11
ထိုအခါ လူမျိုးခြားတို့လည်း ဘုရားသခင့်တရားတော်ကိုခံယူကြောင်း ယုဒနယ်နေတမန်တော်တို့နှင့် ညီအစ်ကိုတို့ကြားကြသည့်အတိုင်း၊ ယေရုရှလင်မြို့သို့ ပေတရုရောက်သော် လှီးဖြတ်ခြင်းမင်္ဂလာခံသူတို့က၊ လှီးဖြတ်ခြင်းမင်္ဂလာမဲ့သူတို့ထံ သင်ဝင်ပြီးလျှင် အတူစားသောက်ပါသည်တကားဟု ငြင်းခုန်ပြောဆိုကြသည့်ကာလ၊ ပေတရုသည် အစမှချီ၍အစီအစဉ်ပြန်ကြားသည်မှာ၊ ငါသည် ယုပ္ပေမြို့တွင်ပဌနာပြုလျက်နေစဉ် သမ္မာပါတ်ဝင်စားရာ ထောင့်လေးထောင့်ဖြင့် ကောင်းကင်ထဲမှစုကိုင်ချလိုက်သော ရွက်ထည်သဖွယ်အသုံးအဆောင် ငါ့ထံကျလာသည်ကိုရူပါရုံတွင် မြင်ရ၍၊ စိုက်ကြည့်ဆင်ခြင်သော် သားရဲမှစသောခြေလေးချောင်းရှိမြေသတ္တဝါ၊ တွားတတ်သောသတ္တဝါနှင့် လေသတ္တဝါများကိုမြင်၏။ ထိုကာလ အိုပေတရု၊ ထ၍စီရင်သုံးဆောင်လော့ ဟူသောဗျာဒိတ်တော်သံကိုကြားရာ၊ ငါကမသင့်ပါအရှင်ဘုရား၊ မသန့်သောအရာ၊ မစင်ကြယ်သောအရာမည်သည်မျှအကျွန်ုပ်ခံတွင်းသို့ မဝင်ရဘူးပါဟုပြန်လျှောက်သော်၊ ဘုရားသခင်စင်ကြယ်စေပြီးသောအရာကို မသန့်ဟုမမှတ်နှင့်ဟူ၍ ဒုတိယအကြိမ် ကောင်းကင်ထဲမှဗျာဒိတ်တော်သံရောက်လာပြန်၏။ 10 သုံးကြိမ်တိုင်ထိုသို့ပြုပြီးနောက် ရှိသမျှကိုကောင်းကင်ထဲသို့ဆွဲတင်လေ၏။ 11 ထိုခဏချင်းတွင် ကဲသရိမြို့မှငါ့ထံစေလွှတ်လိုက်သူသုံးယောက်သည် ငါတို့တည်းအိမ်ရှေ့တွင်ရပ်နေရာ၊ 12 မျက်နှာမရွေးဘဲ ထိုသူတို့နှင့်လိုက်သွားစေရန် ဝိညာဉ်တော်အမိန့်ရှိသဖြင့် ဤညီအစ်ကိုခြောက်ယောက်ပါ ငါလိုက်သွား၍ ပင့်ခေါ်သူအိမ်သို့ဝင်ရောက်ကြ၏။ 13 ထိုသူကလည်း ကိုယ့်အိမ်တွင်စေတမန်တော်အထင်အရှားရပ်လာ၍ ယုပ္ပေမြို့သို့ လူလွှတ်ပြီးလျှင် ပေတရုဘွဲ့ခံရှိမုန်ကိုပင့်ခေါ်လော့၊ 14 သင်နှင့်တကွအိမ်သူအိမ်သားတို့ပါ ကယ်တင်တော်မူရာရောက်စေမည့်စကားကို ဟောလိမ့်မည်ဟု မြွက်ဆိုကြောင်းပြန်ကြားသဖြင့်၊ 15 ငါဟောပြောစဉ် ငါတို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော် အထက်ကသက်ရောက်သည့်နည်းတူ သူတို့အပေါ်သို့သက်ရောက်တော်မူရာ၊ 16 ယောဟန်သည် ရေနှင့်ဗတ္တိဇံမင်္ဂလာပေးသည်မှန်၏။ သင်တို့မူကား သန့်ရှင်းသောဝိညာဉ်တော်နှင့် ဗတ္တိဇံမင်္ဂလာခံရကြလိမ့်မည်ဟူ၍ အရှင်ဘုရားမိန့်တော်မူချက်ကိုငါသတိရ၏။ 17 သို့ဖြစ်၍အရှင်ယေရှုခရစ်ကို ယုံကြည်သောငါတို့အား ဘုရားသခင်သနားတော်မူသောဆုကျေးဇူးတော်နှင့်ထပ်တူ ထိုသူတို့အားလည်းသနားတော်မူသည်မှန်လျှင် ဘုရားသခင်ကိုကန့်ကွက်နိုင်ခြင်းငှါ ငါကားမည်သူနည်းဟုပြန်ကြားလေ၏။ 18 ထိုအကြောင်းအရာများကိုကြားသော် သူတို့သည်ဝန်ခံ၍ သို့ဖြစ်လျှင်အသက်ရှင်စေရန် နောင်တရခြင်းအခွင့်ကို လူမျိုးခြားတို့အားလည်းဘုရားသခင်သနားတော်မူပြီဟုဆိုလျက် ဘုန်းတော်ကိုချီးမြှောက်ကြ၏။
