသည်ဟုဆိုလျက် ကဲသာမင်း၏ ရာဇသတ်နှင့်ဆန့်ကျင်ဘက်ပြုပါသည်ဟု အော်ဟစ်ကြသော်၊
8 လူပရိသတ်နှင့်မြို့အုပ်တို့သည် ထိုအကြောင်းကိုကြား၍ နှလုံးမသာဖြစ်လျက်၊
9 ယာသုန်နှင့်အပေါင်းအပါတို့ထံမှအာမခံယူပြီးလျှင် လွှတ်လိုက်ကြ၏။
10 ထိုညဉ့်ချင်းတွင် ညီအစ်ကိုတို့သည် ပေါလုနှင့်သိလတို့ကို ဗေရိမြို့သို့သွားစေကြသည့်အတိုင်းရောက်သော်၊
11 ယုဒလူမျိုးတို့၏ ဓမ္မာရုံသို့ဝင်ကြ၏။ ထိုသူတို့သည် သက်သာလောနိတ်မြို့နေသူတို့ထက် ယဉ်ကျေးသည့်အလျောက် တရားတော်ကိုစိတ်စေတနာနှင့်ခံယူလျက် ကြားသည့်အတိုင်းမှန်မမှန်သိမြင်ရန်၊
12 နေ့စဉ်ကျမ်းစာကိုစစ်ဆေးသောကြောင့် အများတို့ယုံကြည်ကြ၏။ ဂုဏ်အသရေရှိ ဂရိတ်လူမျိုး မိန်းမယောကျ်ားအများလည်း ယုံကြည်ကြ၏။
13 သို့ရာတွင် သက်သာလောနိတ်မြို့နေယုဒလူမျိုးတို့သည် ဗေရိမြို့တွင်လည်း ဘုရားသခင့်တရားတော်ကိုပေါလုကြော်ငြာကြောင်းကြားသိသော် ထိုမြို့သို့လာ၍ လူပရိသတ်ကို တုန်လှုပ်ထကြွစေကြသည့်ကာလ၊
14 ညီအစ်ကိုတို့သည် သိလနှင့် တိမောသေတို့ကိုနေရစ်စေလျက် ပေါလုကိုပင်လယ်ကမ်းခြေလမ်းအထိ ရုတ်ခြင်းပို့ကြပြီးမှ၊
15 အာသင်မြို့ရောက်လိုက်ပို့သူတို့လည်း သိလနှင့်တိမောသေတို့အမြန်လိုက်လာစေရန် အမိန့်ရ၍ ပြန်သွားကြ၏။
16 ပေါလုသည် အာသင်မြို့တွင် ထိုနှစ်ပါးကိုစောင့်နေစဉ် ရုပ်ပွားများပြားသည်ကိုမြင်သဖြင့် စိတ်မာန်ရှလျက်၊
17 ဓမ္မာရုံတွင် ယုဒလူမျိုးတို့မှစ၍ဘုရားတရားကြည်ညိုသူတို့နှင့်လည်းေကာင်း၊ ရုံးတန်းလျားတွင် နေ့စဉ်တွေ့ကြုံသမျှသောသူတို့နှင့်လည်းေကာင်း ဆွေးနွေးရာ၊
18 ဧပိကုရန်နှင့် သတောအိတ်ခေါ်သင်္ဂြိုဟ်တတ်တို့သည် သူနှင့်ဆိုင်ပြိုင်၍ အချို့က ဤစကားအိုးကား မည်သို့ပြောဆိုလိုသနည်းဟူ၍လည်းေကာင်း၊ ယေရှုအကြောင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း ပေါလုဟောပြောသောကြောင့်၊ အချို့က ထူးခြားသောနတ်များကိုရည်လျက်ဖော်ပြဟန်ရှိသည်ဟူ၍လည်းေကာင်း ပြောဆိုပြီးလျှင်၊
19 ပေါလုကိုအာရေကုန်းခေါ်လွှတ်တော်သို့ဆောင်သွင်း၍ သင်ပြောဆိုရာဤဒေသနာသစ်ကို ငါတို့သိပါရစေ။
20 ထူးခြားသောအကြောင်းသတင်းကို သင်ဆောင်ခဲ့သည်ဖြစ်၍ မည်သို့ဆိုလိုသည်ကို ငါတို့သိလိုပါသည်ဟု ဆိုကြ၏။
21 ထိုသို့ဆိုခြင်းကား အာသင်မြို့သားတို့နှင့်မြို့နေအာဂန္တုတို့သည် အကြောင်းသစ်တစ်ခုခုကို ပြောဆိုကြားနာရန်မှတစ်ပါး ဝါသနာမရှိသောကြောင့်တည်း။
