16
ဒေရဗေမြို့နှင့်လုတ္တရမြို့သို့ ရောက်လေ၏။ လုတ္တရမြို့၌ ယုံကြည်သောယုဒလူမျိုးအမိ၊ ဂရိတ်လူမျိုးအဘရှိသူ လုတ္တရမြို့နှင့်ဣကောနိမြို့နေ ညီအစ်ကိုတို့တွင် အသရေကောင်းသောတိမောသေခေါ် တပည့်တော်တစ်ယောက်ရှိ၏။ ပေါလုသည် ထိုသူကိုလိုက်စေရန်သဘောရှိသဖြင့် အဖဂရိတ်လူမျိုးဖြစ်ကြောင်း၊ ထို့မြို့နေယုဒလူမျိုးအပေါင်းတို့ သိကြသည်ကိုထောက်၍ ခေါ်ပြီးလျှင်လှီးဖြတ်ခြင်းမင်္ဂလာပေးလေ၏။ ထိုနောက် မြို့ရွာများကိုေလျှာက်သွားကြစဉ် ယေရုရှလင်မြို့ရှိတမန်တော်နှင့်ဥက္ကဋ္ဌတို့ ဆုံးဖြတ်သောအချက်ချက်ကို စောင့်ရှောက်ကြစေရန် ပေးအပ်သည့်အတိုင်း၊ အသင်းတော်တို့ သည်ယုံကြည်ခြင်းတရားတော်၌အားပြည့်၍ နေ့စဉ်လူဦးရေတိုးတက်၏။
ဖြုဂိနှင့်ဂလာတိနယ်ကို ေလျှာက်သွားပြီးလျှင် အာရှိပြည်တွင်တရားတော်ကိုမဟောကြစေရန် သန့်ရှင်းသောဝိညာဉ်တော် ကန့်ကွက်တော်မူသည့်အတိုင်း၊ မုသိနယ်အနီးသို့ရောက်သည့်ကာလ ဗိသုနိပြည်ရောက်သွားမည်ပြုကြသော် ယေရှု၏ဝိညာဉ်တော် ခွင့်ပြုတော်မမူသောကြောင့်၊ မုသိနယ်ကိုဖြတ်၍ တရောမြို့သို့ဆင်းသွားကြ၏။ ထိုကာလ ညဉ့်အခါထင်ရှားသောရူပါရုံတွင် မာကေဒေါနိပြည်သားတစ်ယောက်သည်ရပ်လျက်၊ မာကေဒေါနိပြည်သို့ကူးလာ၍ အကျွန်ုပ်တို့ကိုကယ်မပါဟု တောင်းပန်လျက်နေသည်ကို ပေါလုမြင်သော်၊ 10 မာကေဒေါနိပြည်သားတို့အား သတင်းတော်မြတ်ကိုကြားပြောစေရန် ငါတို့ကိုဘုရားသခင်ခေါ်တော်မူပြီဟုသဘောရလျက် ထိုပြည်သို့သွားရန်ချက်ခြင်းကြံစည်ကြ၏။
11 သို့နှင့်အညီ ငါတို့သည်တရောမြို့မှသင်္ဘောစီးလျက် သာမောသရက်ကျွန်းရောက်ရှေ့ရှုလွှင့်ရာ နောက်နေ့ နာပေါလိမြို့သို့ဆိုက်ပြီးလျှင်၊ 12 တစ်ဖန်ထွက်၍ မာကေဒေါနိပြည်တစ်နယ်၊ မြို့ကြီးဖြစ်သောရောမဓလေ့အလိုက် ဖိလိပ္ပိမြို့သို့ရောက်သဖြင့် နေ့ရက်အတန်ကြာနေထိုင်ကြ၏။ 13 ဥပုသ်နေ့ကျရောက်သော် မြို့တံခါးပြင်မြစ်ကမ်းအနီး ငါတို့အမှတ်ပြုခဲ့သောပဌနာဇရပ်သို့ သွားရောက်ထိုင်နေစဉ် စုရုံးလာကြသောမိန်းမတို့အားဟောပြောကြရာ၊ 14 ဘုရားသခင်ကို ကြည်ညိုသောသွာတိရမြို့သူ ကမ္ပလာနီအထည်သည် လုဒိခေါ်မိန်းမတစ်ယောက်သည် ကြားနာ၍ အရှင်ဘုရားပြုပြင်တော်မူသည့်အတိုင်း ပေါလုဟောပြောရာများကိုအလေးဂရုပြုပြီးလျှင်၊ 15 အိမ်သူအိမ်သားတို့ပါ ဗတ္တိဇံမင်္ဂလာခံပြီးနောက် အရှင်ဘုရားကိုမုချယုံကြည်သည်ဟူ၍မှတ်ယူကြလျှင် တပည့်တော်မအိမ်သို့လာရောက်တည်းခိုကြပါဟု အားကြီးစွာပင့်ခေါ်လျက် ငါတို့ကိုနေစေ၏။
16 ဆိုခဲ့သောပဌနာဇရပ်သို့ ငါတို့သွားကြစဉ် မှော်ဟော၍ သခင်ဖြစ်သူတို့အား စီးပွားများစွာဖြစ်ထွန်းစေသော နဂါးနတ်ထိန်းမိန်းမငယ်တစ်ယောက်သည် ငါတို့နှင့်​တွေ့လျှင်၊ 17 ပေါလုနှင့်ငါတို့နောက်ကလိုက်လျက် ဤသူတို့ကား သင်တို့အားကယ်တင်တော်မူရာလမ်းကိုကြော်ငြာ၍ မြင့်မြတ်သောဘုရားသခင်၏ ကျွန်များဖြစ်ကြသည်ဟု ဟစ်ကြော်၏။ 18 ထိုသို့နေ့ရက်များစွာပြုရာ ပေါလုသည်မနှစ်သက်၍လှည့်ပြီးလျှင် ထိုသူမှထွက်လော့၊ ယေရှုခရစ်၏နာမတော်၌ငါအမိန့်ရှိသည်ဟု နတ်အားဆိုလျှင်ဆိုချင်းထွက်ခွာလေ၏။
19 ထိုမိန်းမငယ်၏ သခင်တို့မူကား ေမျှာ်လင့်ရာစီးပွားပျက်ကြောင်းသိမြင်သော် ပေါလုနှင့်သိလကို ဖမ်းဆီးပြီးလျှင် ရုံးထိုင်အရာရှိတို့ရှေ့ဆွဲငင်၍ မြို့ဝန်တို့ထံသွင်းသော်၊ 20-21 ယုဒလူမျိုးဖြစ်သောဤသူတို့သည် ရောမဖြစ်သူကျွန်တော်တို့ မခံယူမလိုက်နာအပ်သောထုံးနည်းများကို ကြော်ငြာလျက် မြို့ကိုဒုက္ခရှာကြပါသည်ဟု စွဲဆိုသည့်အတိုင်း၊ 22 ပေါလုနှင့်သိလတို့တစ်ဘက်၌ လူပရိသတ်လုံးထရပ်ကြရာ မြို့ဝန်တို့သည်သူတို့အဝတ်ကိုချွတ်၍ ကြိမ်ဒဏ်ပေးရန်အမိန့်ရှိလျက်၊ 23 ချက်ရေများစွာရိုက်ခြင်း၊ ထောင်ချခြင်းပြုပြီးနောက် လုံခြုံစွာစောင့်ကြပ်ရန် ထောင်မှူးအားမှာထားကြ၏။ 24 ထောင်မှူးလည်း မှာထားချက်အရ အလုံထောင်၌သွင်းပြီးလျှင်၊ ထိတ်ခတ်၍ထားလေ၏။ 25 သန်းခေါင်ယံတွင် အကျဉ်းသားတို့နားထောင်ကြစဉ် ပေါလုနှင့်သိလတို့သည် ဘုရားသခင့်ထံ ပဌနာပြုလျက် ကျူးဧလျက်နေကြခိုက် ရုတ်တရက်ငလျင်ကြီးလှုပ်သဖြင့်၊ 26 ထောင့်တိုက်မြစ်ပါခါ၍ ချက်ခြင်းတံခါးရှိသမျှပွင့်လျက် လူတိုင်းခြေချင်း လက်ထိတ်ကျွတ်၏။ 27 ထိုအခါ ထောင်မှူးသည်နိုးထ၍ ထောင်တံခါးများပွင့်နေသည်ကိုမြင်လျှင် အကျဉ်းသားတို့ထွက်ပြေးကြသည်ဟု