12
ထိုကာလ ဟေရုဒ်မင်းသည် အသင်းတော်ဝင်သူအချို့ကိုနှိပ်စက်ရန်ဖမ်းဆီးပြီးလျှင်၊ ယောဟန့်အစ်ကိုယာကုပ်ကို ဓားနှင့်ကွပ်မျက်ရာ၊ ယုဒလူမျိုးတို့ နှစ်သက်ကြသည်ကိုမြင်သော် ပေတရုကိုလည်းဖမ်းဆီးလေ၏။ တဆေးမဲ့မုန့်ပွဲအခါဖြစ်သဖြင့် ပသခါပွဲပြီးမှ ပြည်သူပြည်သားတို့အရှေ့ထုတ်မည့်အကြံနှင့်၊ စစ်သည်အစောင့်အကြပ် တစ်ဆယ့်ခြောက်ယောက်တို့လက်သို့ ပေတရုကိုအပ်၍ နှောင်အိမ်ချထားသည့်အတိုင်း၊ အသင်းတော်သည် အကျဉ်းကျလျက်နေသောပေတရုအတွက် ဘုရားသခင့်ထံစိတ်အားကြီးစွာ တောင်းလျှောက်ကြ၏။ ဟေရုဒ်မင်းမထုတ်မီ ညဉ့်အခါရောက်သော် စစ်သည်နှစ်ယောက်ကြားတွင်သံကြိုးနှစ်စင်းနှင့် ချည်နှောင်ထားလျက် ထောင်တံခါးရှေ့အစောင့်အကြပ်များစောင့်ကြပ်လျက် ပေတရုအိပ်နေစဉ်၊ ထာဝရဘုရား၏ စေတမန်တော်တစ်ပါးရပ်လာ၍ နှောင်အိမ့်အတွင်းအလင်းတောက်ပ၏။ စေတမန်တော်သည် ပေတရုနံဘေးကိုပုတ်လျက် အမြန်ထလော့ဟုနှိုးသော်၊ လက်မှသံကြိုးများကျွတ်ကျသည့်ကာလ၊ စေတမန်တော်က ခါးပန်းလျက်ဖိနပ်စီးလော့ဟု မိန့်ဆိုသည့်အတိုင်း ပြုပြီးနောက်ဝတ်လုံရုံ၍လိုက်ခဲ့ဟု ထပ်ဆိုရာ၊ စေတမန်တော့်အပြုအမူမှန်မမှန်မသိဘဲ ရူပါရုံဖြစ်သည်ဟုထင်မြင်လျက် ပေတရုလိုက်၍ထွက်သွားလေ၏။ 10 ကင်းနှစ်တန်လွန်၍ မြို့ဝင်သံတံခါးသို့ရောက်ကြသော် အလိုလိုပွင့်သဖြင့်ဝင်ရာ ကြားလမ်းတစ်လျှောက် လျှောက်ကြပြီးနောက် စေတမန်တော်ချက်ခြင်းကွယ်လေ၏။ 11 သတိရသော် ပေတရုကထာဝရဘုရားသည် ကိုယ်တော့်စေတမန်တော်ကိုလွှတ်၍ ဟေရုဒ်မင်းလက်မှလည်းေကာင်း၊ ယုဒလူမျိုးတို့ေမျှာ်လင့်သမျှသောဘေးမှလည်းေကာင်း၊ ငါ့ကိုကယ်နုတ်တော်မူကြောင်းယခုမုချသိရပြီဟုအောက်မေ့လျက် နားလည်ပြီးလျှင်၊ 12 အများတို့စည်းဝေးတောင်းလျှောက်နေရာ မာကုခေါ်ယောဟန်၏အမိမာရိအိမ်သို့ သွားလေ၏။ 13 ဝင်းတံခါးကိုခေါက်ရာ ရောဒအမည်ရှိသောအစေခံမတစ်ယောက်သည် နားထောင်ရန်သွားသဖြင့်၊ 