19 ထိုအခါ သတေဖန်နှင့်စပ်၍ ပေါ်ပေါက်ရသောဒုက္ခကြောင့်ကွဲလွင့်ရသူတို့သည် ဖိနိတ်ပြည်၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့များတိုင်အောင်သွားပြီးလျှင်၊ ယုဒလူမျိုးတို့အားသာ တရားတော်ကိုဟောပြောလျက်နေကြသော်လည်း၊ 20 ပါရှိသော ကုပရုကျွန်းသားနှင့်ကုရေနေမြို့သားအချို့သည် အန္တိအုတ်မြို့သို့ရောက်၍ အရှင်ယေရှု၏ သတင်းတော်မြတ်ကို ဂရိတ်လူမျိုးတို့အားလည်းဟောပြောကြရာ၊ 21 ထိုသူအတို့အပေါ်တွင် အရှင်ဘုရား၏လက်ရုံးတော်တည်နေသဖြင့် လူအမြောက်အမြားယုံကြည်လျက် အရှင်ဘုရားထံလှည့်ဝင်ကြ၏။ 22 ထိုသူတို့အကြောင်း ယေရုရှလင်မြို့ရှိအသင်းတော်ကြားသိသော် ဗာနဗကိုအန္တိအုတ်မြို့သို့ စေလွှတ်ကြသည့်အတိုင်းရောက်လာသော်၊ 23-24 ဘုရားသခင့်ကျေးဇူးတော်ကိုမြင်သည့်ကာလ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းေကာင်း၊ ယုံကြည်ခြင်းနှင့်လည်းေကာင်းပြည့်သောသူတော်ကောင်းဖြစ်သည်နှင့်အညီ အားရဝမ်းမြောက်လျက်၊ အရှင်ဘုရားကိုစိတ်ပါကိုယ်ရောက်ဆည်းကပ်ကြစေရန် ရှိသမျှတို့အားတိုက်တွန်းနှိုးဆော်ကြသည့်အလျောက် အရှင်ဘုရားထံ လူအများထပ်ဝင်ကြ၏။ 25 ထိုနောက်ဗာနဗသည် ရှောလုကိုရှာရန်တာရှုမြို့သို့သွား၍ တွေ့သော်၊ 26 အန္တိအုတ်မြို့ရောက်ခေါ်လာပြီးလျှင် ထိုသူတို့သည် တစ်နှစ်တိုင်တိုင်အသင်းတော်နှင့်စည်းဝေးလျက်၊ များစွာသောသူတို့အားဒေသနာပေးကြ၏။ အန္တိအုတ်မြို့တွင်လည်းခရစ်ယာန်ဟူသောဘွဲ့ကို တပည့်တော်တို့ ဦးစွာခံရကြ၏။
27 ထိုကာလ ယေရုရှလင်မြို့မှအန္တိအုတ်မြို့သို့ရောက်လာကြသော ပရောဖက်တို့အနက်၊ 28 အာဂဗုဆိုသူထလျက် မြေတစ်ပြင်လုံးတွင် ကြီးစွာသောအစာခေါင်းပါးခြင်းကပ် သင့်ရောက်မည့်အကြောင်း ဝိညာဉ်တော်အားဖြင့်ဖော်ပြ၏။ ထိုကပ်ကား၊ ကလောဒိမင်း လက်ထက်သင့်ရောက်သတည်း။ 29 သို့ဖြစ်၍တပည့်တော်တို့သည် ယုဒပြည်ရှိညီအစ်ကိုတို့ထံ အသီးအသီးတတ်အားသရွေ့ အထောက်အပံ့ပို့ရန်ပြဋ္ဌာန်းပြီးလျှင်၊ 30 ဗာနဗနှင့်ရှောလုတို့လက်ဖြင့် ဥက္ကဋ္ဌတို့ထံပို့လိုက်ကြ၏။