ထင်မှတ်သဖြင့် ဓားကိုချွတ်၍ကိုယ်ကိုသတ်မည်ပြုရာ၊ 28 ပေါလုက ကိုယ်ကိုအန္တရာယ်မရှာနှင့်။ ငါတို့အာလုံးရှိကြသည်ဟု အသံကျယ်စွာဟစ်သဖြင့်၊ 29 ထိုသူသည် မီးခွက်များထွန်းခဲ့ရန်အမိန့်ရှိ၍ ပြေးဝင်ပြီးလျှင် ပေါလုနှင့်သိလတို့ရှေ့ တုန်လှုပ်လျက်ပျပ်ဝပ်၏။ 30 ထိုနောက် သူတို့ကိုထုတ်ဆောင်၍အရှင်တို့၊ ကျွန်တော်သည် ကယ်တင်တော်မူခြင်းသို့ရောက်ရန် မည်သို့ပြုရပါအံ့နည်းဟုမေးလျှောက်သော်၊ 31 အရှင်ယေရှုကို ယုံကြည်လော့။ သို့ပြုလျှင်သင်နှင့်အိမ်သူအိမ်သားတို့ပါ ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလိမ့်မည်ဟု ပြန်ဆိုပြီးနောက်၊ 32 ထောင်မှူးနှင့်အိမ်သူအိမ်သားရှိသမျှတို့အား အရှင်ဘုရား၏တရားတော်ကိုဟောပြောကြ၏။ 33 ထိုညဉ့်အချိန်တွင်ပင်ထောင်မှူးသည် ပေါလုနှင့်သိလတို့ကိုယူဆောင်လျက် ဒဏ်ချက်များကိုဆေးကြောပြီးလျှင် အိမ်သူအိမ်သားရှိသမျှတို့နှင့်တကွ ချက်ချင်းဗတ္တိဇံမင်္ဂလာခံပြီးမှ၊ 34 ဘုရားသခင်ကိုယုံကြည်သဖြင့် တစ်အိမ်ထောင်လုံးရွှင်လန်းကြသည်နှင့် ကိုယ့်အိမ်သို့ပင့်ခေါ်၍ စားဖွယ်သောက်ဖွယ်တည်လေ၏။
35 မိုးလင်းသော် မြို့ဝန်တို့သည်ထိုသူတို့ကိုလွှတ်စေဟု အမှုထမ်းလွှတ်၍ဆင့်ဆိုစေသည့်အတိုင်း၊ 36 ထောင်းမှူးက ဆရာတို့ကိုလွှတ်ရန် မြို့ဝန်တို့ဆင့်ဆိုစေပြီ။ စိတ်ဧစွာထွက်ကြွကြပါဟု ဆိုလျက် သူတို့စကားကို ပြန်ကြားရာ၊ 37 အမှုထမ်းတို့အားပေါလုက ​ေရာမဖြစ်သူငါတို့ကိုစစ်ဆေးစီရင်ခြင်းမပြုဘဲ အများတို့ရှေ့ရိုက်ဒဏ်ပေး၍ထောင်ချပြီးလျှင် ယခုလျှို့တဝှက်လွှတ်လိုက်ကြမည်လော။ ထိုသို့မပြုသင့်။ ကိုယ်တိုင်လာ၍ ခေါ်ကြပါလေစေဟု ပြန်ဆို၏။ 38 ထိုစကားကို အမှုထမ်းတို့ပြန်ကြားကြသော် မြို့ဝန်တို့သည်ရောမဖြစ်ကြောင်းကြား၍ကြောက်ရွံ့သဖြင့်၊ 39 သွားရောက်ဖျောင်းဖျလျက် ထုတ်ဆောင်ပြီးလျှင် မြို့မှထွက်သွားကြစေရန်တောင်းပန်ကြသည့်အတိုင်း၊ 40 ပေါလုနှင့်သိလတို့သည်ထောင်မှထွက်၍ လုဒိအိမ်သို့သွားရောက်သော် ညီအစ်ကိုတို့ကို တွေ့မြင်နှိုးဆော်ပြီးမှထွက်သွားကြ၏။