14 ပေတရုစကားသံကိုသိသည့်ကာလ ဝမ်းမြောက်၍မဖွင့်ဘဲ အမြန်ဝင်လာပြီးလျှင် တံခါးရှေ့တွင် ပေတရုရှိကြောင်းကြားပြော၏။ 15 သင်ရူးပြီဟုဆိုကြသော် သူပြောတိုင်းဟုတ်မှန်ကြောင်းအခိုင်အမာပြန်ဆိုရာ ထိုသူတို့က သူ့ကိုယ်စောင့်နတ်ဖြစ်မည်ဟုဆိုကြပြန်သော်လည်း၊ 16 ပေတရုဆက်လက်ခေါက်နေသဖြင့် ဖွင့်ကြသည့်အခါ သူ့ကိုမြင်၍အံ့သြကြ၏။ 17 ထိုအခါ ပေတရုသည်ဆိတ်ဆိတ်နေကြစေရန် လက်ရိပ်ပြလျက် နှောင်အိမ်ထဲမှထာဝရဘုရားမည်သို့ ထုတ်ဆောင်တော်မူကြောင်းဖော်ပြပြီးလျှင် ဤအကြောင်းအရာများကို ယာကုပ်နှင့် ညီအစ်ကိုတို့အားကြားပြောကြလော့ဟုမှာ၍ အခြားသို့ထွက်သွား၏။ 18 မိုးလင်းလျှင် စစ်သည်တို့သည်ပေတရုမည်သို့ဖြစ်သည်ကိုမသိဘဲ များစွာမငြိမ်မသက်ရှိကြသည့်ပြင်၊ 19 ဟေရုဒ်မင်းလည်း ပေတရုကိုရှာ၍မတွေ့သော် အစောင့်အကြပ်များကိုစစ်မေးပြီးလျှင် အဆုံးစီရင်စေရန်အမိန့်ထုတ်၍ ယုဒနယ်မှကဲသရိမြို့သို့သွားရောက်စံနေ၏။
20 ထိုအခါ မင်းမျက်ခံရသောတုရုနှင့်ဇိဒုန်မြို့သားတို့သည် တစ်ညီတစ်ညွတ်တည်းတိုးဝင်၍ အဆောင်တော်မြဲဗိုလ်ဗလတ္တုကို ဖျောင်းဖျပြီးလျှင် သူတို့မြို့များသည် ဘုရင်၏ပြည်ကို မှီခိုစားသောက်ရသောကြောင့် အမျက်တော်ပြေငြိမ်းရန်တောင်းပန်ကြရာ၊ 21 ချိန်းချက်ထားသောနေ့တစ်နေ့တွင် မင်းမြောက်တန်ဆာဆင်ယင်လျက် ရာဇပလ္လင်ပေါ်မှာ ဟေရုဒ်မင်းထိုင်ပြီးလျှင် ရာဇသံထုတ်ပြန်၏။ 22 ညီလာခံသူတို့က ဤအသံကား လူသံမဟုတ်။ ဘုရားအသံဖြစ်သည်ဟု ကြွေးကြော်ကြသော်၊ 23 ဟေရုဒ်မင်းသည် ဘုရားသခင့်ဘုန်းတော်ကို မထောက်သောကြောင့်ထာဝရဘုရား၏စေတမန်တော်တစ်ပါး ချက်ခြင်းဒဏ်ခတ်သဖြင့် ပိုးစား၍ ကွယ်လွန်လေ၏။
24 ဘုရားသခင်၏တရားတော်မူကား တိုးတက်ထွန်းကားလေသတည်း။
25 ဗာနဗနှင့်ရှောလုတို့သည် ထောက်ပံ့မှုပြုပြီးနောက် မာကုဆိုသူယောဟန်ကိုခေါ်၍ ယေရုရှလင်မြို့မှပြန်သွားကြ၏။