22 သို့ဖြစ်၍ပေါလုသည် လွှတ်တော်အလယ်တွင် ရပ်လျက်ပြောဆိုသည်မှာ အချင်းအာသင်မြို့သားတို့၊ သင်တို့သည် နတ်ဘုရားအထူးကြည်ညိုသူများဖြစ်ကြောင်း အရာရာကိုထောက်၍ငါသိမြင်၏။
23 ငါသည်ရှောက်သွား၍ သင်တို့ကြည်ညိုရာများကိုရှုကြည့်စဉ် ငါတို့မသိသောဘုရားအဖို့ဟူ၍ ကမ္ပည်းထိုးထားသော ပူဇော်ရာပလ္လင်တစ်ခုကိုလည်းတွေ့မြင်၏။ သို့ဖြစ်၍ သင်တို့မသိဘဲကြည်ညိုသော ဘုရားအကြောင်း ငါဖော်ပြ၏။
24 ဤလောကနှင့်ပါရှိသမျှကို ဖန်ဆင်းတော်မူသောဘုရားသခင်သည် မိုးမြေရှင်ဖြစ်၍ လက်လုပ်ဖြစ်သောဗိမာန်များတွင် ကိန်းဝပ်တော်မမူ။
25 လူအပေါင်းတို့အားဇီဝအသက်မှစသော အရာရာကိုသနားတော်မူရင်းအရှင်ဖြစ်သဖြင့်၊ တစ်စုံတစ်ခုကိုလိုလား၍ လူ့လက်မှအထောက်အပံ့ခံတော်မူသည်မဟုတ်။
26 ကိုယ်တော်သည် မြေမျက်နှာပြင်ပေါ်တွင်နေထိုင်ကြစေရန် တစ်ဇာတိတည်းဖြင့် လူအမျိုးမျိုးကိုဖန်ဆင်း၍ ခေတ်ကာလများနှင့်တကွနေပြည်နယ်နိမိတ်များကို စီမံမှတ်သားတော်မူသည်မှာ၊
27 နောက်တော်သို့စမ်းသပ်လိုက်သဖြင့် ရှာဖွေ၍တွေ့ကောင်းတွေ့ကြရစေခြင်းငှါတည်း။ ကိုယ်တော်သည် ငါတို့အသီအသီးထံမှ ဝေးကွာစွာစံနေတော်မူသည်မဟုတ်။
28 ငါတို့လည်း အနွယ်တော်ဖြစ်သည်ဟူ၍ သင်တို့လင်္ကာဆရာအချို့ကပင်ဖွဲ့ဆိုသည်နှင့်အညီ ငါတို့သည် ဘုရားသခင်ကြောင့်အသက်ရှင်လျက်၊ လှုပ်ရှားသွားလာလျက်၊ တည်နေလျက်ရှိကြ၏။
29 ထို့ကြောင့် ဘုရားသခင်၏အနွယ်တော်ဖြစ်ကြသည့်အတိုင်း ဘုရားသခင်သည်လူတို့ကြံဖန်ထုလုပ်သော ရွှေငွေကျောက်ဆင်းတုနှင့်တူသည်ဟု ငါတို့မထင်မမှတ်သင့်။
30-31 အဝိဇ္ဇာခေတ်ကာလများကို ဘုရားသခင်ရှုမှတ်တော်မမူသော်လည်း ယခုခေတ်မှာခန့်ထားတော်မူသောပုဂ္ဂိုလ်အားဖြင့် တစ်လောကလုံးတရားအတိုင်းစီရင်ဆုံးဖြတ်မည့်နေ့ကို ချိန်းချက်တော်မူပြီးသည့်အလျောက် အပြည်ပြည်ရှိလူဟူသမျှတို့အားနောင်တရစေခြင်းငှါ အမိန့်ပညတ်ပေးတော်မူ၏။ ထိုပုဂ္ဂိုလ်ကို သူသေတို့အထဲမှရှင်ပြန်ထမြောက်စေတော်မူသောအားဖြင့် ထိုသို့ဖြစ်မည့်အကြောင်း၊ လူခပ်သိမ်းတို့အားထင်ရှားသိသာစေတော်မူပြီဟုပြောဆို၏။
32 သူသေတို့ရှင်ပြန်ထမြောက်ခြင်းအကြောင်းကြားသော် အချို့သရော်လျက်၊ အချို့က ဤအကြောင်းနှင့်စပ်၍ သင်ဟောရာကိုနောက်တစ်ဖန်နားထောင်ဦးမည်ဟု ဆိုကြသည့်အလျောက် သူတို့အလယ်မှပေါလုထွက်သွား၏။
33 သို့ရာတွင်လူအချို့သည် သူ့ထံဆည်းကပ်၍ ယုံကြည်ရာလွှတ်တော်အရာရှိဒိသြနုသိနှင့် ဒမာရိခေါ်မိန်းမမှစ၍ အခြားသူတို့ပါဝင်ကြ၏။